/
news/အလှအပနှင့်ကျန်းမာရေး/လည်ပင်းအရေးအကြောင်းတွေအကြောင်း

လည်ပင်းအရေးအကြောင်းတွေအကြောင်း

Category
အလှအပနှင့်ကျန်းမာရေး

    လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံးဆိုပေမယ့် မျက်နှာလေးလှနေပေမယ့် လည်ပင်းအရေးအကြောင်းတွေရှိရင် ကိုယ့်အလှကို မပြည့်စုံစေပါဘူးနော်။ အသက်ကြီးလာပြီလို့ ညွှန်ပြတဲ့အရာတွေထဲမှာ လည်ပင်းအရေးအကြောင်းတွေကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ လူနေမှုပုံစံတွေ ပြောင်းလဲလိုက်ရုံနဲ့ လည်ပင်းအရေးအကြောင်းတွေကို ကာကွယ်နိုင်ပါသတဲ့နော်။
    ဗီတာမင်စီ၊ ရတီနောဗီတာမင်အေ၊ AHA စတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကလည်း အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ရှိပြီးသား အရေးအကြောင်းတွေကိုလည်း ခေတ်သစ်နည်းပညာတွေနဲ့ နာတာ၊ ကျင်တာမရှိဘဲ သက်သာအောင် ပြုလုပ်နိုင်လာပါပြီ။

>>    လည်ပင်းအရေးအကြောင်းတွေ့ ဘာကြောင့်ဖြစ်တာလဲ?
    လည်ပင်းအရေးအကြောင်းတွေဟာ သဘာဝအရ အသက်ကြီးလာလို့၊ နေရောင်ထိတွေ့မှုများလို့၊ ကိုယ်နေဟန်ထားအပြင် ဆေးလိပ်နဲ့အရက်တွေကြောင့် ပေါ်လာတတ်ပါတယ်။
၁။    အသက်အရွယ်
    အသက်ကြီးလာတာနဲ့အမျှ အသားအရေကို တင်းရင်းစေတဲ့ ကော်လဂျင်ဓာတ် ထုတ်လုပ်မှုကျဆင်းလာပါတယ်။ ဒါကြောင့်လည်း တင်းတင်းရင်းရင်း မရှိတော့ဘဲ အရေးအကြောင်းတွေ ပေါ်လာတာပေါ့။

၂။    နေရောင်ထိတွေ့မှု
    နေရောင်နဲ့ထိတွေ့တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိုးဖောက်လာပြီး အရေပြားဆဲလ်တွေကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသားအရည်ဟာ အရွယ်မတိုင်မီမှာပဲ အိုမင်းရင့်ရော်လာတာပေါ့။

၃။    ကိုယ်‌နေဟန်ထား
    ကိုယ်နေဟန်ထားဟာ လည်ပင်းအရေးအကြောင်းပေါ်စေရာမှာ အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ခေါင်းကို တောက်လျှောက် အကြာကြီးငုံ့ထားခြင်းဟာ အရေပြားကို ခွေခေါက်စေနိုင်ပါတယ်။ ဖုန်းအသုံးများတဲ့အခါဖြစ်ဖြစ်၊ အိပ်တဲ့အခါမျိုးမှာဖြစ်ဖြစ် တွေ့ရတတ်ပါတယ်။

>>    ကုသနည်း၊ ကာကွယ်နည်းတွေ
    လည်ပင်းအရေးကြောင်းတွေကို အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးခန်းမှာပဲဖြစ်ဖြစ် ကုသနည်းတွေအများကြီး ရှိပါတယ်။ ဒါ့အပြင် နေရောင်ထိတွေ့မှုနဲ့ အိုမင်းရင့်ရော်မှုတွေကိုလည်း ကာကွယ်လို့ရပါတယ်။

၁။    နေရောင်ကာခရင်မ် အသုံးပြုပါ။
    နေရောင်ကာ အမှတ် ၃ဝ နဲ့အထက်ရှိတဲ့ နေရောင်ကာခရင်မ်ကို ရွေးချယ်အသုံးပြုပေးဖို့ လိုပါတယ်။ တစ်နေကုန် နေရောင်ကာကွယ်နိုင်ဖို့ဆိုရင် နှစ်နာရီခြားတစ်ခါလောက် လိမ်းပေးဖို့လိုပါတယ်တဲ့။

၂။    စောစောစီးစီး ကာကွယ်ပါ။
    နေရောင်ခံခြင်း၊ အိပ်တဲ့အနေအထား၊ စားသောက်ပုံ၊ အလှကုန်ပစ္စည်း အသုံးပြုပုံတွေက အရေပြား အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုရဲ့ ၈၀% လောက်အထိကို အရေးပါတယ်လို့ သိရပါတယ်။ ဘယ်အချိန်ကနေစပြီးပဲ ကာကွယ်ကာကွယ် နောက်မကျဘူးလို့ ထင်ရပေမယ့် စောစောစီးစီး ကာကွယ်တာကတော့ အကောင်းဆုံးပေါ့။

၃။    လည်ပင်းအရေးအကြောင်းတွေအတွက် ကုထုံး
●    ကြေးချွတ်ဆေး
    ကြေးချွတ်ဆေးတွေဟာ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ဝင်းပစေနိုင်ပါတယ်။ မှန်မှန်ကြေးချွတ်ပေးခြင်းဖြင့် ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး အရေပြားကို တင်းရင်းပြည့်ဖြိုးစေနိုင်ပါတယ်။
    Glycolic, citricနဲ့ အသီးအက်ဆစ်ဓာတ်တွေဟာ အရေပြားပေါ်ကဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။ အက်ဆစ်ဆိုတာပါလို့ မသုံးရဲမရှိပါနဲ့။ အရေပြားပေါ်မှာ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

●    အစိုထိန်းခရင်မ်
    မနက်ရောညရော မျက်နှာကိုဆေးကြောပြီးချိန်မှာ အစိုထိန်းခရင်မ်လေးကို မလိမ်းမဖြစ် လိမ်းပေးသင့်ပါတယ်။ အစိုထိန်းခရင်မ်က အသားအရေကို နူးညံ့စေနိုင်ပြီး တစ်နေ့လုံး ရေဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။
    တခြားပါဝင်ပစ္စည်းတွေပေါ်လိုက်ပြီး အရေပြားအိုမင်းရင့်ရော်တာကို တားဆီးပေးတာအပြင် တခြားအကျိုးကျေးဇူးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။
    အရေပြားအိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တဲ့ပါဝင်ပစ္စည်းတွေကတော့ -
    Coenzyme Q10, niacinamide, AHA စတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ခရင်မ်တွေ အတော်များများဟာ အရေပြားအိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။
    Niacinamide ဓာတ်ဟာ ရေဓာတ်ထိန်းသိမ်းပေးပြီး ပရိုတင်းတည်ဆောက်မှုကို အားပေးတာမို့ အရေးကြောင်းမဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ AHA ကတော့ ဆဲလ်အသေတွေကို ဖြိုခွဲပေးပြီး ဆဲလ်အသစ်သစ်တွေ ထွက်ပေါ်လာအောင် အားပေးပါတယ်။
    နောက်ဆုံးအနေနဲ့ CoenzymeQ CoQ10 ဆိုတာဟာ အရေပြားပေါ် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင် အင်တီအောက်စီဒန့်တစ်မျိုးပါ။

●    ဗီတာမင်စီ
    အရေးအကြောင်းတွေကို ပျောက်ကင်းစေဖို့ ဗီတာမင်စီကို ခရင်မ်တွေ၊ နို့ရည်တွေထဲ ထည့်သွင်းထုတ်လုပ်လေ့ ရှိကြပါတယ်။ ဗီတာမင်စီဟာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ဓာတ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။
    နေ့တိုင်းသာ လိမ်းပေးမယ်ဆိုရင် အရေပြားမှာ သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

●    Retinol
    အရေပြားအတွက်ကောင်းတဲ့ နောက်ဗီတာမင်တစ်ခုက retinol လို့ခေါ်တဲ့ ဗီတာမင်အေ ဖြစ်ပါတယ်။ သူဟာလည်း ဗီတာမင်စီလို အလှကုန်မျိုးစုံမှာ ထည့်သွင်းထားသလို ဆဲလ်အသစ် တည်ဆောက်ဖို့ကိုလည်း အားပေးပါသေးတယ်။

●    နေရောင်ကာခရင်မ်
    နေရောင်ရဲ့ဖျက်စီးမှုနဲ့ အရေးအကြောင်းဖြစ်မှုတွေ သက်သာစေဖို့ နေရောင်ကာခရင်မ်ကို နေ့တိုင်းနေ့တိုင်း လိမ်းပေးပါ။
    နေရောင်ကာပစ္စည်းတွေဟာ အောက်ခံမိတ်ကပ်တွေ၊ နို့ရည်တွေမှာ အသင့်အတင့်မျှပါသော်ငြား မျက်နှာပေါ်နေရောင်ကာခရင်မ် သပ်သပ်လိမ်းပေးသင့်ပါတယ်။

>>    နေ့စဉ် အသားအရေထိန်းသိမ်းမှု
    အလှကုန်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ အကောင်းဆုံးရလဒ်ကိုရရှိစေဖို့ ပုံမှန်လုပ်ရိုးလုပ်စဉ် မှန်မှန်လိမ်းပေးဖို့ လိုပါတယ်။
    တစ်နေ့တာကို မျက်နှာသစ်ဆေးပျော့ပျော့နဲ့ စတင်ပြီး နေရောင်ကို ကာကွယ်ပြီး အရေပြားအိုမင်းရင့်ရော်မှုကို တားဆီးတဲ့အပြင် ရေဓာတ်ကို ပြည့်ဝစေတဲ့ အစိုထိန်းခရင်မ် လိမ်းပေးလိုက်ပါ။
    ဒါ့အပြင် ပိုကောင်းတဲ့ရလဒ်ကိုရရှိစေဖို့ ဗီတာမင်စီနဲ့ ရတီနောဗီတာမင်အေခရင်မ်တွေကိုလည်း ထည့်သွင်းလိမ်းပေးနိုင်ပါတယ်။

>>    နောက်ဆုံးမှတ်ထားဖို့က -
    လည်ပင်းအရေးအကြောင်းတွေ မဖြစ်စေဖို့ လူနေမှုပုံစံပြောင်းလဲမှုတွေ ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။
    နေရောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပေးပါ။ အရေပြားအိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ လိမ်းဆေးတွေ လိမ်းပေးတာ၊ လည်ပင်းလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးတာ စတာတွေလည်း လုပ်ပေးသင့်တယ်နော်။ ဆေးလိပ်သောက်တာ၊ အရက်ကို အလွန်အကျွံသောက်တာတွေကို ရှောင်ကြဉ်ပါ။ ရေဓာတ်ပြည့်ဝအောင်နေပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပေးပါ။ ဒါတွေလုပ်ပေးခြင်းဖြင့် အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်မှာပါနော်။
    ရှိပြီးသား အရေးအကြောင်းတွေအတွက်ကတော့ အရေးအကြောင်း ပျောက်စေတဲ့ကုထုံးတွေနဲ့ အလှအပရေးရာဆေးခန်းတွေမှာ ကုစားနိုင်ပါတယ်။ အရေပြားဖြည့်တင်းကုထုံး၊ အာထရာစောင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး စတာတွေ ပြုလုပ်နိုင်ပါတယ်။
    ခွဲစိတ်နည်းကလည်း ကုသနည်းတွေထဲ တစ်ခုအပါအဝင်ပါပဲ။ ခွဲစိတ်တယ်ဆိုရာမှာ အရေးအကြောင်းတွေ ထင်ရှားနေတဲ့နေရာမှာ အရေပြားကို ဆွဲတင်ပေးတာမျိုး ပါပါတယ်။ ဒါပေမဲ့ ဒီကုထုံးတွေကတော့ ငွေကြေးကုန်ကျမှုများပြီး ရိုးရိုးကုထုံးတွေထက် ပိုပြီး အနာကျက်ဖို့ အချိန်ကြာပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)