/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများတွင်ဖြစ်သော-ကြွက်နို့ရောဂါ-0

အမျိုးသားများတွင်ဖြစ်သော ကြွက်နို့ရောဂါ

Category
အမျိုးသားများနှင့်ကျန်းမာရေး

HPV virus (Human Papilloma Virus) ကြောင့်ဖြစ်တဲ့ ကြွက်နို့ရောဂါအကြောင်းဆိုရင် အမျိုးသမီးတွေကို ဦးတည်ပြောတာ များပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်နိုင်ချေများလို့ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဒီဗိုင်းရပ်စ်ပိုးဝင်ရင်လည်း ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ဒီဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းနည်းအောင် ဘယ်လိုလုပ်နိုင်လဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။
ဒီဗိုင်းရပ်စ်ပိုးက အမျိုးသားတွေမှာ မျိုးပွားအင်္ဂါကင်ဆာ (ဖြစ်ခဲသောကင်ဆာ) နဲ့ အမျိုးသမီးတွေမှာလိုပဲ အမျိုးသားတွေကိုပါ ကြွက်နို့ဖြစ်စေပါတယ်။

>>  အမျိုးသားများတွင် HPV ဗိုင်းရပ်စ်ပိုး ဝင်ရောက်နိုင်သောအချက်များမှာ -
●  HPV ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း 30 ကျော်လောက်က မျိုးပွားကင်ဆာတွေနဲ့ ဆက်စပ်မှုရှိပြီး အမျိုးသားစအိုနဲ့ လိင်တံကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီကင်ဆာနှစ်မျိုးလုံးက အထူးသဖြင့် ကိုယ်ခံအားကောင်းတဲ့အမျိုးသားတွေမှာ ဖြစ်ပါတယ်။
●  လိင်မှုကိစ္စမှာ တက်ကြွတဲ့ မိန်းမစိတ်ရှိတဲ့ အမျိုးသားတွေ (Active Gay) နဲ့ အမျိုးသမီးကော အမျိုးသားနဲ့ပါ ဆက်ဆံတတ်သူတွေ (Bisexual Men) မှာ ပုံမှန်အမျိုးသားတွေထက် စအိုကင်ဆာဖြစ်နိုင်ချေ 17 ဆ ပိုများပါတယ်။ HIV ရောဂါပိုးရှိတဲ့ အမျိုးသားတွေမှာလည်း ဒီကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
●  HPV ဗိုင်းရပ်စ်အခြားအမျိုးအစားတွေက ကင်ဆာဖြစ်ခဲပြီးတော့ မျိုးပွားအင်္ဂါမှာ ကြွက်နို့တွေပေါက်တတ်ပါတယ်။

>>  ရောဂါလက္ခဏာများ
ကင်ဆာဖြစ်စေတဲ့ HPV အမျိုးအစားတွေက အမျိုးသား၊ အမျိုးသမီးတွေမှာ ရောဂါလက္ခဏာ ဖြစ်လေ့မရှိပါဘူး။ ကင်ဆာမဖြစ်စေဘဲ ကြွက်နို့ပဲပေါက်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေမှာတော့ ပထမဆုံးပြတဲ့ ရောဂါလက္ခဏာက မျိုးပွားအင်္ဂါမှာ ကြွက်နို့ပေါက်ခြင်း ဖြစ်ပါတယ်။

>>  စစ်ဆေးမှုများ
ရောဂါသတ်မှတ်နိုင်ဖို့အတွက် မျိုးပွားအင်္ဂါနေရာကို ကြွက်နို့ ရှိ/မရှိ ကြည့်ပါလိမ့်မယ်။
အမျိုးသားတွေမှာ ကင်ဆာဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ပုံမှန်အတိုင်းစစ်ဆေးနေတဲ့ စမ်းသပ်မှုမရှိပါဘူး။ ဒါပေမဲ့ HPV ကြောင့် ကင်ဆာဖြစ်နိုင်ချေများတဲ့ Active Gay တွေနဲ့ Bisexual Men တွေမှာတော့ Pap test နဲ့ စစ်ဆေးနိုင်ပါတယ်။ Pap test ဆိုတာကတော့ ဆရာဝန်က စအိုက ဆဲလ်တွေကိုယူပြီးတော့ ပုံမှန်ဟုတ်/မဟုတ် ဓာတ်ခွဲခန်းမှာ စစ်ဆေးခြင်း ဖြစ်ပါတယ်။

>>  ကုထုံးများ
ရောဂါလက္ခဏာမပြတဲ့သူတွေအတွက် ကုသဖို့ မလိုပါဘူး။
HPV ကြောင့်ဖြစ်တဲ့ အခြားကျန်းမာရေးပြဿနာတွေကိုပဲ ကုသပါတယ်။ မျိုးပွားအင်္ဂါမှာ ကြွက်နို့်တွေ ပေါက်လာရင်ကော ကုထုံးအမျိုးမျိုး ရှိပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့လိမ်းဆေးတွေကို အိမ်မှာ လိမ်းနိုင်ပါတယ်။ (သို့) ဆရာဝန်က ကြွက်နို့်တွေကို ခွဲစိတ်ပြီးတော့ (သို့) အေးခဲစေပြီးတော့ ဖယ်ရှားပါလိမ့်မယ်။

>>  အမျိုးသားများတွက် HPV ကာကွယ်ဆေး
2006 ခုနှစ်မှာ အမျိုးသမီးတွေအတွက် ထောက်ခံမှုပေးလိုက်တဲ့ Human HPV Varius Gardasil ဆိုတဲ့ ကာကွယ်ဆေးကို 2009 ခုနှစ်မှာ အမျိုးသားတွေမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒီကာကွယ်ဆေးက အသက် 9 နှစ်မှ 26 နှစ်ရှိ အမျိုးသားတွေမှာ HPV 6 နဲ့ HPV 11 ကြောင့်ဖြစ်တဲ့ မျိုးပွားအင်္ဂါကြွက်နို့တွေကို ကာကွယ်နိုင်ပါတယ်။ 2010 နောက်ပိုင်းမှာ ဒီကာကွယ်ဆေးကို စအိုကင်ဆာ ကာကွယ်နိုင်တယ်လို့ အသိအမှတ်ပြုလိုက်ပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်းကပဲ အစားအသောက်နှင့်ဆေးဝါးအသင်းက Gardasil 9 ဆိုတဲ့ ကာကွယ်ဆေးကို အတည်ပြုလိုက်ပါတယ်။ ဒီကာကွယ်ဆေးက HPV 6 နဲ့ HPV 11 တွေအပြင် HPV 31, HPV 33, HPV 45, HPV 52 နဲ့ HPV 58 တွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒီပိုးအမျိုးအစားတွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်မှုနဲ့ 90% သက်ဆိုင်ပါတယ်။ ဒီကာကွယ်ဆေးကိုတော့ အသက် 9 နှစ်မှ 15 နှစ်အမျိုးသားတွေမှာ အသုံးပြုနိုင်တယ်လို့ အတည်ပြုထားပါတယ်။

>>  လိင်ဆက်ဆံဘက်တွေမှာကော ဒီ HPV ပိုးကို ဘယ်လိုထိန်းချုပ်နိုင်ပါသလဲ
အချိန်ကာလ တော်တော်ကြာကြာ လိင်ဆက်ဆံခဲ့တဲ့သူမှာ HPV ပိုးရှိရင်တော့ သူရဲ့လိင်ဆက်ဆံဖက်မှာလည်း ပိုးကူးပြီးသားဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးလွယ်ကူစွာ HPV ပိုးကင်းစင်နိုင်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေမှာ ဒီပိုးက 2 နှစ်လောက်ကြာမှ လုံးဝပျောက်သွားနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ပိုးက ဒီပိုးရှိတဲ့အမျိုးသမီးနဲ့ လိင်ဆက်ဆံတဲ့အမျိုးသားကို ကျန်းမာရေးပြဿနာတွေ ဖစ်စေပါဘူး။ လိင်ဆက်ဆံဖက်တစ်ယောက်မှာ HPV ပိုးရှိတာနဲ့သူက အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံထားတာ မကြာသေးဘူးလို့ မဆိုလိုပါဘူး။ ဒီပိုးက ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်မှာ နှစ်အတော်ကြာ ခိုအောင်းနေတတ်ပါတယ်။

>>  HPV ပိုး မပျံ့နှံ့အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ
လိင်ဆက်ဆံမှုမပြုခြင်းကတော့ HPV ပိုးမကူးအောင် ကာကွယ်နိုင်တဲ့ အသေချာဆုံးနည်းလမ်းပါပဲ။ HPV ပိုးမရှိတဲ့ ဆက်ဆံဖက်တစ်ဦးတည်းနဲ့ပဲ လိင်ဆက်ဆံတဲ့သူနဲ့ပဲ လိင်ဆက်ဆံမယ်ဆိုရင် ကူးစက်နိုင်ချေ လျော့နည်းပါတယ်။

HPV ကူးစက်မှုလျော့နည်းစေတဲ့နည်းလမ်းတွေကတော့ -
●  လိင်ဆက်ဆံဖက် အရေအတွက်ကို ကန့်သတ်ထားခြင်း
●  အရင်က လိင်ဆက်ဆံမှုမရှိသူ (သို့) လိင်ဆက်ဆံမှုနည်းသူနှင့်သာ အတူနေခြင်း
●  ကွန်ဒုံးအသုံးပြုခြင်းတို့ ဖြစ်ကြပါတယ်။
HPV ပိုးက အရေပြားချင်း ထိတွေ့ရင်ကူးစက်နိုင်တဲ့အတွက် ဒီနည်းလမ်းတွေက 100% တော့ မကာကွယ်နိုင်ပါဘူး။ ကွန်ဒုံးဖုံးအုပ်ထားခြင်းမရှိတဲ့နေရာတွေမှာ ပိုကူးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)