/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတွေ-အရိုးပွရောဂါ-မဖြစ်အောင်-ဘယ်လိုကာကွယ်ကြမလဲ

အမျိုးသားတွေ အရိုးပွရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

Category
အမျိုးသားများနှင့်ကျန်းမာရေး

အရိုးပွရောဂါဆိုတာ အမျိုးသမီးတွေ အသက်အရွယ်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ရောဂါဖြစ်ပြီး အရိုးတွေကို အားနည်းစေပါတယ်။ အရိုးကျိုးလွယ်စေတဲ့ ရောဂါတစ်ခုလို့ပဲ လူအများစုက သိထားကြပါတယ်။ တကယ်တော့ အရိုးပါးရောဂါဆိုတာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ The National Osteoporosis Foundation အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ အမျိုးသား ၂.၈ သန်းခန့်ဟာ အရိုးပွရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။ အသက် ၅၀ ကျော်ပြီးတဲ့ အမျိုးသား ၆ ရာခိုင်နှုန်းလောက်ဟာ အရိုးပွရောဂါကြောင့် တင်ပဆုံရိုးကျိုးခြင်းကို ခံစားနေရပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ အရိုးပွရောဂါကြောင့် ကျောရိုးထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ကျော၊ လည်ပင်း စတဲ့နေရာတွေမှာ နာကျင်မှုကို ကာလရှည်စွာ ခံစားရနိုင်ပါတယ်။

ဒါကြောင့် အရိုးပွရောဂါဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တဲ့ရောဂါ လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ အရိုးပွရောဂါ ဖြစ်တာချင်းတူတူ အမျိုးသားနဲ့ အမျိုးသမီးမှာ ကွာခြားချက်တွေ ရှိနေပါသေးတယ်။ အမျိုးသားတွေမှာ အရိုးဆုံးရှုံးမှု၊ ပျက်စီးမှုနှုန်းတွေက အမျိုးသမီးတွေလောက် မမြန်ဆန်ပါဘူး။ အမျိုးသမီးတွေမှာ သွေးဆုံးချိန်ပြီးသွားတဲ့နောက် အရိုးပျက်စီးမှုနှုန်းဟာ မြန်ဆန်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက်ရဲ့ အရိုးပျက်စီးမှုနှုန်းဟာ အသက် ၆၅ ၊ ၇၀ လောက်ရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ အရိုးပျက်စီးနှုန်းနဲ့ ညီတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေမှာ အရိုးပျက်စီးမှုတွေဟာ အသက် ၅၀ ကျော်လောက်မှ စဖြစ်ပြီး ဖြစ်တဲ့နှုန်းကလည်း အမျိုးသမီးတွေထက် နှေးပါတယ်။

ဒါပေမဲ့ အရိုးပွရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အများကြီး ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ သတိထားသင့်ပါတယ်။ ဥပမာ အရပ် ၆ ပေလောက်ရှိတဲ့ လူတစ်ယောက်ဟာ ချော်လဲတာဖြစ်စေ၊ မတော်တဆ တစ်ခုခုကြောင့် ဒါမှမဟုတ် ဘာမှမဖြစ်ဘဲ အရပ်က ၁ လက်မခွဲလောက် နိမ့်သွားတယ်ဆိုရင် မပေါ့ဆသင့်ပါဘူး။ ဒါဟာ အရိုးပွရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့ သူတွေမှာဆိုရင် အရိုးတစ်ချောင်းကျိုးသွားတဲ့အခါ ခန္ဓာကိုယ်က အလွယ်တကူ ပြန်လည်မတည်ဆောက်နိုင်ပါဘူး။ အရိုးဆုံးရှုံးမှုများလာတဲ့အခါ တခြားအရိုးတွေပါ ပိုပြီး ကျိုးလွယ်လာတတ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ အရိုးပွရောဂါကြောင့် အရိုးကျိုးခြင်းဖြစ်လေ့ရှိတဲ့ နေရာတွေကတော့ တင်ပဆုံရိုး၊ ကျောရိုး၊ လက်ကောက်ဝတ်ရိုး စတဲ့နေရာတွေဖြစ်ပြီးတော့ ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ချေ အလွန်နည်းပါတယ်။ အရိုးပွရောဂါကြောင့် တင်ပဆုံရိုးကျိုးတဲ့ အမျိုးသားတွေမှာ အရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို အမျိုးသမီးတွေထက် ပိုခံစားရတတ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေ အရိုးပွရောဂါကြောင့် အရိုးကျိုးတဲ့အခါ တစ်သက်လုံး ပုံမှန်ပြန်မဖြစ်နိုင်ချေလည်း အလွန်များပါတယ်။ အမျိုးသားတွေမှာ အရိုးပွရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ဒီအကြောင်းအရင်းတွေကို သိထားခြင်းအားဖြင့် အရိုးပါးရောဂါဖြစ်နိုင်ချေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။

» အရိုးပွရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့
● အရိုးသိပ်သည်းမှုကို ထိခိုက်စေသော ဆေးများကို ရေရှည်သောက်သုံးရခြင်း (ဥပမာ စတီးရွိုက်ဆေးများ၊ အတက်ကျဆေး၊ ကင်ဆာဆေးများ၊ အလူမီနီယမ် ပါဝင်သော အစာအိမ်ဆေးများ စသည်)
● အရိုးသိပ်သည်းမှုကို ထိခိုက်စေနိုင်သော နာတာရှည်ရောဂါများ ခံစားနေရခြင်း (ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ပါရာသိုင်းရွိုက်ရောဂါ၊ အစာစုပ်ယူမှု အားနည်းခြင်းနှင့် တခြားသော အစာခြေစနစ်ပြဿနာများ စသည်)
● ဗီတာမင် D ချို့တဲ့ခြင်း စတဲ့ အခြေအနေတွေဟာ အမျိုးသားတွေမှာ အရိုးပါးရောဂါကို ပိုဖြစ်စေနိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

အမျိုးသားရော အမျိုးသမီးတွေကိုပါ အရိုးပါးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အရိုးပါးရောဂါ မျိုးရိုးရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊ ကယ်လ်ဆီယမ် စားသုံးမှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသားတွေမှာ အရိုးပွရောဂါကို ပိုဖြစ်စေနိုင်တဲ့ ရောဂါတွေလည်း ရှိနေပါသေးတယ်။
● အူလမ်းကြောင်းရောဂါ
● ပရောစတိတ်ကင်ဆာ(Prostate Cancer)
● Hypogonadism
● Hyperparathyroidism (သိုင်းရွိုက်ဟော်မုန်း များသောရောဂါ) စတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

အရိုးပွရောဂါကို ကာကွယ်နိုင်ဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ ရောဂါတွေမဖြစ်အောင် ဆင်ခြင်နေထိုင်ရမယ့်အပြင် ကယ်လ်ဆီယမ်ကိုလည်း လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ လူတစ်ဦးကို တစ်နေ့လျှင် ကယ်လ်ဆီယမ် ၁၂၀၀ ကနေ ၁၅၀၀ မီလီဂရမ်ထိ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီလို လုံလောက်ဖို့ဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါတွေကို မစားတဲ့သူတွေဆိုရင်တော့ အစိမ်းရောင်အသီးအရွက်တွေကလည်း ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့အတွက် ပုံမှန်စားသောက်ပေးဖို့ လိုအပ်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)