/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားကင်ဆာမဖြစ်အောင်-တားဆီးပေးနိုင်မယ့်-နည်းလမ်းများ

ရင်သားကင်ဆာမဖြစ်အောင် တားဆီးပေးနိုင်မယ့် နည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

(၁)  မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ထားသူ ရှိ၊ မရှိ သိထားဖို့လိုပါတယ်။
မိသားစုတွင် ရင်သားကင်ဆာဖြစ်သူရှိဖူးပါက မိမိမှာလည်း ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ မျိုးရိုးရှိသူများအနေနှင့် ဆရာဝန်နှင့်တိုင်ပင်ပြီး ကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၂) လစဉ်  မိမိဘာသာ စမ်းသပ်စစ်ဆေးပါ။
မိမိရင်သားကို လက်ဖြင့် လစဉ်လိုလို ကိုင်တွယ်စစ်ဆေးသင့်ပါတယ်။ ရင်သားမှာ အလုံးစမ်းမိသူများ အနေနှင့်လည်း ပုံမှန်စမ်းသပ်ပြီး ထိုအလုံးအရွယ်ကြီးလာခြင်း၊ နေရာရွေ့ခြင်း၊ ရင်သားပုံစံနှင့် အရွယ်ပြောင်းခြင်း၊ အရေပြားချိုင့်ခြင်းတို့ ရှိ၊ မရှိ စောင့်ကြည့်သင့်ပါတယ်။

(၃)  ရင်သားဓာတ်မှန်ရိုက်ပါ။
အသက် ၄၀ မတိုင်မီ ရင်သားဓာတ်မှန်ရိုက်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၄)  ကိုယ်အလေးချိန်ကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းပါ။
အီစတိုဂျင်ဟိုမုန်းကို အဆီတွင် သိုလှောင်တဲ့အတွက် အဝလွန်သူများဟာ ဟိုမုန်းများပြားပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေလည်း မြင့်တက်လာပါတယ်။
အထူးသဖြင့် သွေးဆုံးပြီးသူ အမျိုးသမီးများအနေနှင့် အဝလွန်သူ သို့မဟုတ် ဝဖြိုးသူဖြစ်ပါက ပိန်သူများထက်စာရင် ရင်သားကင်ဆာဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

(၅)  လေ့ကျင့်ခန်း ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အင်ဆူလင်နှင့် လက်ပ်တင်ဟိုမုန်းများကို လျှော့ချပေးပြီး အီစတိုဂျင်ဟိုမုန်းကိုပါ ကျစေပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

(၆)  ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပါ။
အဆီများသောအစားအစာများ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသောအစာများ၊ အသင့်စားအစာများ၊ ဓာတုပစ္စည်းများပါဝင်သော အစာများကို ရှောင်ကြဉ်ပြီး ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ၊ ပဲအမျိုးမျိုးနှင့် အသားဓာတ်ပြည့်ဝသော အစားအစာများကို နေ့စဉ်စားပေးပါ။

(၇)  အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
အရက်သောက်ခြင်းက အီစတိုဂျင်ဟိုမုန်းကို မြင့်တက်စေပြီး ကိုယ်အလေးချိန်ကိုပါ တိုးစေပါတယ်။ အရက်သောက်ခြင်းကြောင့် ရင်သားကင်ဆာအပြင် အခြားသောရောဂါများကိုပါ ဖြစ်စေနိုင်ပါတယ်။

(၈) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ် အလွန်အကျွံသောက်သူများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ မိမိ မသောက်သော်လည်း ဆေးလိပ်သောက်သူနှင့် ထိတွေ့မှုများသူတွေမှာလည်း အလားတူ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၉)  ကလေး စောစောယူပါ၊ ကလေးကို မိခင်နို့တိုက်ပါ။
ကလေး စောစောယူခြင်းဟာ ရင်သားကင်ဆာဖြစ်နှုန်းကို ကျဆင်းစေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အသက် ၂၀ ကျော်မှာ ကလေးမွေးသူတွေဟာ အသက် ၃၀ ကျော်မှ ကလေးမွေးသူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နှုန်း နည်းပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးမွေးပြီးနောက် ရာသီပေါ်ခြင်းကို နောက်ကျစေတာမို့ အီစတိုဂျင်ဟိုမုန်းတွေနှင့် ထိတွေ့မှုကို လျှော့ချပေးပါတယ်။

(၁၀)  ကိုယ်ဝန်တားဆေးများကို အလွန်အကျွံ မသောက်သုံးသင့်ပါ။
တားဆေးကတ်များကို ကြာရှည်စွဲသောက်သူများအနေနှင့် မသောက်သူတွေထက် ရင်သားကင်ဆာဖြစ်နှုန်း မြင့်မားပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)