/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/herbal-ဆိုရင်-အန္တရာယ်မရှိဘူးလား

HERBAL ဆိုရင် အန္တရာယ်မရှိဘူးလား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးဌေးအောင်

        ဒီနေ့ခေတ်မှာ ကျန်းမာရေး အသိအမြင်တွေ တိုးလာတာနဲ့အမျှ ခေတ်စားလာတဲ့ စကားလုံးအသုံးအနှုန်းတစ်ခုက သဘာ၀ဆေးဖက်၀င်ပစ္စည်း (Herbal) ဆိုတဲ့ အသုံးနှုန်းပါပဲ။ Herbal ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ မိတ်ကပ် ဆိုပြီး နေရာတိုင်းမှာ တွေ့နေရ၊ မြင်နေရပါတယ်။ သဘာ၀ဆေးဖက်၀င် သစ်ဥ၊ သစ်ဖုတွေ၊ အရွက်တွေ၊ အသီးအနှံ၊ အမြစ် တွေကနေ ထုတ်လုပ်ထားတာမို့ အန္တရာယ်ကင်းပါတယ်ဆိုပြီး ကြော်ငြာ ထားတတ်တာကို တွေ့ရပါတယ်။ တကယ်ရော အန္တရာယ်ကင်းရဲ့လားဆိုတာကို စဉ်းစားကြည့်ကြရအောင်ပါ။

           Herbal ထွက်ကုန်တွေ အများကြီးရှိပေမယ့် ပိုပြီးသိဖို့ကောင်းမယ်၊ အန္တရာယ်ရှိခဲ့ရင်လည်း လူတွေအတွက်ပိုပြီးဒုက္ခ ပေးနိုင်မယ့် Herbal ဆေးဝါးတချို့ကိုပဲ အဓိကထားဆွေးနွေးသွားပါရေစေ။

           တစ်လောက ဆရာတော်ဘုရားကြီးတစ်ပါးဆီရောက်ဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးက ရောဂါေ၀ဒနာ တစ်ခုခံစားခဲ့ရတုန်းက  ဆရာ၀န်ကြီးတစ်ယောက်ညွှန်းတာနဲ့ အိပ်ဆေးတစ်မျိုးကိုသုံးခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်သုံးနေရင်းနဲ့ ဆေးမသောက်ရင် အိပ်မရဘူးဆိုပြီးဖြစ်နေတယ်။ အဲဒီဆေးတွေသောက်ပြီး နောက်ပိုင်း ပိုပြီးမေ့တတ်လျော့တတ်လာတာကိုလည်း သတိထားမိလာတယ်။ အဲဒါတွေကြောင့် အိပ်ဆေးကို ဖြတ်ချင်တယ်။ ဖြတ်ဖို့လည်း ကြိုးစားပြီးပြီ။ မအောင်မြင်တာနဲ့ ဆရာတော်ရဲ့ ဒါယကာရင်းတွေက အကူအညီတောင်းလို့ လိုက်ကြည့်ဖြစ်တာပါ။

           တကယ်တမ်း ဂဃနဏ မေးကြည့်တော့သောက်နေတဲ့ ပမာဏက နည်းနည်းလေးပါ။ တစ်နေ့မှ တစ်ခြမ်းတည်းပါ။ သောက်နေတာက 2 နှစ်ကျော်နေပြီဆိုတော့ တစ်လလောက်အချိန်ယူပြီး တဖြည်းဖြည်းချင်း လျှော့ဖြတ်ဖို့ တင်လျှောက်ခဲ့ပါ တယ်။ တစ်ခြမ်းကနေ တစ်စိတ်လျှော့သောက်ကြည့်ပြီးပြီ။ မရဘူးပေါ့။ တစ်ခြမ်းကနေ တစ်စိတ်လျှော့သောက်လာတာဟာ 2 နှစ် လောက်နေ့တိုင်းသောက်နေခဲ့သူ တစ်ယောက်အတွက် တဖြည်းဖြည်းချင်းလျှော့တာ မဟုတ်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေမှာ ပိုပြီးသိသာပါတယ်။ ဒီတော့ 1/2 (0.5) ကနေ 0.45၊ 0.3၊ 0.35၊ 0.3၊ 0.25၊ 0.2၊ 0.15၊ 0.1 ဆိုပြီး လျှော့မှန်းမသိ 10 ဆင့်လောက် လျှော့လျှော့ပြီးတိုက်မယ်၊ တစ်ဆင့်ချင်းမှာလည်း 3 ရက် လောက်စီကြာမှ နောက်တစ်ဆင့် ကူးမယ်ဆိုရင် အဆင်ပြေနိုင်လောက်ပါတယ်ဆိုပြီး တင်လျှောက်ခဲ့ပါတယ်။ ဒီနေရာမှာ ပြဿနာက ဆေးနည်းနည်းလေးကိုအဲဒီလောက်ထိ နည်းနည်းချင်းလျှော့ဖို့၊ ဆေးပြားကို ခွဲစိတ်ဖို့ အခက်အခဲရှိနေတတ်တာပါ။ ပြဿနာရှိရင် အဖြေရှိပါတယ်။ ဆေးတစ်ခြမ်းကို ဂလူးကို့စ် အမှုန့်တစ်ဇွန်းနဲ့ သမအောင်ရော၊ ဆယ်ပုံပုံပြီး တစ်ပုံဖယ်ထားလိုက်ရင် 0.45 ရပါပြီ၊ နှစ်ပုံဖယ်ပြီးတိုက်ရင် 0.4 ပေါ့။ ဒီလိုပဲ အဆင့်ဆင့်လျှော့တိုက်ရင် အဆင်ပြေသွားမှာပါ။ မွှေတဲ့အချိန်မှာ သေသေချာချာ ရောသွားအောင်တော့ မွှေးပေး ရမှာပေါ့။

 

          Herbal ကိစ္စပြန်ဆက်ရရင် ဆရာတော်ကြီးက သူ့ရဲ့အိပ်မပျော်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဒါယိကာမကြီးက ကပ်ထားတဲ့ တခြားဆေးတစ်ပုလင်းကိုပါ ထုတ်ပြပါတယ်။ အရင်အိပ်ဆေးကို ဖြတ်ပြီး ဒီဆေးကို သောက်ရင်ကောင်းမလားပေါ့။ စတော့ စမ်းမသောက်ကြည့်ရသေးပါဘူး။ ဆရာတော်ကြီးလည်း နောက်ထပ်ဆေးတစ်မျိုးထပ်စွဲမှာကို စိုးရိမ်နေပုံရပါတယ်။ ဆေးကပ်တဲ့ ဒါယိကာမကြီးတွေကတော့ ပြောပါတယ်။ ဒီဆေးက Herbal ပါ။ အန္တရာယ်မရှိဘူး၊ Safe ဖြစ်တယ်လို့ဆိုလိုချင်ပုံ ရပါတယ်။ တကယ်ရော အန္တရာယ်မရှိဘူးလား။ ဆက်လေ့လာကြည့်ရအောင်ပါ။

 

          အိပ်မပျော်တဲ့အတွက် ဆရာတော်ကြီးကိုပေးထားတဲ့ဆေးက VALFERAN ဆိုတဲ့ဆေးပါ။ လေ့လာကြည့်တော့ FDA လို့ခေါ်တဲ့ အမေရိကန်က အစားအသောက်နဲ့ဆေးဝါးကြီးကြပ်တဲ့ဌာနရဲ့ ခွင့်ပြုမိန့် မရသေးတာ ကို တွေ့ရပါတယ်။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုမှာ အဲဒီဆေးကို တရား၀င်တင်သွင်းရောင်းချခွင့် မပြုသေးတဲ့ သဘောပါ။ ဆေးရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို စိစစ်နေတုန်းအဆင့်မှာပဲရှိပါတယ်။ ဆေးရဲ့ဖြစ်လာနိုင် တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာလိုက်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ အစာအိမ်နာတာ၊ ပျို့အန်ချင်တာ၊ မျက်စိအမြင် ေ၀ဝါးတတ်တာ၊ နှလုံးခုန်နှုန်း ပြောင်းလဲတတ်တာတွေဖြစ်တတ်တာကို တွေ့ရပါတယ်။ ပိုပြီးအရေးကြီးတာက ကိုယ်၀န်ဆောင်တွေမှာ၊ နို့တိုက်မိခင်တွေမှာနဲ့ အသည်းရောဂါ ရှိသူတွေမှာ လုံး၀မသုံးစွဲဖို့ ညွှန်ကြားထားတာပါပဲ။ အရက်၊ တခြားအိပ်ဆေးတွေနဲ့ တွဲသောက်မိရင် ပိုပြီးငိုက်မျဉ်းတတ်တယ်။ ဒီဆေးသောက်ထားရင် ကားမမောင်းဖို့၊ အန္တရာယ်ရှိတဲ့ စက်ယန္တရားတွေမကိုက်ဖို့ကိုလည်း ညွှန်ကြား ထားတာကို တွေ့ရပါတယ်။

 

          သူတို့နိုင်ငံ ခေတ်စနစ်အရ ဘယ်လိုပဲ ဆေးညွှန်းတွေရေးရေး၊ သတိပေးတားမြစ်ချက်တွေပြောပြော ကျွန်တော်တို့ဆီမှာ တော့ဘသာစကားချင် မတူတာရယ်၊ ကိုယ်နဲ့တည့်တာနဲ့ တခြားသူတွေကိုပါ စေတနာ ဗရပွနဲ့ ဆေးညွှန်းပေးချင်တဲ့မကောင်း တကောင်းအကျင့်လေးတွေကြောင့် အန္တရာယ်ရှိနေတတ်ပါတယ်။ အထက်ဖော်ပြခဲ့တဲ့ဆေးကို ဆရာတော်ကြီးကိုလှူမိ၊ တိုက်မိတယ်ဆိုပါတော့။ ဆရာတော်ကြီးမှာလည်း အသည်းနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိနေမယ်ဆိုရင် ပေးလိုက်၊ လှူလိုက်တဲ့ဆေးဟာဆေးမဟုတ်ဘဲ ဘေးဖြစ်စေမှာ အသေအချာပါ။ ဒီတော့ Herbal ပဲဖြစ်ဖြစ်၊ Herbal မဟုတ်တဲ့ ဆေးပဲဖြစ်ဖြစ် မသောက်ခင်မှာတတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။ နောက်ဆုံးဆရာ၀န်နဲ့ တိုင်ပင်ဖို့အခြေအနေ မပေးရင်တောင်မှ ဆေးညွှန်းကိုသေသေချာချာ ဖတ်ကြည့်ဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

 

          ဒီနေရာမှာ Herbal တင်မက တခြားအစားအစာတွေကိုလည်း ဒီလိုပဲသတိထား၊ ဆင်ခြင်ပြီး စားသုံးစေချင်ပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ နေ့တိုင်းသောက်နေကြတဲ့ရေကိုပဲ အတိုင်းအဆမရှိ သောက်သုံးနေရင် ခေါင်းကိုက်၊ ကယောင် ကတမ်းဖြစ်၊ ခေါင်းမူး တာတွေဖြစ်ပြီး နောက်ဆုံးကျောက်ကပ်က ပုံမှန်ထုတ်ပေးနိုင်တာထက်ပိုပြီး ဆက်သောက်နေမယ်ဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ စကားပုံလည်းရှိပါတယ်။ တန်ဆေးလွန်ဘေးလို့ ဆိုထားပါတယ်။ ဒီတော့ ဆေးပဲဖြစ်ဖြစ်၊ အစာပဲဖြစ်ဖြစ် ချင့်ချိန်ပြီး သုံးကြဖို့လိုပါတယ်။

 

          ဒီနေရာမှာ ကြုံတုန်းအိပ်မပျော်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အကြံလေးတစ်ခု၊ နှစ်ခုလောက်ပေးချင်လို့ပါ။ လူအများက သူများ တွေအိပ်သလောက် လိုက်အိပ်ချင်တတ်ကြပါတယ်။ အထူးသဖြင့် ဇနီးမောင်နှံတွေမှာ ပိုသိသာပါတယ်။ မိန်းမက တစ်ညကို 8 နာရီလောက် အိပ်နေချိန်မှာ အမျိုးသားဖြစ်သူက သူ 6 နာရီပဲ အိပ်ရလို့ အိပ်ရေးမ၀ဘူးထင်နေတတ်တာမျိုး ရှိတတ်ပါတယ်။ တကယ်တမ်းက လူတစ်ယောက်နဲ့ တစ်ယောက်အိပ်ချိန် လိုအပ်ချက်ချင်းမတူတတ်ပါဘူး။ ဘယ်နှနာရီပဲ အိပ်အိပ်နောက်တစ်နေ့မှာ ကိုယ့်ရဲ့ပုံမှန် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်နိုင်ရင် အဲဒီပြီးခဲ့တဲ့ညက အိပ်ချိန်ဟာသူ့အတွက် လုံလောက်တဲ့ အိပ်ချိန်ပါပဲ။ အိပ်မပျော်တာနဲ့ ပတ်သက်လို့ နောက်ထပ်အကြံပြုလိုတာတစ်ခုက အိပ်မပျော်ဘူးဆိုတာနဲ့ အိပ်ဆေးသောက်ဖို့ တန်းမကြိုးစားဘဲ အိပ်မပျော်စေတဲ့ ပတ်၀န်းကျင်က အခြေအနေတချို့ကို ပြုပြင်ပြောင်းလဲ ကြည့်ဖို့ပါ။ ကျွန်တော်ကိုယ်တွေ့ပြောရရင် ခြေသလုံးကြွက်သားတွေ ကြွက်တက်ပြီး အိပ်ရခက်တဲ့ပြဿနာ ကျွန်တော့်မှာရှိခဲ့ပါတယ်။ Restless Legs Syndrome လို့ ခေါ်ပါတယ်။ သမီးဖြစ်သူက နှိပ်ပေးရင်တော့ သက်သာတယ်။ အိပ်လို့ရတယ်။ နေ့တိုင်းနှိပ်ခိုင်းဖို့ဆိုပြန်တော့ သမီးကိုအားနာတယ်။ အိပ်ဆေးသောက်ရင်တော့ အိပ်ပျော်တယ်။ ဒါပေမယ့် နေ့တိုင်းသောက်နေရတာကို မလိုချင်ဘူး။ ဆရာ၀န်ဆိုတာ ဆေးကြောက်တယ်လေ။ သူများကိုသာ တိုက်ချင်တာ။ ဒါနဲ့ အကြံတစ်ခုရပြီး လုပ်ကြည့်လိုက်တာ အဆင်ပြေသွားပါတယ်။ အနှိပ်လည်း ခံစရာမလို၊ အိပ်ဆေးလည်း သောက်စရာမလိုဘဲ အိပ်လို့ရတာ 3 ပတ်ရှိပါပြီ။ ဖြေရှင်းနည်းကတော့ တခြားမဟုတ်ပါဘူး။ အိပ်ရာခြေရင်းမှာရှိနေတဲ့ လေအေးစက်ကို ရွှေ့မရတော့ အိပ်ရာကိုခြေထောက်လေအေးစက် တိုက်ရိုက်မထိုးမယ့် တခြားနေရာကို ရွှေ့လိုက်တာပါပဲ။

 

          ကဲ- ဒီလောက်ဆိုရင် Herbal ဆိုတာနဲ့ အန္တရာယ်မရှိလောက်ပါဘူးဆိုပြီး လွယ်လွယ်မသုံးမိစေဖို့နဲ့ အိပ်ပျော်စေဖို့ အတွက် ဆေးမပါဘဲ လုပ်ဆောင်နိုင်တာလေးတွေကိုလည်း ရှာဖွေစဉ်းစားလုပ်ဆောင်ကြဖို့ စာရေးသူရဲ့ ဆိုလိုရင်းကိုသိလောက် ပြီထင်ပါတယ်။ စာရှုသူများ အိပ်၍မပျော်သော ညများကင်းေ၀းကြပါစေ။

 

 

 

Credit: ဒေါက်တာဌေးအောင်

Health Digest Journal

Vol: 13, No: 29, 27-4-2016