/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အူမကြီးကင်ဆာ-ရှိမရှိ-စစ်ဆေးပါ

အူမကြီးကင်ဆာ ရှိ/မရှိ စစ်ဆေးပါ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        အသည်း၊ အစာအိမ်အူလမ်းကြောင်းကင်ဆာတွေ အဖြစ်များလာကြတာ နေ့စဉ်နှင့်အမျှတွေ့ရ၊ ကြားသိနေရတဲ့အခါ ဘာ့ကြောင့်ဖြစ်ရတာလဲ။ အစားအသောက်၊ အနေအထိုင်တွေမှန်ကန်မှုမရှိတော့လို့ ဆိုတာတွေလည်း ထပ်ခါထပ်ခါ ဟောကြာပြောကြပေယ့် တကယ်တမ်းလက်တွေ့မှာ ဆေးပညာရှင်တွေပြောသမျှ အတိအကျလိုက်နာနိုင်တာနည်းပါးလှပါလိမ့်မယ်။ ကျန်းမာရေးပညာပေးဟောကြ၊ ပြောကြသူများထဲမှာတောင် တကယ်တမ်း လိုက်နာကျင့်သုံးနိုင်ကြ ပါသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်။ အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းဆိုတဲ့အတိုင်း ကူးစက်ပိုး၀င်ရောက်ခံရခြင်းမှသည် အစာခြေဖျက်မှု မကောင်းခြင်း၊ အစာဟောင်း စွန့်ထုတ်မှု နှောင့်နှေးခြင်း တို့ကြောင့် အူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းခြင်းကိုအခါခါ ခံရတဲ့အခါ ထိုလမ်းကြောင်းတစ်လျှောက်ရှိ ကလာပ်စည်းတွေလည်း နာတာရှည်ရောင်ရမ်းခြင်းခံရပြီး ထိုမှတစ်ဆင့် ကလာပ်စည်းတွေပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ ကင်ဆာကလာပ်စည်းများ အဖြစ်ပြောင်းလဲလာကြရပါတော့တယ်။ အစာအိမ်အူလမ်းကြောင်း ကင်ဆာ ရှိ/မရှိကို သွေးစစ်ဆေးခြင်းဖြင့်သိနိုင်သလို အစာအိမ်အူလမ်းကြောင်း အတွင်း ဗီဒီယိုပါ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း၊ လိုအပ်လျှင် အာလ်ထရာဆောင်းရိုက်ခြင်း၊ စီတီစကင်ရိုက်ခြင်း သို့မဟုတ် အမ်အာအိုင် (MRI) ရိုက်ခြင်းတို့ဖြင့် စစ်ဆေးနိုင်လာပါပြီ။ ငယ်စဉ်မှစပြီး အသက်အရွယ်အတော် ကြီးလာတဲ့အထိ ၀မ်းချုပ်တတ်သူတွေအတော်များပါတယ်။ ၀မ်းချုပ်တာကြာလာတော့ အစာဟောင်းအိမ်ထဲမှာ အစာတွေ ကြာရှည်အောင်းပြီး အူမကြီးတွေ ဘေးဘက်ဖောင်းကားလာကာ အိတ်လေးတွေသဖွယ်ဖြစ်လာပြီး အစာတွေစုစေပါတယ်။ ၀မ်းချုပ်တဲ့အကျင့်ဓလေ့ကပင် မိမိ၏အူမကြီးကိုကြာလာတော့ ဒုက္ခဖြစ်စေပါတယ်။ ၀မ်းနူးညံ့ပျော့ပျောင်းလွယ်တဲ့ အစားတွေမစားမိဘဲ (ဖိုင်ဘာအမျှင်ဓာတ်ကြွယ်၀တဲ့ အစားတွေ စားရကောင်းမှန်း မသိဘဲ) စားသောက်နေထိုင်လာတဲ့စရိုက်ဆိုးကပင် မိမိတို့၏ရောဂါကို မိမိတို့ ဖိတ်ခေါ်နေသလိုပင်ဖြစ် ၏။ အောက်ဖော်ပြမယ့် လမ်းညွှန်ကတော့ အမေရိကန်ရောဂါကာကွယ်ရေး ၀န်ဆောင်မှုအဖွဲ့ရဲ့ အူမကြီးကင်ဆာ ကာကွယ်ရေးအတွက် ဖော်ပြချက်တွေဖြစ်ပါတယ်။

          အူမကြီးကင်ဆာ ကာကွယ်လိုပါက အောက်ပါလမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။ အူမကြီးကင်ဆာ ဟုတ်/မဟုတ် သိရန်အောက်ပါ 7 မျိုးကို ဆေးစစ်သင့်ပါတယ်။

(1)    ၀မ်းထဲတွင် မျက်စိဖြင့်မမြင်ရတဲ့ သွေးစသွေးနလေးများ ပါ/မပါ စစ်ဆေးစေခြင်း

          ပုံမှန်အားဖြင့် ၀မ်းထဲမှာသွေးပါလာရင် မျက်စိဖြင့် မြင်ရပါတယ်။ (ဥပမာ - လိပ်ခေါင်းရောဂါ၊ စအိုကွဲခြင်းစသည့်) သို့သော် အူမကြီးကင်ဆာမှာကတော့ သွေးကိုမမြင်နိုင်ပါ။ ဒါကြောင့် ဆေးစစ်တဲ့အခါ ၀မ်းကိုစစ်ဆေးပေးခြင်းဖြင့် သွေးပါ/မပါ ထောက်လှမ်းရတာဖြစ်တယ်။ ၎င်းကို Fecal Occult Blood Test (FOBT) ဟု ရေးလေ့ရှိတယ်။

 

(2)    ထို့အပြင် Fecal Immunochemical Test (FIT) ခေါ် အူမကြီးကင်ဆာဖော်ထုတ်နိုင်တဲ့ ဆေးရည်ဖြင့် စစ်ဆေးပေးနိုင်ပါတယ်။

 

(3)    ၀မ်းထဲမှာပါ၀င်နိုင်သော ကင်ဆာကလာပ်စည်း DNA ကို စစ်ဆေးခြင်း (Stool DNA Test) ဖြင့်လည်း စစ်ဆေးနိုင်ပါတယ်။

          အဲဒီကင်ဆာကလာပ်စည်းတွေမှာ DNA ပြောင်းလဲမှုတွေ ရှိနေတတ်တာကြောင့် ၀မ်းထဲက ပါလာတဲ့ အသားပို Polyp မှ ကွာကျလာသော ကလာပ်စည်းများကို စစ်ဆေးခြင်းဖြစ်ပါတယ်။

          ရောဂါဖြစ်သူရဲ့ စားနေကျအစားအသောက်များနှင့် ထိုသူရဲ့ ကိုယ်ကာယလှုပ်ရှားမှုစွမ်းရည်စတဲ့ အချက်အလက်များအပေါ်မူတည်၍ ဗီဇကလာပ်စည်းများအား စစ်ဆေးကြည့်ရှုခြင်းဖြစ်တယ်။ ထိုသို့ စစ်ဆေးလိုက်ခြင်းဖြင့် အ၀မလွန်အောင် ကိုယ်အလေးချိန်ထိန်းပေးနိုင်သလို သင့်တင့်မျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားတတ်အောင်သင့်အား ပြောင်းလဲပေးနိုင်ပါသတဲ့။

 

(4)    နောက်တစ်ခုကတော့ လူသိများလှတဲ့ မှန်ပြောင်းသွင်း၍ အူမကြီးအားကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါတယ်။ ၎င်းကတော့ စအို၀မှ ဗီဒီယိုကင်မရာပါတဲ့ ပိုက်ကလေးထည့်ပြီး မှန်ပြောင်းဖြင့်စစ်ဆေးပေးခြင်းဖြစ်တယ်။

(5)    နောက်တစ်ခုကတော့ အခုလူပြောသူပြောများလှတဲ့ စီတီစကင်ဓာတ်မှန်နဲ့ အူမကြီးကို ရိုက်ပေးပြီးစစ်တာပါ။

 

(6)    ပျော့ပျောင်းပြီး ကွေးလွယ်ဆန့်လွယ်တဲ့ အစာဟောင်းအိမ်ကြည့်မှန်ပြောင်းနဲ့လည်း စစ်ပေးနိုင်သေးတယ်။ ဒါကို အတိုကောက် FS လို့ရေးတတ်တယ်။

 

(7)    ဒီစစ်ဆေးမှုကတော့ 2 မျိုးပေါင်းပြီး စစ်ပေးတာပါ။ (FS Plus FIT) လို့ ရေးလေ့ရှိပါတယ်။

          မျိုးရိုးမှာ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိသူများကို နှစ်စဉ်မှန်မှန် FIT-DNA စစ်ဆေးပြီး 10 နှစ်တစ်ကြိမ် အူမကြီးမှန်ပြောင်းထည့်ကြည့်ပြီး စစ်ဆေးပေးလေ့ရှိတယ်။ ထိုသို့ စစ်ဆေးခြင်းဖြင့် တစ်ကြိမ်မှာ လူပေါင်း 250 ခန့်အား အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ရကြောင်းသိရပါတယ်။ လူ 1000 ဆေးစစ်ပြီးတိုင်း ကင်ဆာနဲ့သေဆုံးမှု 23 ဦးခန့် တားဆီးနိုင်ခဲ့တယ်လို့ဆိုတယ်။

          ထိုသို့ အူမကြီးကင်ဆာ ရှိ/မရှိ စစ်ဆေးချက်များဖြင့် ဆေးစစ်နိုင်ပါက အကျိုးရှိလှကြောင်းတွေ့ ခဲ့ရပါတယ်။ အသက် 50 ကျော်လာရင် အူမကြီးကင်ဆာ ရှိ/မရှိကို စစ်ဆေးသင့်ပါတယ်။ မိမိစားသောက်တဲ့ အလေ့အထ၊ ကိုယ်ကာယလှုပ်ရှားမှု အနည်းအများပေါ်မူတည်သလို မျိုးရိုးဗီဇစသည့်အချက်တွေကလည်း ကင်ဆာရောဂါဖြစ်နိုင်ခြေတွေနဲ့ နှီးနွှယ်လာတတ်တယ်။

          ဒါကြောင့် ယခင်က သင်ဟာတစ်ခါမျှ ဆေးစစ် Medical Check up မလုပ်ဖူးခဲ့သူဆိုပါက သင့်မှာ အသည်း၊ အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်တဲ့ ပြဿနာတွေ၊ နှလုံးနှင့် သွေးကြောဆိုင်ရာဖြစ်နိုင်ခြေ၊ ဆီးချိုသွေးချိုရောဂါ ရှိ/မရှိ စတဲ့ အခြေခံလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးဖို့ သတိထားသင့်ကြောင်း အကြံပေးလိုက်ရပါတယ်။

 

 

 

Credit: ဒေါက်တာရည်ွှန့်မေ

Health Digest Journal

Vol: 13, No: 40, 13- 7- 2016