/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အလယ်နားရေ၀င်ရာမှ-နာတာရှည်နားပြည်ယိုခြင်းနှင့်

အလယ်နားရေ၀င်ရာမှ နာတာရှည်နားပြည်ယိုခြင်းနှင့် နားမကြားခြင်းအထိဖြစ်နိုင်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

          သာမန်အအေးမိနှာစေး ကျန်းမာရေးပြဿနာမှတဆင့် အလယ်နားရေဝင်ရောဂါဖြစ်ပွားနိုင်ပြီး ထိုမှတဆင့် နာတာရှည်နားပြည်ယိုရောဂါနှင့် နားမကြားရောဂါအဆင့်အထိ ဖြစ်ပွားနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာဦးမောင်မောင်ခိုင်က ပြောကြားခဲ့ပါသည်။

 

မေး ။    ။ လူ့ခန္ဓာကိုယ်မှာ နားနဲ့နှာခေါင်းအဆက်စပ်ရှိပုံနဲ့ နားရောဂါတွေကရော ဘယ်လိုပုံစံမျိုးကနေ စတင်ဖြစ်ပွားတတ်ပါသလဲ သိပါရစေဆရာ။

ဖြေ ။    ။ နားနဲ့နှာခေါင်းက အဆက်အစပ်ရှိပါတယ်။ နှာခေါင်းအနောက်ကနေ နားနဲ့ ဆက်နေတဲ့ အပေါက်ကလေးကရှိပါတယ်။ အဲ့ဒီ အပေါက်ကလေးပိတ်သွားတဲ့အခါ အရည်တွေဖြစ်လာတယ်။ အဲ့ဒါကိုအလယ်နားရေဝင်တဲ့ရောဂါလို့ခေါ်ပါတယ်။ အလယ်နားရေဝင်တဲ့ရောဂါက အအေးမိနှာစေးခြင်းကြောင့်စဖြစ်နိုင်တယ်။ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပေမယ့် လူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ရာသီဥတုအေးလို့ အအေးမိတယ်။ နှာစေးပြီးနှာရည်ကျရင် နားနဲ့နှာခေါင်းအဆက်အစပ်နားက အပေါက်ကလေးပိတ်သွားရင်ဖြစ်တယ်။ ဥပမာအားဖြင့် နားအတွင်းက အလယ်မှာရှိနေတဲ့ လေထုဖိအားနဲ့ နှာခေါင်းပေါက်နားမှာရှိတဲ့ လေထုဖိအားမတူညီတဲ့အခါမှာ နားနဲ့နှာခေါင်းအဆက်အစပ်နားက အပေါက်လေးယာယီပိတ်သွားတာမျိုးကြုံရမှာပါ။ များသောအားဖြင့် လေယာဉ်စီးခြင်းနှင့် တောင်တက်ခြင်းတို့လုပ်ဆောင်တဲ့အခါမှာ နားအူတဲ့ဖြစ်စဉ်မျိုးလိုဖြစ်တတ်ပါတယ်။

 

မေး ။    ။ အလယ်နား အရည်တည်တဲ့ရောဂါရဲ့ လက္ခဏာတွေနဲ့ နောက်ဆက်တွဲ ဘယ်လိုတွေဖြစ်တတ်လဲဆိုတာလေး ပြောပြပေးပါဦးရှင့်။

ဖြေ ။    ။ ဆောင်းတွင်းမဟုတ်ပဲ အအေးမိနှာစေးတယ်ဆိုရင် နှာခေါင်းအနောက်က အပေါက်လေးပိတ်မယ်။ ပိတ်ရင် နားအလယ်မှာအရေတည်တာဖြစ်မယ်။ အဲ့ဒါကိုမကုပဲထားမယ်ဆိုရင် ကြာလာလို့ရှိရင် နာတာရှည်နားပြည်ယိုရောဂါဖြစ်တတ်ပါတယ်။ လူကြီးတွေလည်း ဒီရောဂါဖြစ်ပွားနိုင်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။ စောစောသိပြီး စောစောကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်ပါတယ်။ ကုသတဲ့နေရာမှာ ဖြစ်ပွားမှုအနေအထားကြည့်ပြီး ပိုးသတ်ဆေးပေးတာ၊ နှာစေးသက်သာတဲ့ဆေး၊ ချွဲပျော်တဲ့ဆေး စသဖြင့်ပေးပြီးကုတာတွေရှိပါတယ်။

 

မေး ။    ။ နားရောဂါတွေထဲမှာ ဘယ်လိုရောဂါက အဖြစ်များဆုံးလဲသိပါရစေဆရာ။

ဖြေ ။    ။ မြန်မာပြည်မှာတော့ နားပြည်ယိုရောဂါက အဖြစ်အများဆုံးပါ။ နားပြည်ယိုရောဂါမှာ အခုမှစဖြစ်တဲ့ နာပြည်ယိုရောဂါနဲ့ သုံးလနဲ့အထက်ကြာတဲ့ နာတာရှည်နာပြည်ယိုရောဂါဆိုပြီး (2) မျိုးရှိပါတယ်။ နာတာရှည်နဲ့ရုတ်တရက်ဖြစ်တာနဲ့မတူဘူးပေါ့။ ရုတ်တရက်ဖြစ်တာကြတော့ ပိုးသတ်ဆေးတွေပေးမယ်၊ နားထဲကပြည်တွေထုတ်မယ်ဆိုရင် အနာတွေအထဲကနေ ကျက်သွားမယ်ပြန်ကောင်းသွားနိုင်မယ်။ နာတာရှည်ကျရင်တော့ မကောင်းဘူးပေါ့ ဗမာလိုနာတာရှည်တယ်ဆိုထဲက မကောင်းဘူး။ ဒါပေမယ့်လည်း ကုလိုက်မယ်၊ ပြည်ပြန်ချောက်သွားမယ် နောက်တစ်ခါပြန်ပြီးတော့ရေဝင်သွားရင် (ဒါမှမဟုတ်) နှာစေးချောင်းဆိုးဖြစ်ရင် နားပြည်ပြန်ယိုတတ်တယ်။ နာတာရှည်ဆိုတော့ ကြာရင်နားလေးသွားတတ်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် အစထဲကနှာစေး၊ အအေးမိမဖြစ်အောင်ဂရုစိုက်ပြီး ဖြစ်ပွားလျှင်လည်း စောစောစီးစီးကုသနိုင်ရန်ဖို့လိုပါမယ်။ အနာကိုဆေးမှီးတိုနဲကုသမယ်။ တွေ့ကရာဗမာဆေးတွေနားထဲလျှောက်ထည့်ရင် ပိုဆိုးသွားတတ်ပါတယ်။ နားရောဂါနဲ့လာတဲ့လူနာတွေထဲမှာ အများဆုံးက နာပြည်ယိုရောဂါနဲ့လာကြတယ်။ အလယ်နားထဲအရေတည်တဲ့ရောဂါရယ်၊ နားဖာချေးပိတ်တဲ့ရောဂါရယ် အဲ့ဒါတွေက အခြားနားနဲ့ပတ်သက်တဲ့ရောဂါတွေထက်အဖြစ်များပါတယ်။

 

မေး ။    ။ နားပြည်ယိုရောဂါရှိတဲ့လူနာက ဘယ်လိုအချက်တွေ ဂရုစိုက်နေထိုင်ဖို့လိုအပ်ပါသလဲဆရာ။

ဖြေ ။    ။ နားပြည်ယိုရောဂါရှိတဲ့လူတစ်ယောက်က နံပါတ် (1) အနေနဲ့ နားထဲရေမဝင်စေဖို့လိုပါမယ်။ ရေချိုးခေါင်းလျှော်တဲ့အခါ နားအုပ်ထားမိစေမယ့် ပစ္စည်းလေးတွေအသုံးပြုသင့်တယ်။ နောက်တစ်ခုက မြစ်ထဲချောင်းထဲရေကူး၊ ရေငုတ်မလုပ်သင့်ဘူး မသန့်တဲ့ရေတွေ နားထဲဝင်သွားနိုင်ရင် နားပြည်ပြန်ယိုတတ်တယ်။ နားနဲ့နှာခေါင်းနဲ့က ဆက်စပ်နေလို့ နှာစေးချောင်ဆိုးမဖြစ်အောင်ဂရုစိုက်ရမယ် တွေ့ကရာဆေးတွေမထည့်ဖို့ ထည့်ရင်ပိုဆိုးပြီးနားလေးသွားတတ်တယ်။ နားလေးရင်တော့ လိုအပ်ရင်နားခွဲစိတ်တာတွေလုပ်ရတတ်ပါတယ်။

 

မေး ။    ။ နဖာကလော်တဲ့အလေ့အထနဲ့ပတ်သက်ပြီးတော့ရော ဘာတွေဖြစ်လာနိုင်လဲသိချင်ပါတယ်။

ဖြေ ။    ။ ဆရာတို့နားနှာခေါင်းလည်ချောင်းဆရာဝန်တွေက ဘယ်သူမှနားထဲကိုထိုးတာ၊ ကော်တာ၊ ကရိယာတွေနဲ့ နဖာကလော်တွေ၊ တစ်ချို့ဆိုရင်သော့လေးတွေ၊ နောက်ခေါင်းညှပ်ကလစ်တွေ၊ ချိတ်တွေနဲ့ထိုးတာတွေ အဲ့ဒါတွေကိုအားမပေးဘူး။ နောက်တစ်ခါ အပြင်မှာအလွယ်တကဝယ်လို့ရတဲ့ cotton bud လေးတွေ ဂွမ်းထုတ်ကလေးတွေနဲ့ ထိုးတာလည်းအားမပေးပါဘူး၊ ဘာဖြစ်လို့လည်းဆိ်ုတော့ လူမှာနဖာချေးဆိုတာထွက်တယ်။ နားအတွင်းက အဆီဂလင်းလေးတွေကနေမှ နဖာချေးဆိုတာထွက်လာတယ်။ သာမာန်အားဖြင့်စကားပြောတယ်။ ပါးစပ်လှုပ်တယ်ဆိုလို့ရှိရင် နားအတွင်းက ချေးလေးတွေကရွေ့လျားပြီးရေချိုးတယ်။ ကိုယ်လက်သန့်စင်ရာကနေ ကွာကြသွားတယ် ဒါကသဘာဝပါ။ နဖာချေးကိုဂွမ်းစက္ကူနဲ့ထိုးလိုက်မယ်ဆိုရင် အပြင်ပိုင်းမှာရှိတဲ့ နဖာချေးလေးတွေက မလှုပ်နိုင်တဲ့အရိုးထဲကိုရောက်သွားမယ်ဆိုရင် အဲ့ဒါတွေက အထဲမှာခဲပြီး၊ ခြောက်ပြီးတော့ နားပေါက်ပိတ်သွားရင်နားမကြားတော့ဘူး၊ နားစည်ကိုထိုးမိတာတွေဖြစ်တတ်တော့ နဖာချေးထိုးတာမကောင်းပါဘူး။ သာမာန်ထမင်းစာရေသောက်စကားပြောရာကနေ နားအတွင်းကလှုပ်ရှားမှုဖြစ်ပြီး ချေးလေးတွေအပြင်ထွက်လာမယ် လေတိုက်ရင်၊ ရေချိုးရင် သူ့ဘာသူကွာကြသွားမယ် ဒါကသဘာဝပါပဲ။ နဖာချေးကခဲပြီးပိတ်နေမယ်ဆိုရင်တော့ နဖာချေးပျော်တဲ့ဆေးလေးတွေရှိပါတယ်။ အဲ့ဒါလေးခတ်ပေးလိုက်ရင်ကောင်းသွားပါလိမ့်မယ်။

 

မေး ။    ။ နားရောဂါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ဖြည့်စွက်ပြောကြားလိုတာလေး ပြောပေးပါဦးရှင့်။

ဖြေ    ။       ။        နားထဲကိုတွေ့ကရာ အရွက်တွေညှစ်ထည့်တာမျိုးလုပ်တဲ့အခါ နားအတွင်းစိုးထိုင်းစများပြီး နားမှိုတက်တာတွေဖြစ်တတ်တယ်။ မှိုတက်မယ်ဆိုရင် နားကယားယံတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် နားရောဂါနှင့်ပတ်သက်လျှင် ဆေးမြီးတိုတွေနဲ့လျှောက်မလုပ်ဖို့အရေးကြီးပါတယ်။ အခုခေတ်က အစိုးရကနေ ကျန်းမာရေးဘတ်ဂျပ်တွေပိုတိုးလာပြီး ကုသရေးမှာ ခေတ်မှီစက်ပစ္စည်းကိရိယာတွေ အများကြီးဆေးရုံတွေမှာဝယ်ယူလာနိုင်တယ်။ အရင်တုန်းက စက်တွေမဝယ်နိုင်ခဲ့ဘူး။ အခုခေတ်မှာ စက်ပစ္စည်းကိရိယာအသစ်တွေ ဝယ်လာနိုင်တဲ့အတွက် လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးပေးနိုင်တယ်။ နားပြည်ယိုရောဂါဖြစ်တဲ့သူတွေအတွက် နားကြားကိရိယာတွေလည်း အစိုးရကနေဝယ်ပေးတဲ့အတွက် အခမဲ့တပ်ပေးတာတွေလည်းရှိနေပါတယ်။” ဟု နားနှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆရာ၀န်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာမောင်မောင်ခိုင် က ပြောကြားခဲ့သည်။

 

May Su Hlaing

www.drmyanmar.com