/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သိသင့်တဲ့-သင့်ဇီ၀ကမ္မ

သိသင့်တဲ့ သင့်ဇီ၀ကမ္မ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

       ကီတုန်းဘော်ဒီ (Ketone bodies) တွေဆိုတာ သတ္တုနဲ့ ကာဗွန်မိုနောက်ဆိုက်တွေပါတဲ့ (1) အက်စီတို အက်စီတိတ် (2) ဘီတာဟိုက်ဒရောက်စီဗျူထရိတ်နဲ့ (3) အက်စီတုန်းခေါ် ရေမှာပျော်နိုင်တဲ့ မော်လီကျူး 3 မျိုးဖြစ်ပါတယ်။ ထိုကီတုန်းဘော်ဒီတွေ ကို ခန္ဓာကိုယ်ထဲရှိ အဆီအက်စစ်တွေကနေ အသည်းထဲမှာထုတ်ပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ ထုတ်ပေးတတ်လဲဆိုတော့ လူဟာရောဂါကြောင့် အစားမ၀င် မစားနိုင်တဲ့အချိန်၊ အငတ်ဘေးဆိုက်လို့ မစားရတဲ့အခါနဲ့ ၀ိတ်ချချင်လို့ ကဆီဓာတ်နဲ့အဆီဓာတ် မပါတဲ့ အစားတွေသာ စားနေချိန်မျိုးမှာပါ။ ထိုမော်လီကျူးတွေပါတဲ့ အစာတွေကတော့ လူတွေနေ့စဉ်စားနေတဲ့ အသား၊ ငါး၊ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေပေါ်လိုက်ပြီး အနည်းနဲ့အများပါရှိပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ကီတုန်းဘော်ဒီတွေ ထုတ်လုပ်မှုများလာ တဲ့အခြေအနေကို ကီတိုဂျင်းနီးစစ် Ketogenesis လို့ခေါ်ပါတယ်။

           အထူးသဖြင့် ဆီကြော်အမျိုးမျိုး၊ တိရိစၧာန်အသားတွေ၊ ငါး၊ ထောပတ်၊ ချိစ်၊ ခရင်မ်တွေ၊ ဆီအမျိုးမျိုးနှင့် ထောပတ်သီး၊ သီဟိုဠ်စေ့စတဲ့ သစ်သီးတွေနဲ့ ဟင်းရွက်တွေထဲမှာလည်း ပါတာပါပဲ။ သို့သော် အဆီဓာတ်မြင့်မားစွာပါ၀င်တဲ့ အစားအစာတွေ များများစားမိရင်သင့်ခန္ဓာကိုယ်ထဲမှာ သင့်အသည်းက ထိုအဆီတွေကို ကီတုန်းဘော်ဒီတွေ အများကြီးထွက်လာအောင်ဖြိုခွဲပစ်လိုက်မှာဖြစ်တယ်။ ပုံမှန်ကီတုန်းဘော်ဒီပမာဏဟာ သွေးထဲမှာ 1 မီလီဂရမ်/ဒက်စီလီတာလောက်ပဲရှိတတ်တယ်။ ပိုလာရင် ဆီးကတစ်ဆင့် အညစ်အကြေးအဖြစ်စွန့်ထုတ်ပစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ကျန်းမာနေတဲ့လူရဲ့ဆီးမှာ ကီတုန်းဘော်ဒီစွန့်ပစ်တာ အလွန်နည်းပါးလှတယ်။ ကီတုန်းဘော်ဒီၤသွေးထဲမှာမြင့်မားလာစေမယ့် အဆီမြင့်တဲ့ အစားအစာတွေကို ကီတိုဂျင်းနစ်ဒိုင်းယက် ketogenic Diets လို့ ခေါ်လေ့ရှိတယ်။

 

          သင်သာ အသားတွေအထူးသဖြင့် အနီရောင်အသားတွေအပါအ၀င် အသားဓာတ်နေ့စဉ်မြင့်မားစွာ စားသုံးနေမယ်ဆိုရင် (သင့်ခန္ဓာကိုယ်ထဲမှ ကစီဓာတ်နည်းပြီး) ခန္ဓာကိုယ်တွင်း ဇီ၀ရုပ်ဖြစ်ပျက်မှုမှာ ကီတုန်းဘော်ဒီတွေ များပြားလာတော့မှာဖြစ်တယ်။ ထိုကီတုန်းဘော်ဒီတွေဟာ ဦးနှောက်ထဲမှာ အထောက်အပံ့ဖြစ်စေပါတယ်။ အစာမစားနိုင်တဲ့လူ၊ အငတ်ဘေးကြောင့် အစားမစားရတဲ့သူတွေ အတွက်တော့ သူတို့ခန္ဓာကိုယ်ထဲက အဆီဓာတ်တွေကို ဖြိုခွဲပြီး ခန္ဓာကိုယ်နဲ့ဦးနှောက်အတွက် စွမ်းအင်ပေးပါလိမ့်မယ်။ သို့သော် ထူးခြားလာတာက အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှုနည်းပါးကျဆင်း သို့မဟုတ် လုံး၀မထုတ်လုပ်ပေးတော့ပါဘူး။ ဒါကြောင့် သင်ဟာ ဆီးချိုသွေးချိုရောဂါအခံရှိရင် ဒါမှမဟုတ် အ၀ဖက် ခပ်ပါပါလူဖြစ်နေရင် အဆီဓာတ်မြင့်တဲ့ အစားတွေ၊ အသားတွေ လွန်ကျူးစွာ စားသောက်တတ်သူလည်းဖြစ်နေရင် သင့်သွေးထဲက အင်ဆူလင်လုံး၀မထွက်သို့မဟုတ် အလွန်နည်းလာပြီး ကီတုန်ဘော်ဒီတွေထုတ်လုပ်မှုအလွန်မြင့်တက်လာနိုင်စရာရှိလာပါပြီ။ နဂိုကတည်းက အလုပ်မဖြစ်တဲ့ အင်ဆူလင်ဟော်မုန်းက သင့်အား နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား (1) ဆီးချို သွေးချိုလူနာတွေခမျာ မျိုးရိုးကိုက ဆီးချိုရှိတော့ အစားအသောက် မဆင်ခြင်တဲ့အခါ ခုခံအားစနစ်ကျဆင်းလာကာ ကူးစက်ရောဂါတွေ ဒဏ်ခံရခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာရာ ထိခိုက်ပျက်စီးခြင်း စတာတွေ ဖြစ်ပွားခံစားရခြင်းဖြစ်ပါ တယ်။ သွေးတွင်းသကြားဓာတ် ဂိတ်ဆုံးအထိ မြင့်တက်လာပြီး ကီတုန်းဘော်ဒီၤတွေလည်း တိုးလာတဲ့ အခြေအနေဆိုးကို Hyperglycemic Ketoacidosis ဟိုက်ပါဂလိုင်စီးမစ်ကီတိုအက်စစ်ဒိုးစစ် လို့ခေါ်ပါတယ်။ ထိုအခြေအနေမျိုးမှာ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တိုင်း ဆီးချိုသွေးချိုလူနာထံမှ ချဉ်စူးစူးရနံ့ဆိုးကို နံဘေးက ရှူမိကြမှာဖြစ်တယ်။

           ဒါကြောင့် သင်နေ့စဉ်စားတဲ့ အစားအစာတွေကို အမှုမဲ့အမှတ်မဲ့လေးသဘောထားပြီး မစားသင့်ပါ။ တိရိစၧာန်အဆီဖြစ်တဲ့ ၀က်သား၊ အမဲသား၊ ဆိတ်သား၊ ဂျီ၊ ဆတ်စတဲ့ အနီရောင်အသားများက ငယ်စဉ်ကလည်း စားသောက်ခဲ့ပြီးဖြစ်တာမို့ အသက်ရ လာချိန် သို့မဟုတ် ကိုယ်အလေးချိန်တိုးလာတဲ့အခါ သို့မဟုတ် သင့်မှာ ဆီးချိုသွေးချိုရောဂါရှိလာချိန်မှာ တတ်နိုင်သမျှလျှော့စား သင့်ပါပြီ။ ဖြစ်နိုင်ရင် ရှောင်လိုက်ပါလေ။ တစ်ပတ်မှာ တစ်ကြိမ်လောက်သာ အာသာပြေတစ်တုံးနှစ်တုံးစားတာမျိုးပြောင်းလဲ လေ့ကျင့်လိုက် ပါ။ ဖြစ်နိုင်ရင် အကြော်၊ ဆီပြန်၊ ဆီကြော်၊ ပြုတ်ကြော်တွေအစား ရေပွက်ပွက်ဆူထဲမှာ အဆီမပါ အသားချည်း သက်သက်ပြုတ်၍ စားခြင်း၊ ဟင်းသီးဟင်းရွက်၊ ဆီစိမ်းနှင့် ထည့်သုပ်ခြင်း၊ စွပ်ပြုတ်လုပ်၍ သောက်ခြင်းစသည်တို့ဖြင့် ပြောင်းလဲ သင့်ပါပြီ။

           အချိုဓာတ်မများလှတဲ့ အရည်ရွှမ်းသစ်သီးတွေပြောင်းလဲစားလိုက်ပါ။ လူဆိုတာ အစားအစာတွေကို တစ်သက်လုံးစွဲမြဲစွာ စားသောက်လာခဲ့ကြရတာဖြစ်လို့ အသက်ရလာချိန် ဒါမှမဟုတ် ရောဂါဘယတွေ ဖြစ်လာချိန်မှာ ပြောင်းလဲ သို့မဟုတ် ရှောင်ကြဉ် သို့မဟုတ် လျှော့စားရန် သင့်တော်ပါတယ်။ သို့သော်လည်း အချို့လူတွေမှာ ခေါင်းမာစွာဘဲ ပြောင်းလဲချိန်တန်တဲ့ အချိန်မပြောင်း လဲနိုင်ပါက သင့်အတွက် အန္တရာယ်တွေသာဖြစ်လာနိုင်စရာရှိပါကြောင်း တင်ပြရပါတယ်။

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 30, 4- 5- 2016