/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ရေခဏခဏချိုးတာ-ကောင်းရဲ့လား

ရေခဏခဏချိုးတာ ကောင်းရဲ့လား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        အများအားဖြင့် လူတိုင်းဟာတစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးရေချိုးဖြစ်အောင် ချိုးလေ့ရှိကြတယ်။ တချို့ချေွးထွက်များလို့၊ အလုပ်လုပ်ရင်း တစ်ကိုယ်လုံး ညစ်ပတ်သွားလို့ စတဲ့အခြေအနေလေးတွေကြောင့် 2 ကြိမ်လောက်၊ 3 ကြိမ်လောက်ချိုးရတာမျိုးလည်းရှိတယ်။ ဒီနေရာမှာ ရေချိုးတာနဲ့ပတ်သက်လို့ ဆေးသိပ္ပံ ပညာရှင်တချို့တွေကတော့ ရေမကြာခဏချိုးပေးတာ ပိုကောင်းတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပြီး နေရ ထိုင်ရ ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်လို့ ပြောပြပေမယ့် လိုအပ်တာထက် အလွန်အမင်းရေချိုးသန့်ရှင်းပါက သင့်အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းလာလိမ့်မယ်လို့ သတိပေးကြပါတယ်။ ရေချိုးတိုင်း ဆပ်ပြာတိုက်လိုက်မှ ဆိုတဲ့ အလေ့အထက စွဲမြဲနေလေတော့ လူတိုင်းဟာရေချိုးရင် ဆပ်ပြာခဲ  သို့မဟုတ် ဆပ်ပြာအရည်အပြင် တချို့ဆိုရင် သဲမှုန်လေးတွေပါတဲ့ Scrub အရည်လေးတွေနဲ့ ချေးတွန်းတိုက်ချွတ် တတ်လို့ပါပဲ။ ဆပ်ပြာနဲ့ ပွတ်တိုက်မှုများလေလေ အရေပြားအပေါ်ရံလွှာရှိ အသားအရေကို စိုလက်နေအောင် ဖုံးပေးထားပေမယ့် အရေပြားအပေါ်ဆုံးက Dead Cells ခေါ် ခြောက်သွေ့ကွာကျတော့မယ့် အလွှာတွေကို ပွတ်ချေွချလိုက်သလိုဖြစ်တာမို့ 1 နေ့လျှင် 1 ကြိမ် 2 ကြိမ်လောက် ရေချိုးရင် မထောင်းလှပေမဲ့ ရေချိုး ပွတ်တိုက်တဲ့အကြိမ်ရေများလာရင်တော့ အရေပြားထဲက အဆီထုတ်ပေးတဲ့ မွေးညင်းပေါက်တွေကိုပါ ဒုက္ခရောက်စေလို့ အသားအရေခြောက်ခန်းသွားတတ်ပါသတဲ့။

          တဖန်ရေချိုးပြီး ဆပ်ပြာနဲ့ခန္ဓာကိုယ်အနှံ့ ချေးတွန်းလိုက်ခြင်းကြောင့် အရေပြားပေါ်တင်ကျန်နေတဲ့ အမှုန်အမွှားတွေ၊ ကသိကအောက်ဖြစ်စေတဲ့အရာတွေနဲ့ ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကိုပါ ဖယ်ပစ်လိုက်ပါတယ်။

          ယခုအခါမှာတော့ ဆပ်ပြာရည်တွေထဲမှာ အရေပြားစိုစိုလက်လက်ဖြစ်စေမယ့် Moisturizer တွေပါ ထည့်သွင်းပေးလာလို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လူတချို့မှာတော့ အရေပြားပြဿနာတွေရှိပါက ရေခဏခဏ ချိုးသင့်လား၊ မချိုးသင့်လား သိရန်လိုပါတယ်။ ဥပမာ - ကလေးတွေမှာ နှင်းခူလို အရေပြားပြဿနာရှိနေ ပါက ရေချိုးတာ အနာကိုပြဿနာဖြစ်လား၊ မဖြစ်လား အငြင်းပွားစရာရှိပါလိမ့်မယ်။ အမေရိကန်သုတေသန တစ်ဖွဲ့ရဲ့ သုတေသနပြုချက်အရ နှင်းခူရှိတဲ့ ကလေးမျိုးကို နေ့စဉ်ရေချိုးပေးဖို့ လိုတယ်လို့ အကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေးမိဘတွေအနေဖြင့် ဆပ်ပြာအများကြီးမသုံးသင့်ဘူးလို့ ဆိုတယ်။ တိုးတက်လာတဲ့အလျောက် ထုတ်လုပ်ရောင်းချသူတွေက ကလေးငယ်တွေသုံးဖို့ ကလေးသုံးဆပ်ပြာရည်များ၊ အသားအရေထိန်း Moisturizer များပါ ထည့်သွင်းရောင်းချနေပါပြီ။ ကလေးမွေးထားတဲ့ အသိမိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်အောင် ခြင်းကလေး တစ်ခုမှာ ဘူးအမျိုးမျိုးကို ရွယ်စုံဆိုက်စုံထည့်ပြီး များများရောင်းကောင်းအောင် စီကာရီကထည့် ပလတ်စတစ်နှင့် ပြန်ဖုံး ၍ စတိုးဆိုင်ကြီးတွေရဲ့ စင်တွေပေါ် ခန့်ခန့်ထည်ထည်ရောင်းချေနေတာမြင်နေရပါတယ်။ တစ်နှစ်အောက်ကလေး ဆိုတာ အင်မတန်မှ နုနယ်လွန်းတာမို့ ကြမ်းတမ်းတဲ့ ဆပ်ပြာတွေနဲ့ သိပ်ထိတွေ့လို့မကောင်းလှပါဘူး။ မိဘတွေအနေနဲ့ ဒီအချက်ကို သတိထားမိချင်မှ သတိထားမိကြမှာပါ။ တချို့မိဘတွေက ကလေးကိုမွှေးမွှေးသန့်သန့်လေး ဖြစ်စေချင်၊ သူများချီပိုးရင် အနံ့အသက်ကောင်းမှလို့ ယူဆတော့ အသားအရေစို ရနံ့ကုထုံးထည့်သွင်းထားတဲ့အဆီရည်တွေ အားရပါးရလိမ်း သို့မဟုတ် ပေါင်ဒါတွေ တအားလူပေးတတ်တဲ့ အလေ့အထတွေ ရှောင်သင့်တယ်လို့ အရေပြားပညာရှင်တွေက သတိပေးနေကြပါပြီ။ သို့သော် အနည်းငယ်ကို ပုတ်ပေး၊ ခပ်ပါးပါးလူးပေးလို့တော့ ရပါတယ်လို့ အကြံပေးကြပါတယ်။

          ဒါကြောင့် အရေပြားပြဿနာရှိတဲ့သူတွေ လူကြီးရော၊ ကလေးပါနေ့စဉ် ရေမချိုးခင် စဉ်းစားဖို့အကြံပေးချင်တာ တစ်ခုကတော့ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာအမြှုပ်ထရေချိုးကန်ထဲ ရေချိုးခြင်း သို့မဟုတ် ရေချိုးဆပ်ပြာဂျဲလ် အပြင်းစားတွေ မသုံးကြဘဲ ခပ်ပျော့ပျော့လေးတွေသုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားကို ကသိကအောင့်ဖြစ်ခြင်းအပြင် လူတချို့မှာ အရေပြားရောဂါ ၀ဲနှင်းခူ ရှိပါက ပိုဆိုးဝါးစေတတ်ပါတယ်။ အကောင်းဆုံးကတော့ pH ညှိထားတဲ့ အရေပြားသန့်စင် ဆေးရည် (pH balanced skin cleanser) ရှာ၍ ၀ယ်သုံးပေးနိုင်ပါတယ်လို့ သိပ္ပံပညာရှင်များက အကြံပေးပါတယ်။

          ရေချိုးပြီးတာနဲ့ တဘက်ခြောက်ခြောလေးနဲ့ အရေပြားခြောက်သွေ့အောင် ရေသုတ်ပေးပြီးမှ အရေပြားလိမ်းခရင်မ်များ လိမ်းပေးနိုင်ပါတယ်။

          ကျန်းမာတဲ့သူတွေအနေနဲ့ကတော့ အရေပြားပြဿနာမရှိရ၊ ဖြစ်မလာရလေအောင်၊ ခန္ဓာကိုယ်လန်းဆန်း ပြီး ပေါ့ပါးသွက်လက်လာအောင် ရေမှန်မှန်ချိုးကြရမယ့်အပြင် ညမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေ ရန် ရေကျက်သီးနွေးနွေးလေးတည်ပြီး ချိုးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

 

 

Credit: ဒေါက်တာရည်ွှန့်မေ

Health Digest Journal

Vol: 13, No: 43, 3-8-2016