/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မှီခိုကင်းကင်း-အိုမင်းစွမ်းစွမ်း

မှီခိုကင်းကင်း အိုမင်းစွမ်းစွမ်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးလွှမ်းမိုးဟန်

        1960 ပြည့်နှစ်၊ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှ မြေပွဲစားတစ်ဦးက “အငြိမ်းစားရပ်ကွက်” ဆိုသည့် အယူအဆကို စတင်ထုတ်ဖော်လာသည်။ အငြိမ်းစားတွေကို ဦးစားပေးရောင်းပေးသည့် အိမ်ရာအစီအစဉ်ပါ။ အငြိမ်းစား အဘိုး၊ အဘွားအရွယ်တွေပဲ စုစည်းနေထိုင်ကြမည့်ရည်ရွယ်ချက်။ ထိုစဉ်ကာလများကတော့ ထိုအကြံဉာဏ်မှ အငြင်းပွားစရာဖြစ်ခဲ့သည်။ လူကြီးသူမများမှာ တခြားမျိုးဆက် လူငယ်လူရွယ်များနှင့် နေချင်ကြ လိမ့်မည်။ ထို့အတွက်ကြောင့် “အငြိမ်းစားရပ်ကွက်” အစီအစဉ်မှာ အောင်မြင်ဖွယ်မရှိဟု ယူဆခဲ့ကြသည်။

          သို့ပေမဲ့ ထိုအကြံအစည်ကို စတင်ခဲ့သူများကမူ အငြိမ်းစားသက်ကြီးရွယ်အိုများအတွက် စဉ်းစားပြီးဂေါက်ကွင်းတစ်ကွင်း၊ ကုန်တိုက်ကြီးတစ်ခု၊ အပန်းဖြေဌာနတစ်ခုတို့ ပါ၀င်သည့် “အငြိမ်းစားရပ်ကွက်” ကို တည်ဆောက်ခဲ့ကြသည်။ “ဘ၀၏ အားလပ်အနားယူရက်များ” ဟု အမည်လှလှပေးထားသည့် ဘ၀နေ၀င်ချိန်၊ နောက်ဆုံးအချိန်များကို တက်တက်ကြွကြွ အေးအေးလူလူ၊ စိတ်ချမ်းသာမှုအပြည့်ဖြင့် ဖြတ်သန်းနိုင် သွားကြစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါသည်။ နောက်ဆုံးမှာတော့ “အငြိမ်းစားရပ်ကွက်” ယဉ်ကျေးမှုက အောင်မြင်ပေါက်မြောက်သွားခဲ့သည်။ အမေရိကတိုက်များမှသာမက ဥရောပနှင့် အာရှတိုက်နိုင်ငံများအထိပါ အငြိမ်းစားရပ်ကွက်များ ပေါ်ပေါက်လာခဲ့ပါသည်။

          ကျွန်တော့်ဇနီး၏ အဘွားဖြစ်သူ ဒေါ်အလိုက်စ်တို့ကျတော့ ထိုကဲ့သို့အငြိမ်းစားရပ်ကွက်များမှာ မနေချင်ကြ။ ကိုယ့်မူလက်ကြွေအိမ်ရာများမှာပဲ နေချင်ကြသူတွေ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေချင် သူတွေ ဖြစ်ပါသည်။ သမိုင်းတစ်လျှောက် သက်ကြီးရွယ်အိုဆိုသည်ကို ဘယ်အသက်အရွယ်မှာစပြီး ခေါ်နိုင်သလဲဟု အငြင်းပွားနေခဲ့သည်မှာ ကြာပါပြီ။ ပင်စင်ယူလိုက်သည်နှင့် သက်ကြီးရွယ်အိုဖြစ်သွားပြီလား။ အသက် 70 ကို သက်ကြီးရွယ်အိုခေါ်ပြီလား။ 65 နှစ်အရွယ်ရော ကြီးပြီလား စသဖြင့် “အို” သည့်အရွယ်ကို စည်းတစ်ချောင်းတားပြီး သတ်မှတ်ဖို့ အတော့်ကို အငြင်းပွားနေကြဆဲဖြစ်ပါသည်။ ခေတ်မီတိုးတက်ပြောင်းလဲလာသည့်ခေတ်သည် လူကြီးနှင့် လူငယ်အားလုံးကို ပိုမိုလွတ်လပ်ခွင့်ပေးလိုက်ပါသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့အခွင့်အရေး ပိုပေးလိုက်ပါသည်။ ဒီလိုနှင့် မျိုးဆက်တစ်ခုနှင့်တစ်ခု ပိုမိုေ၀းကွာ သွားစေသကဲ့သို့ဖြစ်လာပါသည်။ အိုမင်းခြင်းကို ငယ်ရွယ်နုပျိုခြင်းများက ၀င်ရောက်နေရာယူပြီး တွန်းဖယ်ပစ်လိုက်တာမဟုတ်ပါ။ မှီခိုကင်းကင်းဖြင့် လွတ်လပ်စွာနေထိုင်တတ်မှုက အိုမင်းခြင်းကို အထီးကျန်သွားစေခဲ့ခြင်းဖြစ်ပါသည်။

          အိုမင်းချိန် သို့မဟုတ် ဘ၀၏ အားလပ်အနားယူရက်များကို တစ်ကိုယ်တည်းဖြတ်သန်း ရုံဖြင့် ပြဿနာတွေ ပြေလည်သွားတာတော့မဟုတ်။ အိုပြီးရင် နာရဦးမည်၊ နာပြီးရင် သေရပါလိမ့်ဦးမည်။ တစ်ယောက်တည်းရှင်သန်နေထိုင်သည့် သက်ကြီးရွယ်အိုများအဖို့ နာမကျန်းဖြစ်လာကြသည့်အခါ တစ်ယောက်တည်း ဆက်လက်နေထိုင်လို့မရတော့။ အခြားတစ်ယေက်ကို မှီခိုလာရတော့လေသည်။

          1992 ခုနှစ်မှာ အဘွားဒေါ်အလိုက်စ် အသက် 84 နှစ်ပြည့်သည်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်နေဆဲ။ သွားတွေပြန်စိုက်သည်။ မျက်စိနှစ်ဖက်စလုံးအတွင်း တိမ်တွေခွဲသည်။ တခြားဘာရောဂါမှမရှိ၊ ဆေးရုံတက်ရတာ မျိုးလည်းမရှိ၊ သူငယ်ချင်းပေါ်လီနှင့် အားကစားရုံသို့ ပုံမှန်သွားနေတုန်း။ အဘွားအိုနှစ်ယောက်က တစ်ယောက်တစ်အိမ်စီနေပြီး ကိုယ့်အိမ်ကိစ္စ ကိုယ့်ဘာသာကိုယ်လုပ်ကြတာ။ ကျွန်တော့်ယောက္ခမကြီးတွေက သူတို့အမေကို အတူလာနေဖို့ခေါ်တော့လည်းမရ။ တစ်ယောက်တည်းသာ လွတ်လွတ်လပ်လပ်နေချင်သည့် အသက် 84 နှစ်အရွယ် အဘွားအို။

          တစ်ခါမှာတော့ မိသားတစ်စုလုံး အားလပ်ရက်ခရီးထွက်သည်။ ဒေါ်အလိုက်စ် နေ့လယ်စာစားဖို့ပေါ်မလာ။ လိုက်ကြည့်တော့မှ အခန်းမှားပြီး တစ်နေရာကိုရောက်နေသည်။ သူကလည်း မိသားစုကိုလိုက်ရှာနေ တာ။ ဒေါ်အလိုက်စ်က အလွန်သတိကောင်းသည့် အဘွားအို၊ တစ်ခါမှ သည်လိုသတိမမေ့ဖူး၊ အမှားအယွင်း မရှိဘူး၊ နောက်နေ့တွေမှာ မိသားစုက သတိထားပြီးစောင့်ကြည့်သည်။ ဘာမှ ထူးထူးခြားခြားထပ်မဖြစ်။

          တစ်ခါမှာတော့ သမီးဖြစ်သူက ဒေါ်အလိုက်စ်၏ အိမ်သို့သွားလည်သည်။ အဘွားတစ်ကိုယ်လုံးမှာ အမည်းကွက်အညိုကွက်တွေနှင့် ဒဏ်ရာတွေ မြင်မကောင်း။ ချော်လဲတာလားလို့မေးတော့ အစပိုင်းမှာ အဘွားကညာနေသေးသည်။ နောက်တော့မှ လှေကားမှချော်ကျတာဖြစ်ကြောင်း ၀န်ခံသည်။ သည့်နောက်ပိုင်းမှာတော့ အဘွားတစ်ယောက်ခဏခဏချော်လဲတော့သည်။ အရိုးကျိုးသွားတာမျိုးထိတော့ ပြင်းပြင်းထန်ထန် မရှိပေမယ့် မိသားစုကစိတ်ပူလာသည်။ သားသမီးတွေက ဆရာ၀န်ဆီခေါ်သွားတော့သည်။

          ဆရာ၀န်က ဆေးစစ်မှုတွေလုပ်ပါသည်။ အရိုးတွေက ပါးပြီးပွနေသည်။ ကယ်လစီယမ်အားဖြည့်သောက် ခိုင်းသည်။ တခြားလိုအပ်သည့် ဆေးနည်းနည်းပါးပါးပေးလိုက်သေးသည်။ ဆရာ၀န်ကိုတော့ မှန်မှန်ပြန်ပြ သည်။ ရောဂါကြီးကြီးမားမားတော့ မရှိ။ သို့ပေမဲ့ပြဿနာက ပြေလည်မသွား။ အဘွားက သတိလည်းခဏခဏမေ့ လာပြီ။ ခဏခဏချော်လဲနေတုန်း။ တဖြည်းဖြည်း ပိုပိုဆိုးလို့သာလာသည်။ အိုမင်းစွမ်းစွမ်းဘ၀မှာ နေထိုင်ခဲ့သည့် အဘွား။ အမှီခိုကင်းကင်းဖြင့်နေချင်ပေမယ့် ဘာရောဂါမှကြီးကြီးမားမား မရှိသော်ငြား တစ်ကိုယ်တော်ရပ်တည်နိုင်ဖို့ မလွယ်ကူတော့ပြီ။ ဆရာ၀န်ကိုယ်တိုင်မှာလည်း ခဏခဏချော်လဲနေသည့်ပြဿနာကို ဘယ်လိုဖြေရှင်းရမည်မှန်း မသိတော့။ ရှေ့ဆက်ပြီး ဘယ်လိုတွေဖြစ်လာမည်၊ ဘယ်လောက်အခြေအနေဆိုးလာမည်ဆိုသည်ကိုလည်း မခန့်မှန်းနိုင်တော့ပြီ။

 

 

 

Credit: ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 44, 10 - 8 - 2016