/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မြွေဟောက်အကျိုးသက်ရောက်မှု-cobra-effect

မြွေဟောက်အကျိုးသက်ရောက်မှု (Cobra Effect)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြင့်သန်း (ညောင်လေးပင်)

        အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ အုပ်စိုးစဉ်က မြွေဟောက်တွေအတော်များလို့ လူတွေအတွက်ရော၊ အစိုးရအတွက်ပါ စိတ်မသက်သာစရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အိန္ဒိယရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုရေးရာ တို့မှာ မြွေဟောက်တွေဟာ အလွန်ပတ်သက်နေတာတွေ့ရပါတယ်။ အိန္ဒိယဟာ ရုပ်ရှင်လည်း ထိပ်တန်းဖြစ်ပါတယ်။ ရုပ်ရှင်နဲ့အတူ တေးဂီတကလည်း အလွန်တွဲဖက်နေပါတယ်။ အိန္ဒိယရုပ်ရှင် တစ်ကားမှာ မြွေကိုက်ခံရတာနဲ့တောင် သီချင်းထဆိုပုံလေးကို သတိရနေမိပါတယ်။ ဗြိတိသျှတို့ရဲ့ ကိုလိုနီဘ၀ရောက်ချိန်က မြို့တော်ဒေလီမှာ အဆိပ်ပြင်းတဲ့မြွေဟောက်တွေ အတော်များလာလို့ အာဏာပိုင်တွေက မြွေဟောက်အသေဖမ်းပေးနိုင်ရင် ဆုငွေချီးမြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။ ထိုက်တန်တဲ့ ချီးမြှင့်ငွေရရှိလို့ မြွေဟောက်တွေကို မြို့သူမြို့သားတွေအငမ်းမရဖမ်းကြပါတော့တယ်။ ဒီလိုနဲ့ မြွေဟောက်တွေ တဖြည်းဖြည်းရှားလာတယ်။ ဒီအခါမှာ မြွေဟောက်မွေးမြူတဲ့ သူတွေနဲ့ မြွေဟောက်မွေးမြူရေးလုပ်ငန်း တစ်ခု ပေါ်ပေါက်လာပါတယ်။ မြွေဟောက်တွေကိုမွေးပြီး သင့်တော်တဲ့ဈေးနဲ့ပြန်ရောင်းကြလို့ တွက်ခြေကိုက်ကြပါလေရော။ အာဏာပိုင်တွေက ဒီအကြောင်းကိုလည်းသိရော မြွေဟောက်နဲ့ ဆုချီးမြှင့်ခြင်းကို ရုတ်တရက်ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလိုဆိုတော့ မြွေဟောက်မွေးသူတွေအတွက် မြွေဟောက်တွေဟာ အသုံးမ၀င်တော့တဲ့အပြင် သူတို့အတွက်အန္တရာယ်ပါဖြစ်လာပါတယ်။ အဲဒီတော့မွေးထားတဲ့ မြွေဟောက်တွေကို လွှတ်ပေးလိုက်ကြရတယ်။ ဒီအခါမှာ ဒေလီမြို့ကြီးမှာ မူလကလိုမြွေဟောက်တွေ ပြန်များလာရောတဲ့။

 

          အလားတူပဲ ဗီယက်နမ်နိုင်ငံကို ပြင်သစ်တွေသိမ်းပိုက်ထားစဉ်က ဟနွိုင်းမြို့တော်မှာ ကြွက်တွေ အတော်သောင်းကျန်းပါတယ်။ ကြွက်တွေကိုနှိမ်နင်းဖို့ ကြွက်အမြီးတစ်ခုရတိုင်း ငွေချီးမြှင့်မယ်လို့ ဆိုင်ရာကကြေညာလိုက်ပါတယ်။ ဒီတော့ မြို့သူမြို့သားတွေ ကြွက်အမြီးတွေကို အလုအယက်ရှာကြတော့တာပါပဲ။ ဟနွိုင်းမြို့တော်က ကြွက်တွေဟာ အမြီးမရှိ၊ အမြီးပြတ်နေတ့ဲကြွက်တွေဖြစ်ကုန်ကြတယ်။ ဒီကြွက်တွေကိုအမြီးဖြတ်ပြီး  ပြန်လွှတ်ပေးလိုက်တော့ ကြွက်တွေသူတို့နေရာဆီ ပြန်ရောက်သွား ကြပြီး ကြွက်ဦးရေလည်းသိသိသာသာများလာပါတယ်။ ကြွက်တွေများလာတော့အမြီးတွေဖြတ်ကြ၊ ငွေလည်း ပိုရကြတာပေါ့။

 

        ဂျာမန်စီးပွားရေးပညာရှင် Horst Siebert က နိုင်ငံရေး၊ စီးပွားရေး အရေးအရာတွေကို ဖြေရှင်းရာမှာ၊ ဖြေရှင်းလိုက်မှုကြောင့် အခြေအနေပိုဆိုးသွားတာမျိုးကို Corba Effect လို့ အမည်ပေးလိုက်ပါတယ်။ 2001 ခုနှစ်က “Cobra Effect” ဆိုတဲ့နာမည်နဲ့ စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။ သမိုင်းပညာရှင် Mishael Vann က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်က ကြွက်တွေနဲ့ ပတ်သက်ပြီး “Rat Effect” လို့ ကင်ပွန်းတပ်လိုက်ပါတယ်။ အလားတူပဲ ဂျော်ဂျီယာနိုင်ငံ Fort Benning မြို့မှာ ၀က်တွေကိုမမြင်ချင်လို့ ၀က်တွေသတ်ကြ၊ ၀က်အမြီးတွေကိုလာအပ်ရင် ထိုက်တန်တဲ့ဆုငွေပေးမယ်လို့ဆိုတာကြောင့် ၀က်အမြီးတွေ ဈေးကောင်းလာပါတယ်။ Lots of pigs were killed, even Lots of plgs more were born ၀က်တွေ သတ်ကြပေမယ့် ၀က်ကောင်ရေကတော့ ပိုတောင်တိုးလာချေသေး၊ ၀က်တွေကို ပိုမွေးလာကြတာကိုး။

 

        မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးနဲ့ ဘိုဂိုတာမြို့တွေမှာ ကားတွေများလာ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာလို့၊ ယာဉ်ပိုင်ရှင်တွေကို မိမိတု့ိရဲ့ကားကို တစ်ပတ် 7 ရက်လျှင် 2 ရက်သာ မောင်းနှင်အသုံးပြုရမည်ဆိုတဲ့ အမိန့်ထွက်လာပါတယ်။ သုံးတဲ့ယာဉ်တွေ နည်းသွားအောင်လို့၊ နည်းသွားရင် ယာဉ်ကြောပိတ်ဆို့မှုနည်းသွားမယ်လေ။ ပြီးတော့ ဥပမာ တနင်္လာနေ့ဆိုရင် ယာဉ်နံပါတ် 1 မှ 4 အထိရှိသော ယာဉ်များမမောင်းရဆိုတဲ့အမိန့်ပါ ပူးတွဲပါလာပါတယ်။ လူတွေက ကားနံပါတ်ပြား နှစ်ခုဆောင်လာကြလို့ပါ။ ယာဉ်ထိန်းရဲတွေက စစ်ဆေးကြပါတယ်။ တွေ့ရင် အရေးယူခံရပါတယ်။ ဒီတော့ လူတွေက ကားနှစ်စီး၊ သုံးစီး၊ တချို့ဆို လေးစီးအထိ၀ယ်ကြတယ်။ ကားနံပါတ်တွေကတော့ အမှန်တွေပါပဲ။ သို့သော် ယာဉ်အို၊ ယာဉ်ဟောင်းတွေဖြစ်ကြပါတယ်။ တစ်ပါတ်အတွင်း ယာဉ်တစ်စီးပြီး တစ်စီးမောင်းနိုင်ကြပါတယ်။ ဒါပေမဲ့ ကားဟောင်းတွေ ပိုများလာတယ်။ ယာဉ်ပိတ်ဆို့မှုလည်း ပိုတောင်ဆိုးလာတယ်။ ကားဟောင်းတွေကထွက်တဲ့ မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုတောင် ပိုဖြစ်လာသေးတာကို တွေ့ရပါတယ်။ ပြဿနာတွေကို ဖြေရှင်းပုံ မမှန်ရင် ပြဿနာမပြေလည်တဲ့အပြင် ပိုတောင်ရှုပ်ထွေးလာတတ်တဲ့သဘာ၀ကို တွေ့နိုင်ပါတယ်။ မြွေဟောက် အကျိုးသက်ရောက်မှုဆိုပြီး ဖတ်မှတ်ရတာ ဖြစ်ပါတယ်။

 

         “The Ruse and Wartime Stories” ဆိုတဲ့ စာအုပ်ထဲမှာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးထားတာက ဂျပန်ခေတ်က ဂျပန်တွေက ပုလိပ်ရောဂါကာကွယ်ဖို့ ဆိုပြီး ကြွက်တွေကိုဖမ်းခိုင်းပါတယ်။ အိမ်တိုင်း ကြွက်ထောင်ချောက်တစ်ခုစီ ထုတ်ယူရပြီး တစ်ပါတ်ကိုကြွက်တစ်ကောင်စီ ဂျပန်အရာရှိဆီမှာအပ်ရပါတယ်။ ကြွက်အရှင်တွေကို ဂျပန်အရာရှိတွေက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်ပြီး တာ၀န်ကြေလက်မှတ်ထုတ်ပေးပါတယ်။ ကြွက်ကိုမဖမ်းနိုင်ရင်တော့ ဂျပန်အရာရှိရဲ့ အမျိုးမျိုးသောအရေးယူမှုကို ရင်ဆိုင်ရပါတယ်။ အတော်ေ၀းတဲ့ခရီးကို လမ်းလျှောက်ခိုင်းတာမျိုး ကအစ ပိုမိုပြင်းထန်တဲ့ အပြစ်ဒဏ်ရင်ဆိုင်ရပါတယ်။ ဒါကြောင့် ကြွက်ဖမ်းပြီးရောင်းတဲ့သူတွေပေါ်လာပါတယ်။ သူတို့က ကြွက်ကိုမရရအောင်ဖမ်းပြီး ဈေးကောင်းကောင်းနဲ့ရောင်းတာမို့ ဈေးကွက်တစ်ခုဖြစ် လာပါတယ်။ ကြွက်ဦးရေလည်း တိုးပွားလှသပေါ့။

 

        Problem Solving ဆိုတဲ့ ပြဿနာဖြေရှင်းရာမှာ ပြဿနာကိုစနစ်တကျ ချဉ်းကပ်၊ လေ့လာ၊ သုံးသပ်၊ ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ Bird Eye View ဆိုတဲ့ အထက်ကနေ ငှက်မျက်လုံးနဲ့ လေ့လာဖို့လိုသလို ၊ Worm Eye View ဆိုတဲ့ တီကောင်လို အောက်ခြေနားမှာ နီးကပ်တိုး၀င်လေ့လာမှုမျိုးတွေလုပ်ဖို့လည်းလိုပါတယ်။ ဘက်ပေါင်းစုံကနေ လေ့လာနိုင်မှုဟာ အလွန်အရေးပါမယ်လို့ထင်ပါတယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုကို ဖြေရှင်းရာမှာ ဘက်ပေါင်းစုံ၊ ပညာရှင်မျိုးစုံတို့ရဲ့ အကြံဉာဏ်တွေယူတာမျိုးလည်း လုပ်သင့်ပါတယ်။ အရင်က ကားတွေရှားတယ်။ ကိုယ်သွားချင်တဲ့ခရီးကို ကိုယ်ပိုင်ကားနဲ့ဆို ရွတ်ခနဲသွားလိုက်ရင်ခရီးပေါက်တယ်။ ဒီလိုထင်စရာဖြစ်တယ်။ ဒီတော့ အစိုးရက ကားတွေလည်း တင်သွင်းခွင့်ပြုလိုက်ရော ကားတွေများလာတယ်။ ကားတွေများလာတော့ ကိုယ်လိုရာခရီး အမြန်ရောက်နိုင်မယ် ထင်ရတယ်။ လက်တွေ့မှာတော့ ကားတွေများလာလို့ ယာဉ်ကြောတွေပိတ်ဆို့ လာတယ်။ အရင်က နာရီ၀က်သွားရတဲ့ခရီးဟာ အခုဆို 2 နာရီ လောက်ကြာအောင်သွားနေရတယ်။

 

        တစ်လောက ကာတွန်းတစ်ခုဖတ်ရတယ်။ အမျိုးသမီးတစ်ယောက်က သမိုင်းလမ်းဆုံကနေ ကျောက်ကုန်းကို တက္ကစီငှားတယ်။ 4000 ကျပ်တဲ့။ များတာပေါ့လို့ ငှားတဲ့လူကပြောတော့ “မများဘူး အစ်မကြီးရဲ့ ဒီလမ်းက အခန့်မသင့်ရင် အစ်မကြီးနဲ့ ကျွန်တော်တောင် ညားသွားနိုင်တယ်” တဲ့ ။ ယာဉ်ကြောပိတ်ဆို့မှုက ဒီလောက်ဆိုးပါတယ်။ ကားတွေများလာရင် ခရီးပေါက်မယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ ပိုဆိုးသွားတယ်။ ဒါမျိုးကို Negative Theory လို့ခေါ်မယ်ထင်ပါတယ်။ ယာဉ်ပိတ်ဆို့မှုကို ဖြေရှင်းရာမှာ အဓိကအကျဆုံး တွေ့ရတာကတော့ Overpass ခေါ် ခုံးကျော်တံတားကြီးများ တစ်ခုပြီးတစ်ခု တည်ဆောက်ခြင်းဖြစ်တာကို တွေ့နိုင်ပါတယ်။ ဒီလို တည်ဆောက်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့သွားနိုင်တာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ခုံးကျော်အဆင်းမှာ ယာဉ်ကြောတွေ ပိတ်မြဲပိတ်နေတာ တွေ့နိုင်ပါတယ်။ Overpass အစား မိုးပျံ တံတားရှည်ကြီးတွေဆို ပိုထိရောက်မလားလို့လည်း အကြံပေးနေကြတာတွေ့ရပါတယ်။ မည်သို့ဆိုစေ ဘက်ပေါင်းစုံကနေ စုပေါင်းဆွေးနွေးကြရင်ကောင်းမှာပါ။

 

        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (တရုတ်ဆိုတာမပါပါ) ဟာ လူမျိုးစုများစွာ ယဉ်ကျေးမှုများစွာနဲ့ စုပေါင်းထားတာဖြစ်ပါတယ်။ မညီမျှမှုတွေကိုဖယ်ရှားပြီး ညီမျှသာယာတဲ့လူ့ဘောင်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ “Bottom Billion” ဆိုတဲ့ စာအုပ်မှာ ကမ်ဘာ့လူဦးရေ သန်းခြောက်ထောင်ရဲ့ အောက်ဆုံးက သန်းတစ်ထောင်ဟာ အဆင်းရဲဆုံး လူသန်းတစ်ထောင်ဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံလည်း ပါ၀င်ပါတယ်။ ဒီလိုဆင်းရဲနေရခြင်းဟာ (1) ပြည်တွင်းစစ်ဖြစ်နေခြင်း (2) သယံဇာတကျိန်စာသင့်နေခြင်း (3) ကုန်းတွင်းပိတ် နိုင်ငံများဖြစ်နေလေ့ရှိခြင်း (4) အုပ်ချုပ်မှုညံ့ဖျင်းခြင်း စသည်တို့ဖြစ်ကြောင်းတွေ့ရပါတယ်။ အခုလို နိုင်ငံကို အသစ်တည်ဆောက်နေချိန်မှာ Political Stability နိုင်ငံရေးအရ တည်ငြိမ်မှု၊ National Development တစ်မျိုးသားလုံး တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် အဓိကတာ၀န်ရှိသူ Stakeholders များအနေနဲ့ တည်ငြိမ်ရင့်ကျက်စွာ ဆောင်ရွက်နိုင်ကြဖို့လိုပါတယ်။ “ ပြိုင်ဘက် ” ၊ “ ငါ ” ဆိုတဲ့ အစွဲတွေကို ရှေ့တန်းမတင်ဘဲ ငြင်သာစွာကိုင်တွယ်ကြဖို့၊ အတ္တစွဲကြီးကြီးနဲ့ ဖြေရှင်းမိရင် မိမိဖြေရှင်းမှုကြောင့် ထင်သလိုဖြစ်မလာဘဲ အခြေအနေက ပိုဆိုးသွားတတ်တာ၊ ပြောခဲ့တဲ့ Cobra Effect လိုမျိုးဖြစ်သွားနိုင်တာမို့ အထူးသတိပြုသင့်ပါတယ်။

 

        “All you need is a change of heart” ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားတွေကို အများပြည်သူတွေအတွက် နူးညံ့ပျော့ပျောင်းကြဖို့ လိုအပ်ရင်ပြောင်းလဲကြဖို့်ဖြစ်ပါတယ်။ လူတစ်ယောက်က ချောင်းထဲမှာ လှေလှော်လာရင်း လှေထဲရေတွေ၀င်လာလို့ ကြည့်လိုက်တော့ အပေါက်တစ်ပေါက်ပေါက်နေတာတွေ့လိုက်ရတယ်။ သူက စဉ်းစားတယ်။ ရေ၀င်ရင် ပြန်ထွက်ဖို့ အပေါက်ဖောက်ပေးရမယ်တဲ့။ ဒါနဲ့ လှေ၀မ်းမှာ အပေါက်တစ်ပေါက်ဖောက်ပေးလိုက်တယ်။ ဘာဖြစ်သွားမလဲ စဉ်းစားစရာပါ။

 

 

 

Credit: ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health Digest Journal

Vol: 13, No: 30, 4- 5- 2016