/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဗီတာမင်-အားဆေးများများစားနိုင်လား

ဗီတာမင် အားဆေးများများစားနိုင်လား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
ဒေါက်ထွေး (ဆေး/မန်း)

ဒီဃ  ။     ။ ကိုဇီ၀ရေ အိမ်ကမိန်းမတော့ အားဆေး၀ယ်သောက်ဦးမယ်ဆိုပြီး သူ့သဘောနဲ့သူ အားဆေး ၀ယ်လာသတဲ့။ ဆိုင်က ဗီတာမင် B အားဆေးက ကောင်းတယ်ဆိုပြီး ွှန်းတယ်ဆိုလား၊ ဈေးကလည်း အခြားအားဆေးတွေထက်ချိုလို့ အလုံး 100 ပါ တစ်ဘူး၀ယ်ခဲ့သတဲ့။ ဒါနဲ့ ကျွန်တော်လည်း သူ့လို ကိုယ့်ဘာသာကိုယ် အားဆေးတွေ၀ယ်သောက်တတ်တဲ့လူတွေအတွက် မေးချင်လာတယ်။ တကယ်ဟုတ်ရဲ့လားပေါ့ဗျာ။

ဇီ၀   ။     ။ အင်း … ဆေးဆိုတာ တန်ဆေးလွန်ဘေးဗျ၊ ကောင်းတာရှိသလို မကောင်းတဲ့ဘေးထွက် ဆိုးကျိုးတွေလည်းရှိတော့ ဆရာ၀န်ညွှန်းမှ ဆေးစစ်ပြီးမှ လိုအပ်တဲ့အားဆေးကိုသောက်ရတာ ပိုမကောင်းဘူးလား။

ဒီဃ  ။     ။ ဒါဆိုရင် ဗီတာမင် B အားဆေးတွေရဲ့ ကောင်းကျိုးနဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှင်းပြပါလား။

ဇီ၀   ။     ။ အေးဗျ၊ ဗီတာမင် B အုပ်စုမှာ လူသိများတာကတော့ ဗီတာမင် B1၊ B2၊ B6၊ B12၊ နိုင်ယာစင်နဲ့ ဖောလစ်အက်စစ်တို့ပေါ့ဗျာ။ ဥပမာ ဗီတာမင် B12 ချို့တဲ့ရင် လူဟာနုံးချည့်လာမယ်။ ပင်ပန်းနွမ်းနယ်သလိုမျိုးဖြစ်လာမယ်။ အားမရှိဘူးပေါ့။ တချို့ကျတော့ ၀မ်းချုပ်တတ်တယ်။ ကြာရင်စိတ်ကျလာတတ်သတဲ့။ အဲဒီတော့ဗျာ အမျိုးသမီးတွေမကြာခဏ နေမကောင်းဘူး၊ အားမရှိသလိုချည်းပြောလာရင် ဘယ်ဗီတာမင်ချို့တဲ့လို့လဲဆိုတာ သွေးစစ်ဆေးလို့ရလာပြီမို့ ချို့တဲ့နေတဲ့ ဗီတာမင်ကို ရွေးချယ်စားပေးနိုင်ပြီပေါ့။

ဒီဃ  ။     ။ ဟုတ်လား၊ ဒါဆို ဗီတာမင် B12 အားဆေး၀ယ်စားရမှာပေါ့နော်။

ဇီ၀   ။     ။ သဘာ၀ဗီတာမင် B12 ကြွယ်၀တဲ့ အစားအစာတွေသိထားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဥပမာ အမဲအသည်းစားပေးရင် မဆိုးဘူးလေ။ အားဆေးသောက်စရာမလိုဘူးပေါ့။

ဒီဃ  ။     ။ ကျွန်တော်တို့ငယ်ငယ်တုန်းက အမေက အမဲအသည်းဟင်းချက်ကျေွးရင် အရမ်းကြိုက်တော့ စားလိုက်တာမှ ထမင်းနှစ်ပန်းကန်လောက် အသာလေးဆွဲနိုင်တယ်။ ခုအသက်ရလာတော့ဗျာ၊ အနီရောင်အသားအများကြီးမစားနဲ့ ၀မ်းတွင်းသားတွေရှောင် ဆိုတော့ တော်ရုံမစားဖြစ်တော့ဘူးလေ

ဇီ၀   ။     ။ နောက် ဗီတာမင် B အုပ်စု၀င်တစ်မျိုးက B6 ပေါ့။ ဒီအားဆေးတော့ လူတိုင်းသိတယ်၊ စားလည်းစားဖြစ်တယ်။ ခေါင်းနောက်၊ မကြည်လင်၊ ခေါင်းမူးရင်၊ အော့အန်ရင် B6 လေးသောက်လိုက်မှ သက်သာသွားတယ်ဟဲ့လို့ အရပ်ထဲအလွယ်တကူပြောလာကြတာကိုးဗျ။ မကြာခဏခေါင်းမကြည်ဖြစ်သူတွေ စိတ်ဓာတ်ကျနေသူတွေမှာ ဗီတာမင် B6 ချို့တဲ့နေတတ်တာကိုး။ ဗီတာမင် B6 မလုံလောက်ရင် နှုတ်ခမ်းလေးတွေ အက်ကွဲတတ်ပြီး ခြောက်နေတတ်တယ်။ သူကအများကြီးလိုလှတာမဟုတ်ပေမယ့် ငယ်ရွယ်သူတွေအဖို့ နှုတ်ခမ်းသား စိုစိုလက်လက်လေးဖြစ်မှ လှတာကိုး၊ နှုတ်ခမ်းတွေ အက်ကွဲလာရင်တော့ ဗီတာမင် B6 ကြွယ်၀တဲ့ကုလားပဲ၊ တူနာငါးနဲ့ အမဲအသည်းတော့ ကျေွးဦးဗျာ။

ဒီဃ  ။     ။ သြော် … ဒါကြောင့် ပဲအမျိုးမျိုးကို First Class Protein ပထမတန်းစား ပရိုတင်း (အသားဓာတ်)လို့ ပြောကြရတာကိုး။ အသားတွေမှမဟုတ်ဘဲ ပဲတွေမှာလည်း အကျိုးကျေးဇူးရရှိနိုင်တာကိုး၊ ဒါနဲ့ ဗီတာမင် B1 ကိုရောဗျာ

ဇီ၀   ။     ။ ဗီတာမင် B1 အများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ ဆန်၊ ပင်လယ်ငါးနဲ့ ပဲအနက်စေ့တွေပေါ့။ ဆန်မှာတောင် ဘရောင်းရိုက်စ် (Brown Rice) ခေါ်တဲ့ ဆန်လုံးညို၊ အခွံတစ်ထပ်သာချွတ်ထားတဲ့ မောင်းထောင်း ဆန်မျိုးမှာမှ ဗီတာမင် B1 က အများကြီးပါတာလေ။ အထူးသဖြင့် အရက်စွဲတဲ့လူတွေ၊ ကိုယ်၀န်ဆောင်တွေနဲ့ နို့်တိုက်မိခင်တွေမှာဒီဗီတာမင်ချို့တဲ့ရင် အာရုံကြောတွေထိခိုက်ပျက်စီးလွယ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရက်စွဲသူများဟာ အာဟာရဓာတ်လုံလောက်ပြည့်၀အောင် စားလေ့မရှိဘူး၊ ကြာတော့ သူတို့ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B1 မလုံလောက်ဖြစ်လာပြီး ခြေဖျားလက်ဖျားအာရုံကြောတွေ ထိခိုက်လာတဲ့အခါ ထုံကျဉ်ကိုက်ခဲလာတော့တာပေါ့။ ဘယ်ရီဘယ်ရီခေါ်တယ်။ အစိုနဲ့ အခြောက် 2 မျိုးရှိတယ်ဗျ၊ နှလုံးနဲ့ ဦးနှောက်အာရုံကြောတွေ ထိတတ်တယ်။

ဒီဃ  ။     ။ ဒါနဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေမှာ ဗီတာမင် B1 အရေးကြီးလှသလို ဖောလစ်အက်စစ်လည်း အရေးပါတယ် မဟုတ်လားဟင်

ဇီ၀   ။     ။ နှစ်ခုလုံး အရေးကြီးတယ်ဗျ။ ကိုယ်၀န်ဆောင်ချိန်မှာရော၊ သားသမီးမွေးဖွားပြီးချိန်မှာရော အာဟာရဓာတ်ပြည့်၀စွာ ရရှိဖို့လိုတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ဆားတွေ မလုံလောက်ဘူးဆိုရင် ပြဿနာတွေက လာတော့မှာပဲ။ မိခင်တွေတင်မကဘူး နို့စို့နေတဲ့ကလေးငယ်မှာလည်း ဗီတာမင် B1 ချို့တဲ့လာရင် အသက်အန္တရာယ် ရှိလာနိုင်သေးတယ်ဗျ။ ဒီပြင်ဖောလစ်အက်စစ် ချို့တဲ့ရင် နှာခေါင်းကွဲ၊ အာခေါင်ကွဲရောဂါနဲ့ Spina Bifidas ခေါ် ကျောရိုးနာဗ်ကြောမ နှစ်ခုဖြစ်တာလည်းရှိတယ်။

ဒီဃ  ။     ။ အိုး … ဒီလောက်တောင် ဆိုးဝါးရလားဗျာ

ဇီ၀   ။     ။ ဗီတာမင် B1 ချို့တဲ့ရင် ပင်ပန်းနွမ်းနယ် အားပြတ်တတ်တဲ့အပြင် ဦးနှောက်တစ်သျှူးတွေပါ ထိခိုက်ပျက်စီးနိုင်တယ်ဗျ၊ တစ်ခါတရံမှာ စိတ်ကျရောဂါဖြစ်လာတတ်သေးတယ်။ အရက်စွဲတာကြာတော့ နားထဲဟို အသံတွေကြား၊ ဒီအသံတွေကြားပြီး ကြောက်လန့်လာတာမျိုး၊ မြင်ယောင်လာပြီး ရန်ပြုလာတာမျိုးတွေရှိသေးတယ်။ အရက်ကြောင်သွားပြီလို့အရပ်ထဲပြောကြတာဗျ။ ဖောလစ်အက်စစ်ကတော့ မွေးလာမယ့် ကလေးမှာ မွေးရာပါရောဂါဖြစ်လာတတ်လို့ ပိုအရေးကြီးတယ်။

ဒီဃ  ။     ။ အေးဗျာ၊ ကိုဇီ၀က ဗီတာမင် အားဆေးတွေအစား ဘယ်လိုအစားအစာတွေ စားပေးနိုင်လဲပါရှင်းပြလိုက်တော့ ကျေးဇူးတင်တယ်၊ ဒါမှကိုယ်မစားဖြစ်တဲ့ အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက် အစေ့အဆန်မျိုးစုံကို စားပေးခြင်းဟာ ဗီတာမင် B အပါအ၀င် ဗီတာမင် A ကနေ Z အထိ အစုံရသွားတာပေါ့နော်။ သြော် … ဒီလောက်ရိုးရှင်းတဲ့ သဘာ၀အစားအစာလေးတွေကို ကျွန်တော်တို့ဟာ မျက်စိရှိန်းသွားကြတာလား ဒါမှမဟုတ် ဟိုဟာမကြိုက် ဒီဟာမစားရှောင်တာ များတော့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်ဆားတွေအပြင် အင်တီအောက်စီးဒင့်တွေပါ ချို့တဲ့လာကြပြီး ကြာလေလေကင်ဆာရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတွေ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ များလာတာ သိပ်တော့မဆန်းလှဘူးလို့ပြောရမှာပဲ

ဇီ၀   ။     ။ အဒါ သိပ်မှန်တာပေါ့ဗျာ၊ လူတွေဟာ အာဟာရဓာတ်တန်ဖိုးလေးတွေလည်း နားလည်သဘောပေါက် သွားတော့ ကျန်းမာရေးအသိပညာဗဟုသုတလေးနဲ့ နေထိုင်စားသောက် သွားတတ်ရင် ရောဂါဘယကင်းစင်ပြီး သက်ရှည်ကျန်းမာကြမှာဗျ။ ရောဂါဘယဖြစ်ပွားခံစားနေရင်တောင် အချိုးအကွေ့အရှောင်အတိမ်းတတ်လာရင် ပိုဆိုးဝါးမလာအောင် ဟန့်တားထားလို့ရသေးတာပဲဗျ။ ဥပမာ မျိုးရိုးဒါမှမဟုတ် မသိလိုက်လို့ ဆီးချိုသွေးချိုဖြစ် သွားရင် သွေးတွင်းသကြားဓာတ်ကို ဆေးဝါးနဲ့ရော အစားအသောက်အနေအထိုင်လေး ပြုပြင်စားသောက်နေထိုင် လိုက်တာနဲ့ ပုံမှန်သွေးတွင်းသကြားဓာတ် ပမာဏဖြစ်အောင် ထိန်းချုပ်လိုက်နိုင်တယ်ဗျ။ ရောဂါနဲ့အတူ အသက်ရှည်အောင်ဆက်လက်နေထိုင်သွားနိုင်သေးတာပဲ မဟုတ်လား။

ဒီဃ  ။     ။ ဟုတ်ပြီ ဆက်ပါဦး

ဇီ၀   ။     ။ နောက်တစ်မျိုးက ဗီတာမင် B2 ဗျ၊ သူချို့တဲ့ရင် လျှာ၊ နှုတ်ခမ်း၊ ရောင်ရမ်းတတ်တယ်။ အာရုံကြောပြဿနာ တက်တတ်တယ်။ စိတ်ပိုင်းဆိိုင်ရာ ရောဂါဖြစ်နိုင်တယ်။ ဗီတာမင် B2 ကြွယ်၀တာက အသည်းတွေပဲ။

ဒီဃ  ။     ။ အိမ်မှာ အမေချက်ကျေွးတဲ့ ၀က်အသည်း၊ အမဲအသည်းကိုစားရင် အဖေကပြောဖူးတယ်။ ဒါတွေစားပေးရင် ဆောင်းတွင်းမှာ နှုတ်ခမ်းမကွဲတော့ဘူးတဲ့၊ အမှန်က ကျွန်တော်တို့ငယ်ငယ်ကနေခဲ့တဲ့ အရပ်ကအညာဆိုတော့ ဆောင်းတွင်းသိပ်အေးလွန်း လို့ နှုတ်ခမ်းတွေရော နှုတ်ခမ်းထာင့်လေးတွရော ခြောက်သွေ့ပြီး အက်ကွဲလေ့ရှိတယ်ဗျ။ အမဲ သို့မဟုတ် ၀က်အသည်းကို ရေနွေးပွက်ပွက်ဆူထဲမှာပြုတ်ပြီး ကျက်နေအောင်ကျိုတာ၊ ဒီစွပ်ပြုတ်ရည်ထဲ မြန်မာနံနံပင်၊ သံပရာသီးလေးညှစ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်းအပြားရိုက်ခတ်လိုက်တော့ မွှေးနေတာပေါ့ဗျာ။ ချိုလည်းချို၊ မွှေးလည်းမွှေး၊ သောက်ရင်းသောက်ရင်း နွေးနွေးလာပြီး နေလို့ထိုင်လို့အရမ်းကောင်း၊ ကလေးများတဲ့မိသားစု ပါတီပွဲလေးမြင်ယောင်သေးဗျာ။ သြော် … အသည်းမှာ ဗီတာမင် B2 ကြွယ်၀တာကိုး။ ကျွန်တော်တို့မောင်နှမမှာ တစ်ခါမှနှုတ်ခမ်းထောင့်တွေ မကွဲဖူးဘူးဗျ။

ဇီ၀   ။     ။ နောက် ဗီတာမင် B ကတော့ နိုင်ယာစင်တဲ့ (B3) လို့လည်းခေါ်သေးတယ်။ သူကအစာကြေလွယ်တယ်။ အရေပြားနဲ့ နာဗ်အာရုံကြောတွေအတွက်ကောင်းတယ်။ နွားနို့၊ ဥ၊ ဆန်နဲ့ ငါးကရမယ်။ ဒါပေမဲ့ အများကြီးမစားမိစေနဲ့။ အများကြီးစားရင် အသည်းထိခိုက်တတ်တယ်။ အစာအိမ်နာဖြစ်တတ်ပြီး အရေပြားအနီစက်တွေထွက်လာလိမ့်မယ်။ နောက်တစ်မျိုးက ဘိုင်အိုတင်တဲ့ဗျ။ သူချို့တဲ့ရင် ဆံပင်တွေကျွတ်လိမ့်မယ်။ သွေးထဲအဆီမြင့်တက်ပြီး နှလုံးပြဿနာတက်တတ်လို့ အရေးကြီးတယ်။ ပန်းဂေါ်ဖီ၊ ဆယ်လ်မွန်ငါး၊ ဥနီ၊ ငှက်ပျောသီး၊ စီရီရယ်လ်နဲ့ ရီစ်ခေါ် တစေးတို့စားပေးရမယ်ဆိုတာပြောရင်း နိဂုံးချုပ်ကြစို့ဗျာ။

 

 

 

Credit: ဒေါက်ထွေး (ဆေး/မန်း)

Health Digest Journal

Vol: 13, No: 48, 7 - 9 - 2016