/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဖုတ်လိုက်-ဖုတ်လိုက်

ဖုတ်လိုက် ဖုတ်လိုက်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးခင်မောင်လွင်

        ကျွန်တော်လူထုကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စဉ်းစားရင် သတိရမိတဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။

          သူကတော့ ဆရာကြီးဦးကျော်၀င်းပါ။ သူစစ်ကိုင်းတိုင်းကျန်းမာရေးဦးစီးဌာနမှူး တာ၀န်ယူစဉ်အချိန် ကတည်းက ကျွန်တော်နဲ့ဆုံခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုအခြေပြုကျန်းမာရေးပညာစီမံချက်(ရေ/သန့်) စတင်ခြေချခဲ့ကတည်းက ကူညီအားပေးခဲ့တဲ့သူပါပဲ။ Public Health ကို တကယ်ဦးစီးခေါင်းဆောင်ဖူးတဲ့ လူတစ်ယောက်က ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့တဲ့အတွက် ကျွန်တော်တို့ အတော်ပဲစိတ်သက်သာခဲ့ရပါတယ်။

          ကျန်းမာရေးဦးစီးဌာနမှာ ခေါင်းဆောင်သွားတဲ့လူအများစုက ပြည်သူလူထုအကြောင်းကို သိပ်နက်နက်နဲနဲ မလေ့လာဘူးတဲ့ လူကြီးတွေပဲများပါတယ်။ လူကြီးတွေဖြစ်တဲ့အတွက် အကြီးကြီးတွေပဲစဉ်းစားကြသလို ကလေးဆရာ၀န်ကြီးတွေကလည်း လောကကြီးကိုကလေးလေးတွေလို ကြည့်မြင်တတ်ကြပါတယ်။ ဆရာကြီးဦးကျော်၀င်းကတော့ လူထုကျန်းမာရေးပုံစံအပြည့်ရှိတဲ့သူဖြစ်လို့ ကျွန်တော်တို့က ချစ်ခင်လေးစားကြပါတယ်။

          ဒီလောက်သဘောကောင်းပြီး ပြုံးပြုံးရွှင်ရွှင်ရိုးရိုးရှင်းရှင်းနေတတ်တဲ့ ဆရာဦးကျော်၀င်းကို ကြောက်တဲ့ သူတွေရှိတယ်ဆိုရင် အံ့သြကြမှာပဲ။ ဟုတ်တယ် သူ့ကိုတွေ့ရမှာကြောက်တဲ့သူတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူကမေးခွန်းတစ်ခွန်းကို မေးလေ့ရှိလို့ပဲ။ စာမေးပွဲမှာဖြစ်ဖြစ်၊ နိုင်ငံခြားသွားဖို့ပြင်ဆင်တဲ့သူတွေ ကိုဖြစ်ဖြစ်၊ ရာထူး၀င်မဲ့၊ ရာထူးတိုးမဲ့လူတွေကိုပဲဖြစ်ဖြစ် အဲဒီမေးခွန်းတစ်ခုကို သူအမြဲတမ်းမေးလေ့ရှိပါတယ်။

          “ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဘာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေနိုင်တဲ့သူရှိမှ သူကကျေနပ်တယ်။

          WHO က ဦးဆောင်တဲ့ Alma Ata Declaration ဆိုတဲ့ အယ်လ်မာအာတာကြေညာချက်ပေါ်ခဲ့တာ 1978 ခုနှစ်ကတည်းကပါ။ အဲဒီထဲမှာ Primary Healthcare ကို အခြေခံပါတယ်။

          PHC ဆိုတဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို အာပေါက်အောင် ရှင်းပြခဲ့သူကတော့ ဆရာကြီး ဦးဘထွန်းပါ။ သူကပြည့်သူ့ကျန်းမာရေးဆရာကြီးဖြစ်လို့ စာသင်တိုင်း ဟောပြောတိုင်း PHC အကြောင်းမပါရင် မပြီးပါဘူး။ သူ့ရဲ့ “From Wom to Tomb” ဆိုတဲ့ စကားတွေ၊ သူဆွဲပြတဲ့ ဒုံးပျံကြီးပုံတွေကို မှတ်မိနေပါသေးတယ်။

          ဆရာဦးကျော်၀င်း ကျန်းမာရေးညွှန်ကြားရေးမှူးဖြစ်လာတဲ့အချိန်မှာ PHC အယူအဆနဲ့ အလုပ်လုပ်ခဲ့တာဆယ်နှစ်ကျော်သွားခဲ့ပါပြီ။ ဆိုရှယ်လစ်အစိုးရကနေ “န၀တ” အစိုးရအဖြစ်နဲ့ ပြောင်းခဲ့ပါပြီ။ အဲဒီအချိန်မှာ အစိုးရသစ်ရဲ့ ကျန်းမာရေးမူဝါဒကလည်း “ပဏာမကျန်းမာရေးစောင့်ရှောက်မှု” ကိုပဲ အခြေခံခဲ့ပါတယ်။

          ဒါကြောင့် ဆရာကြီးဦးကျော်၀င်းက မေးနေတဲ့ မေးခွန်းဟာ သဘာ၀ကျတဲ့မေးခွန်းပါပဲ။ ဒါဖြင့်ရင် ဘာကြောင့်သူ့ကို ကြောက်တဲ့လူ (လူကိုမကြောက်ပေမယ့် မေးခွန်းကိုကြောက်တဲ့လူ) တွေရှိနေသလဲ။

          ဒီအဖြေကို Health Digest စာဖတ်ပရိသတ်တွေ ကိုယ်တိုင်ပဲလေ့လာပြီး အဖြေရှာနိုင်ဖို့ PHC ရဲ့လိုရင်းကို တင်ပြပါရစေ။

-   မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   လက်တွေ့ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   သိပ္ပံနည်းကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   လူမှုရေးအရ လက်ခံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   လူထုက လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   လူထုက အကုန်အကျခံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

-   အဆင့်တိုင်း၊ လုပ်ငန်းစဉ်တိုင်းမှာ လူထုကအပြည့်အ၀ပူးပေါင်းတာ၀န်ယူမှု

-   ခိုင်မာတဲ့ သန္နိဌာန်ဆုံးဖြတ်ချက်နဲ့ လူထုကကိုယ့်အားကိုယ်ကိုးဆောင်ရွက်မှု

-   တိုင်းပြည်ရဲ့ လူမှုစီးပွားဖွ့ံဖြိုးတိုးတက်ရေးမှာ အဓိကအာရုံစိုက်ဖြည့်ဆည်းပေးသင့်တဲ့ ကဏ္႑ဖြစ်မှု

          ဒီအချက်ကိုးချက်ပါတဲ့ စောင့်ရှောက်မှုကို လူထုအတွက်ပထမဦးဆုံးနဲ့ အခြေခံကျကျထိတွေ့စေမဲ့ “ပဏာမကျန်းမာရေးစောင့်ရှောက်မှု” ပဲဖြစ်ပါတယ်။

          ဘယ်သူတွေနဲ့ ထိတွေ့ဆောင်ရွက်မှာလဲဆိုရင်တော့ လူတစ်ဦးချင်း၊ မိသားစုနဲ့ လူ့အဖွဲ့အစည်းပဲဖြစ်ပြီး သူတို့နေထိုင်တဲ့နေရာ၊ သူတို့အလုပ်လုပ်တဲ့နေရာအရောက် စောင့်ရှောက်မှုပေးနိုင်တဲ့ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။

          ဒါကြောင့် PHC ဟာ “လူထုကိုယ်တိုင် မိမိရဲ့ကျန်းမာရေးဆိုင်ရာကိစ္စများ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိစေပြီး ဆေးရုံတွေမှာဖိစီးနေတဲ့၀န်ထုပ်၀န်ပိုးကို လျော့နည်းကျဆင်းသွားစေမယ်” လို့ ဆိုပါတယ်။

          “PHC reduces pressure on hospital, by supporting peoole to manage their Health issues in the community” လို့ Australian Primary Healthcare မှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

          ဒီလိုဆောင်ရွက်ရင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထူထောင်နိုင်မှာဖြစ်တယ်လို့ ရည်မှန်းပါတယ်။ “Hight Quality, Sustainable Health System” လို့ သုံးနှုန်းပါတယ်။

          အကျဉ်းချုပ်အားဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်စနစ်မှာ အချက်သုံးချက်ပါ၀င်ရမယ်လို့ Keleher ဆိုတဲ့သူက 2001 ခုနှစ်မှာ ထပ်ဆင့်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

(1)  ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ ကူးစက်ရောဂါများကို ကာကွယ်မှုအပြင် ကျန်းမာမှုမြှင့်တင်ခြင်းအလုပ်တွေကို လုပ်ရပါမယ်။

(2)  ခွင့်တူညီမျှမှု၊ လက်လှမ်းမီမှု၊ ကျန်းမာရေးစွမ်းဆောင်ရည် မြှင့်တင်မှု၊ လူထုကိုယ်တိုင် မိမိတို့ဆန္ဓအလျှောက် ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်နိုင်မှုအပြင် ဌာနအဖွဲ့အစည်းပေါင်းစုံက ပူးပေါင်းဆောင်ရွက်ရမယ်။

(3)  ကျန်းမာရေးကို လွှမ်းမိုးနေတဲ့လူမှု၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး အခြေအနေတွေကို နားလည်ပြီး ဆီလျော်စွာ စီမံဆောင်ရွက်ရမယ်။ ….. လို့ဆိုပါတယ်။

          အခုကျွန်တော်ရေးသားတင်ပြခဲ့တဲ့ အချက်အလက်အချို့ဟာ PHC ရဲ့ အခြေခံကျတဲ့ “Tip of the Iceberg” ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ အဖျားပိုင်းလို့သာဆိုပါရစေ။

          ဒါလောက်ဆိုရင် Health Digest စာချစ်သူတို့ သဘောပေါက်ပြီထင်ပါတယ်။ မြန်မာ့ကျန်းမာရေး စနစ်ဟာ ဘယ်ကိုသွားဖို့ကြိုးစားခဲ့သလဲ။ အခုတော့ဘယ်ကိုရောက်နေသလဲ၊ ဘာတွေလိုအပ်နေလို့လဲဆိုတာ ကို စေ့စေ့တွေးရင် ရေးရေးတော့ ပေါ်နိုင်ပါတယ်။

          ကျွန်တော်တစ်ဦးချင်းအနေနဲ့တော့ “Failed System” လို့ အရင်ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ “စာမေးပွဲကျတဲ့ ကျန်းမာရေးစနစ်” ကြီးပါပဲ။ လူထုမျက်မှောက်မှာ မှတ်ကျောက်အတင်မခံနိုင်တဲ့ ကျန်းမာရေး စနစ်ကြီးပါပဲ။ PHC ဆိုတဲ့ “ပဏာမကျန်းမာရေးစောင့်ရှောက်မှု” အကြောင်းကို နားမလည်စွာနဲ့ လုပ်ဆောင်ခဲ့ကြတဲ့၊ ဦးဆောင်ခဲ့ကြတဲ့ လူတွေရဲ့စုပေါင်းရလဒ်ပါပဲ။

          ဆရာကြီးဦးကျော်၀င်းက မေးခွန်းမေးမှာ ကြောက်နေကြသူတွေပဲ ဒီအလုပ်တွေလုပ်ခဲ့ကြတယ်။ ဒါတောင်မှ “ကျွန်တော်တို့က Public Health ကောင်းကောင်းလုပ်ခဲ့ကြတယ်” လို့ ပြောရဲတဲ့သူတွေရှိနေသေးတဲ့အကြောင်း ပြီးခဲ့တဲ့ဆောင်းပါးမှာရေးခဲ့တယ်။ အခုဆိုရင် ဘယ်လောက်ရှက်စရာ ကောင်းသလဲဆိုတာကို PHC ပေတံနဲ့ တိုင်းကြည့်ပေးပါ၊ အဖြေပေးပါလို့ စာဖတ်ပရိသတ်ကိုပဲ ပုဏ္ဏားတိုင်လုပ်ရတော့မှာပါပဲ။

          ညွှန်ကြားရေးမှူးချုပ်ဘ၀နဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို ပုံဖော်ဖို့ကြိုးစားခဲ့တဲ့ ဆရာကြီးဦးကျော်၀င်း ကတော့ အပြီးတိုင်အနားယူသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကျန်နေသေးတယ်။ မသေမချင်း ဒီမေးခွန်းကိုပဲ ဆက်၍ဆက်ခါမေးချင်နေပါတော့တယ်။

          အယ်မာအာတာ ကြေညာချက်ကစလို့ ပြီးခဲ့တဲ့နှစ်ပေါင်းလေးဆယ်အတွင်းမှာ ကျွန်တော်တို့ဘာတွေ နားလည်ခဲ့သလဲ။ ဘာတွေလုပ်ဆောင်ခဲ့သလဲ။

-   လူထုကျန်းမာရေး လုပ်သား (Community Health Workers) ဆိုတဲ့ လူတွေထဲမှာ သင်တန်းဆင်း ဆိုင်းဘုတ်လေးချိတ်ပြီး ဆေးကုစားနေကြတယ်။

-   အရန်သားဖွားဆရာမ (Auxiliary Midwife AMW) တွေဟာ သားဖွားဆရာမတွေနဲ့ တန်းတူအပြိုင်ကလေးမွေးပြီး စားသောက်နေထိုင်နေကြတာကိုလည်း တွေ့ရတယ်။

-   လူထုကျန်းမာရေးအတွက် လုံး၀လုံး၀တာ၀န်ယူရမဲ့ PHS ဆိုတဲ့ ၀န်ထမ်းတွေဟာ တာ၀န် (Posting) ကျရာနေရာမှာ ဆေးခန်းဖွင့်ဖို့ ကြိုးစားနေကြတယ်။

-   သားဖွားဆရာမတွေကကော?

-   အမျိုးသမီး ကျန်းမာရေးဆရာမကြီးတွေကကော?

-   ကျန်းမာရေးမှူးတွေကကော?

-   မြို့နယ်ကျန်းမာရေးဆရာ၀န်တွေကကော?

          ဒါ့အပြင် Sub-Centre ဆိုတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲဆိုတာဟာ သက်ဆိုင်ရာကျေးရွာလူထု က ဆောက်ပေးဖို့၊ သားဖွားဆရာမတွေကိုစောင့်ရှောက်ပေးဖို့ တာ၀န်ယူရပါမယ်။ လက်တွေ့မှာတော့ ပိုက်ဆံစု၊ ဆေးရုံဆောက်ပြီး ဆရာ၀န်ရဖို့၊ အထူးကုရဖို့ အကျယ်ဆုံးတောင်းဆိုနေကြတယ်။ ပေးနိုင်တာက သားဖွားဆရာမ၊ တောင်းတာက အထူးကု။ ဆောက်ပေးသင့်တာက ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ဆောက်ချက်တာက ဆေးရုံ၊ မဆုံနိုင်တဲ့မျဉ်းပြိုင်တွေကြားမှာ ရွှေမြန်မာတို့ ဖုတ်လိုက် ဖုတ်လိုက်ပဲ။

 

 

 

Credit: ဒေါက်တာခင်မောင်လွင်

Health Digest Journal

Vol: 13, No: 47, 31 - 8 - 2016