/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဖိအား၊-တွန်းအား

ဖိအား၊ တွန်းအား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
မောင်နေ (ဆေး-မန်း)

       ကျေးနှစ်ကောင်ဇာတ်လမ်းသည် အထင်ကရဖြစ်သည်။ မျိုးရိုးဗီဇနှင့် ပတ်၀န်းကျင်တို့ အားပြိုင်မှုတွင် ပတ်၀န်းကျင်၏ သက်ရောက်မှုက အားကြီးကြောင်းပြဆိုသည့် ပုံ၀တၳုဖြစ်သည်။ ပညာသင်ကျောင်းသားအရွယ်တို့တွင်လည်း ပတ်၀န်းကျင်၏ လွှမ်းမိုးမှု၊ ဘေးပတ်၀န်းကျင်ရှိ သူငယ်ချင်းအပေါင်းအဖော်တို့၏ တွန်းအား၊ ဖိအားကြီးမားပုံကို သတိထားမိသည်။ စာရေးသူတို့ ဆေးကျောင်းမှာ ပညာသင်၊ ဆေးရုံများတွင် ဆေးလက်တွေ့ဆင်းချိန်၊ နောက်ဆေးကျောင်းမှာ အလုပ်၀င်၊ စာသင်၊ ဆေးရုံများ မှာ အလုပ်လုပ်၊ သင်ကြားရေးတာ၀န်ယူစဉ်က အခြေအနေများနှင့်ပတ်၀န်းကျင်၏ ဖိအား၊ တွန်းအားကို သတိထားမိသည်။

           စာရေးသူတို့ ဆေးကျောင်းတက်စဉ်က ဆေးကျောင်းဆေးရုံတို့၏ သင်ကြားရေး၀န်းကျင် အခြေအနေများကလည်း သဟဇာတဖြစ်၊ မိမိရှေ့က အတန်းကြီးသမားများ၊ မိမိနှင့် အတန်းဖော်သူငယ်ချင်းများ၏ ဖိအား၊ တွန်းအားသက်ရောက်မှုလည်း အတိုင်းအတာတစ်ခုထိရှိသည်ထင်သည်။ ကိုယ့်ရှေ့ကအောင် ဆရာ၀န်ဖြစ်သွားကြသူများကို အားကျစိတ်နှင့် ဆရာ၀န်ကောင်း တစ်ယောက်ဖြစ်ချင်စိတ်ဆေးကျောင်းသား အားလုံးနီးပါးရဲ့ ရင်ထဲမှာရှိကြသည်။ ဒီတော့ အားလုံးမဟုတ်တောင်၊ ကျောင်းသားတော်တော်များများ ကြိုးကြိုးစားစားရှိကြသည်။ မှန်တန်းလေးတော့ အနည်းဆုံးရှိကြသည်။ ကျောင်းပျက်ရက်သိပ်မရှိကြ။ ကျောင်းချိန်မှန်၊ လက်တွေ့ဆေးရုံဆင်းချိန်မှန်ကြသည်။ အဲဒီနောက်စာရေးသူ အစိုးရအလုပ်၀င်၊ ဆရာပေါက်စဘ၀။ ဆေးအကြို၊ ဆေးလက်တွေ့ဘာသာရပ် တိုင်း ဆေးကျောင်းသားများ သိပ်ပျက်ရက်မရှိ။ စာသင်ချိန်အမီရောက်ကြသည်။ ဆေးရုံကစာသင်ခန်းအကူး ခပ်သွက်သွက်၊ ခပ်မြန်မြန်၊ အပြေးအလွှား၊ စာသင်အချိန်အမီ အရောက်သွားကြသည်။ အခန်းပြည့်။

           ဆေးရုံမှာလူနာခုတင်ဘေး ဆေးလက်တွေ့သင်တော့လည်း လူစုံ၊ တက်စုံ။ ပျက်ကွက်သည့် ကျောင်းသား၊ နောက်ကျမှ ရောက်သည့်ကျောင်းသားသိပ်မရှိ၊ နောက်ကျမှရောက်သဖြင့် ဆရာ့အကြည့်ကိုကြောက်သည်။ တခြားကျောင်းသားသူငယ်ချင်း များ၏ အကြည့်ကိုရှက်သည်။ စာသင်ခန်းကျယ်ကြီးစာသင်တော့၊ အတန်းမပြီးခင် ထွက်သွားသည့်ကျောင်းသားမရှိ၊ စေတနာနှင့် သင်နေသည့် ဆရာကိုအားနာသည်။ သူကျောင်းမပျက်လျှင် ကိုယ်လည်းမပျက်၊ သူကျောင်းနောက်မကျလျှင် ကိုယ်လည်း နောက်မကျ၊ တစ်ဦးနှင့်တစ်ဦး ထိန်းပြီးဖြစ်သည်။ အတန်းဖော်သူငယ်ချင်းများ၏ တွန်းအား၊ ဖိအား ထင်သည်။

           ယခုတော့ အစိုးရအလုပ်က နားသည်မှာ တော်တော်လေးကြာသွားပြီ။ ကျောင်းသားတွေအကြောင်း၊ စာသင်ခန်းတွေ အကြောင်း သိပ်မသိတော့။ အတန်းဖော် သူငယ်ချင်းတို့၏ တစ်ဦးနှင့်တစ်ဦးအပေါ် ဖိအား၊ တွန်းအားက အပေါင်းလက္ခဏာဆောင်လေသလား၊ အနုတ်လက္ခဏာဆောင်လေသလား မသိတော့။

           တခြား ဖိအား၊ တွန်းအားတွေလည်း ရှိသေးသည်။ တစ်နေ့က အင်ဆူလင်ဆေး အသစ်အကြောင်း ဆေးပညာဟောပြောပွဲတစ်ခုသို့ တက်ဖြစ်သည်။ ဆွေးနွေးပွဲသို့ အထူးကုဆရာ၀န်၊ အထွေထွေကုဆရာ၀န် စုစုပေါင်း 100 နီးပါးတက်သည်။

           ဒီအင်ဆူလင်ဆေးအသစ် နိုင်ငံတကာမှာသုံးနေကြသလို မြန်မာနိုင်ငံဆေးလောကသို့လည်း မကြာခင်ကရောက်လာသည့်ဆေးသစ်ဖြစ်သည်။ ယခုဆေးသစ်က ယခင်အင်ဆူလင်များနှင့်မတူ၊ ပိုအဆင့်မြင့်သော နည်းပညာနှင့်ထုတ်လုပ်ထားသည်။

           ဟောပြောသူ ယူကေနိုင်ငံသား ပါမောက္ခဆရာ၀န်ကြီးက ဆေးအသစ်သည် ယခင် အင်ဆူလင်တို့ထက် အာနိသင်ပို ကောင်းကြောင်း၊ ဆေးသစ်၏ အဓိကအားသာချက်မှာ ညအိပ်နေစဉ် သွေးတွင်းအချိုဓာတ် အလွန်အကျွံကျသည့်အန္တရာယ် ယခင်အင်ဆူလင်တို့ထက်နည်းကြောင်း စသည်ဖြင့် အဓိကထားဟောသွားသည်။ သို့ပေမယ့် ဒီဆေးသစ်က အဆင့်မြင့်နည်းပညာသုံးဖြစ်သဖြင့် ယခင်အင်ဆူလင်တို့ထက်ဈေးပိုကြီးသည်။

           ဟောပြောသူဆရာ၀န်ကြီးက နိဂုံးချုပ်ရာတွင် သူအပါအ၀င် ယူကေနိုင်ငံက သွေးချိုအထူးကုဆရာ၀န်များရော၊ တခြား အထူးကုဆရာ၀န်ကြီးများပါ ယခုအင်ဆူလင်ဆေးအသစ်ကို ဈေးနှုန်းကြောင့် ခပ်လွယ်လွယ်နှင့်ထင်တိုင်း မသုံး၊ ယခင် အင်ဆူ လင်များကိုသာ ပိုသုံးသည်။ နိုင်ငံ၏ ကုသရေး လမ်းညွှန်များအတိုင်း တိတိကျကျ လိုက်နာကြသည်ဆိုပြီး သူ့ကိုဖိတ်သည့်ဆေး ကုမ္ပဏီကိုပင် ရှေ့မျက်နှာနောက်ထားပြီး ပညာရှင်ဆန်စွာပြောသွားသည်။

           ဆွေးနွေးပွဲအပြီး ဟောပြောသူဆရာ၀န်ကြီးနှင့် စကားစမြည်ပြောဖြစ်တော့ သူရောက်ဖူးသည့်တချို့နိုင်ငံများ အကြောင်းပြောပြသည်။ ကုသရေးလမ်းညွှန်များလည်း တိတိကျကျမရှိသေးတော့ ဈေးကြီးကြီးဆေးသစ် တစ်ခုပေါ်ပြီဆိုသည်နှင့် ဆရာ၀န်ကြီး၊ ငယ်အားလုံး အပြိုင်အဆိုင်သုံးကြသည်။ ကိုယ့်လူနာအတွက်နောက်ဆုံးပေါ်၊ အကောင်းဆုံးဆိုပြီး သုံးကြသလို လူနာကို နောက်ဆုံးပေါ်သုံးသည့်ဆရာ၀န်ဟု ကြွားလုံးထုတ်သည်လည်း ပါနိုင်သည်ဟု သူ့ထင်မြင်ချက်ကို ပေးသည်။ ဆေးကုမ္ပဏီတို့၏ ဖိအား၊ တွန်းအားမည်မျှပါသည်မသိ။ အမှန်တော့ဈေးကြီးတိုင်း၊ ဆေးအသစ်ဆိုတိုင်း အလွယ်တကူ မသုံးသင့်ကြောင်း၊ လူနာအတွက် အမှန်တကယ်အကျိုးရှိ၊ အထောက်အထားခိုင်လုံ၊ တခြားဆေးများထက် ထူးကဲသည့် အာနိသင်ရှိ၊ ဆေး၏ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲပြဿနာ၊ ဆောင်ရန်၊ ရှောင်ရန်တို့ကို ထဲထဲ၀င်၀င်သိ၊ လူနာအတွက် အကျိုး၊ အပြစ် သက်ရောက်မှုအားလုံးကို သုံးသပ်၊ လူနာအတွက် အကောင်းဆုံးဖြစ်သည်ဟု သေချာမှသုံးသင့်ကြောင်း ဆက်ပြောသည်။

           တစ်ခါကလည်း သွေးကျဲဆေးအသစ်တစ်ခုအကြောင်းသတိထားမိသည်။ ယင်းဆေးအသစ်က ယခင်သွေးကျဲဆေးများနှင့် အနည်းငယ်ကွဲပြားသည်။ ပိုအာနိသင်ပြင်းထန်သည်။ ဈေးကြီးသည်။ သွေးယို၊ သွေးထွက် အပြစ်ပိုများသည်။ ပိုဖြစ်သည်။ ထို့ကြောင့် ကုသလေးလမ်းညွှန်များက ယင်းဆေးအသုံးကို ထိန်းထားသည်။ ထူးထူးခြားခြား ယင်ဆေးကိုမကြာခင်က လေဖြတ်ထားသောလူနာတွင် မသုံးရ။ သာမန်ကြည့်လျှင်တော့ သွေးကျဲဆေး၊ သူ့မှာထူးခြားချက်တွေရှိသည်။ အကယ်၍ ဆေးကုမ္ပဏီက ဈေးကွက်မြှင့်၊ ဆရာ၀န်ကိုရှင်းရာတွင် သာမန်သွေးကျဲဆေး၊ ပိုစွမ်းသော သွေးကျဲဆေးဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်၀က်တစ်ပျက်ရှင်း။ ဆရာ၀န်မအားလို့၊ ဆရာ၀န်အချိန်မပေးနိုင်လိ်ု့၊ ဆရာ၀န်သိမှာပဲဟု သဘောထားလို့ စသည်ဖြင့် ဆေးရဲ့ အပြစ်၊ အားနည်းချက်၊ ရှောင်ရန်၊ ဘေးထွက်ဆိုးကျိုးစသည်တို့ကို ရှင်းမပြ၊ ဖုံးကွယ်သလိုဖြစ်နေလျှင်တော့ လူနာကအကျိုးရှိရှိဆေးကို နည်းမှန်လမ်းမှန်ရလိမ့်မည်မဟုတ်ပေ။ ဆရာ၀န်က ဆေးကုမ္ပဏီတို့၏ ဖိအား၊ တွန်းအားကို သတိထားရန်လိုသလို ဆေးကုမ္ပဏီများကလည်း ကျင့်၀တ်နှင့်ညီရန် လိုသည်ထင်သည်။

 

 

 

Credit: မောင်နေ (ဆေး-မန်း)

Health Digest Journal

Vol: 13, No: 29, 27-4-2016