/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/တကယ်အလုပ်ဖြစ်ရဲ့လား

တကယ်အလုပ်ဖြစ်ရဲ့လား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        “စားလည်းအများကြီး မစားရပါဘူး၊ ဒါပေမယ့် လူက ၀၀လာတာစိတ်ပျက်ရတယ်” လို့ လူတချို့ပြောလေ့ရှိပါတယ်။ အများကြီးအားရပါးရမစားပေမယ့် ကိုယ်စားတဲ့ အစားအစာအမျိုးအစားက ချိစ်၊ ဘာဂါလို ဘိုစာတွေ၊ ပီဇာလိုအနောက်တိုင်းကြိုက် အစာတွေစားရင်တော့ ထိုသူတွေရဲ့ ဗိုက်မှာအဆီစုလာမှာမလွဲပါဘူး။ လူအများစုဟာ သူတို့စားတဲ့ အစားအသောက်တွေကို ပြောင်းလဲစားသောက်နေထိုင်လိုက်ခြင်းဖြင့် သွေးတွင်း ကိုယ်လက်စထရောလ်နဲ့ ခန္ဓာကိုယ်ဗိုက်တစ်၀ိုက်နဲ့ ခါးတစ်၀ိုက်မှာစု နေတဲ့အဆီဓာတ်ကိုနည်းသွားပြီး ခန္ဓာကိုယ်အချိုးအစားကျစ်လျစ်လာအောင် ချပေးလို့ရပါတယ်။ ဥပမာ ဟမ်ဘာဂါကြိုက်သူဆိုရင် ဘာဂါထဲမှာ အသားတွေ၊ ချိစ်တွေ၊ မရောနီ့စ်တွေ အများကြီးထည့်စားမယ့်အစား အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်၊ မုန်လာဥနီ သို့မဟုတ် ဆလပ်ရွက်တို့ပိုထည့်ပြီးစားပေးတာမျိုး၊ ပီဇာမှာ ချိစ်တွေအမျှင်တန်းကြီးရှည်ထွက်လာအောင် လုပ်ထား တာမျိုးအစား တတ်နိုင်သမျှဟင်းသီးဟင်းရွက်ပိုထည့်ထားတာမျိုး ပြောင်းလဲစားပေးနိုင်ပါသတဲ့။ အကောင်းဆုံးကတော့ မြန်မာ့ ရိုးရာထမင်းနဲ့ ဆီကျန် ရေကျန်အသားဟင်းကို အသီးအရွက်များများရောပြီး စားတာဟာ သင့်တင့်မျှတပါလိမ့်မယ်။ ဆားငန်ငန်ခတ်တဲ့ ဓလေ့တော့ပြောင်းသင့်ပါပြီ။ လျှာအရသာလည်းပြောင်းလဲ သင့်ပါပြီ။ နို့နဲ့နို့ထွက်ပစ္စည်းများဖြစ်တဲ့ ထောပတ်၊ ချိစ်၊ မာဂျရင်း(မခမ်း) စတာတွေကြိုက်နေတာလည်း လျှော့သင့် ပါတယ်။ အလှူအတန်းတွေမှာ ထောပတ်ထမင်းကျေွးတာမျိုး၊ ငန်ကြွပ်နေတဲ့ ဒန်ပေါက်ထမင်းကျေွးတာမျိုးအစား အသားနဲ့ ဟင်းသီးဟင်းရွက်သင့်တင့်မျှတအောင်ကျေွးမွေးကြတဲ့ ဓလေ့မျိုး ရုန်းထွက်ဖောက်သင့်ပါတယ်။ ကိုယ့်အလှူကိုလာကြမယ့် မိတ်ဆွေတွေရဲ့ ကျန်းမာရေးကိုလည်း အားပေးကူညီစောင့်ရှောက်ဖို့လိုပါတယ်။ ထမင်းဟင်းကျေွးမွေးကြတဲ့အဖွဲ့က ဟင်းလိုက်တာမလောက်ရင် ဆားခတ်၊ ရေရောအချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်ပေါင်ထုပ်ကြီး တစ်ထုပ်လုံးထည့်ချက်တာမျိုးဟာ ရောဂါအခံရှိသူများ လေဖြတ်ရန် အားပေးသလိုမျိုးဖြစ်စေကြောင်း သတိထားလိုက်ရင် ကောင်းကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါမှကိုယ့်အလှူက စားပြီးဆေးရုံတက်လိုက်ရတဲ့သတင်းမျိုးတွေ နည်းပါးလာနိုင်ပါတယ်။

          ကဲ … ဒီတစ်ပတ်မှာတော့ သင့်ခန္ဓာကိုယ်ထဲက ကိုလက်စထရောလ်ခေါ် မကောင်းတဲ့အဆီတွေ နည်းပါးကျဆင်းလာ အောင် ရိုးရိုးလေးပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြလိုပါတယ်။

 

(1) ပြည့်၀ဆီ အသွင်းပြောင်းဆီတွေရှောင်ပြီး ကောင်းတဲ့ဆီမျိုးရှာပြီး ၀ယ်သုံးကြည့်ရအောင်

          အပင်ကရတဲ့ဆီ အထူးသဖြင့် ပဲ၊ နေကြာ၊ သံလွင်၊ မက္ကဒေးမီးယားစတဲ့ အစေ့အဆန်ကရတဲ့ ဆီတွေကတော့ ကိုလက် စထရောလ်နည်းစေပါတယ်။ ဒါပေမယ့် များများသုံးရင်၊ ချက်ရင် များများပါးစပ်ထဲ၀င်မှာမို့ ချင့်ချိန်သုံးပြီးချက်ပါလေ။ အသွင် ပြောင်းဆီဆိုတာ ဆီကိုအငွေ့ထွက်လာအောင် အကြာကြီးကြော်လိုက်ရင် ဥပမာ - ကြက်သွန်နီကို ကြွပ်ကြွပ်ရွရွဖြစ်အောင် အကြာကြီးကြော်ရတဲ့အခါ ဆီကိုမီးအပူ ကြာကြာပေးရတော့ ဆီရဲ့ အရောင်ဟာ နီမြန်းလာကာ မဲလာတာတွေ့ကြရမှာပါ။ ဒါဆို ရင် အသွင်ပြောင်းဆီ Transfat ဖြစ်လာပါပြီ။ ဆီချက်များများချက်စားလေ သင့်ကိုကိုလက်စထရောလ်တက်လာစေလေဖြစ်မှာပါ။

          ဒါကြောင့် အသုပ်သုပ်စားရင် ဆီစိမ်းလေးဆမ်းပြီး သုပ်စားလည်း အရသာရှိပြီး သွေးတွင်း ကိုလက်စထရောလ်တက်ရန် အခွင့်အလမ်းနည်းပါးသွားပြီ။ အသင့်စားရင် အကြော်ထုပ်တွေမှာ Partially Hydrogenated Vegetable Oils လို့ရေးတာပါရင် ဒါလည်းအသွင်ပြောင်းဆီပါပဲလို့ သိသင့်တယ်။ အသားတုံးတစ်တုံးတိုင်း တိရစၧာန်အဆီအမြဲပါလေ့ရှိတာမို့ ငါး အထူးသဖြင့် ပင်လယ်ငါးမှာ အိုမီဂါ-3 ဖက်တီးအက်စစ်ပါလို့ ထိုပင်လယ်ငါးဖက်တီးအက်စစ်က လူ့ခန္ဓာကိုယ်ထဲက သွေးတွင်းအဆီဓာတ် ကို လျှော့ကျစေပါတယ်။ အစေ့အဆန်တွေလည်းစားသင့်ပါတယ်။ မိတ်ဆွေတစ်ဦးက ပြောပြဖူး တယ်။ မြေပဲလှော်အရမ်းကြိုက်တော့ တစ်ခါစားရင် 50 သားအသာလေးလို့ ပြောပြဖူးပါတယ်။ သင့်တင့်မျှတစွာစားခြင်းဟာ အကောင်းဆုံးကုထုံးဖြစ်တာမို့ ကိုယ့်စိတ် ကိုယ်ထိန်းစားရင် အကောင်းဆုံးပါ။

 

(2) ၀မ်းတစ်လုံးကောင်း ခေါင်းမခဲတော့ပါ

          အ၀င်နဲ့အထွက်ညီမျှခြင်းဟာ လူကိုသွက်လက်စေပါတယ်။ ၀မ်းမှန်ရင် လေလည်းမှန်ကန်တာမို့ ၀မ်းဗိုက်အောင့် လေထိုး လေပွဖြစ်ခြင်းက ရှောင်နိုင်တာမို့ ဖိစီးမှုတွေမရှိစေပါ။ ၀မ်းကျန်ရင် လူကနေမကောင်းတော့ပါ။ အဲဒီလို မှန်နေစေရန် အမျှင်ဓာတ် များတဲ့ အစားအစာတွေ ဥပမာ ဆန်လုံးညို၊ အုတ်ဂျုံနဲ့ ဟင်းသီးဟင်းရွက်၊ ပဲသီးအမျိုးမျိုးအပြင် သစ်သီးတွေနေ့စဉ်ပါအောင် စားသင့်ပါတယ်။ ရေလည်း တစ်နေ့ 2 လီတာလောက် သောက်ရင် အိုကေပါတယ်။ အမျှင်ဓာတ်ဟာ ကိုလက်စထရောလ်နည်း ပါးစေပါတယ်။

 

(3) သဘာ၀အဆီကျ အစားအစာတွေဟာ အပင်တွေကရတာပါ

          သဘာ၀ဟာ တရားမျှတပြီးသားပါ။ အပင်တွေထဲမှာပါတဲ့ သဘာ၀ဓာတ်ပေါင်းတွေရဲ့တည်ဆောက်ပုံနဲ့ အဆီကိုလက်စထရောလ်ရဲ့ တည်ဆောက်ပုံမှာ အတော်လေးဆင်တူပါတယ်။ ဒါကြောင့် အသီးအရွက် များများစားသူတွေမှာ သူ့ခန္ဓာကိုယ် ကိုယ်တိုင်က အသားကရတဲ့ကိုလက်စထရောလ်တွေ စုပ်ယူမှုကို ထိန်းချုပ်လိုက်ပြီး ဟင်းရွက်နဲ့သစ်သီးက ကိုလက်စထရောလ် (Plant Sterols) ကိုပဲ စုပ်ယူတော့ သင့်သွေးထဲမှာမကောင်းတဲ့ ကိုလက်စထရောလ်မတက်စေတော့ပါ။ ဒါကြောင့် အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ အဆီမပါဒိန်ချိဉ်မျိုး စားပေးနိုင်ပါတယ်။

 

(4) ကိုယ့်အတွက်အလုပ်ဖြစ်တဲ့ အစားအစာမျိုး စဉ်းစားချက်ပါလေ

          ကိုယ်ကလည်း စားနိုင်မယ့်၊ ကိုယ်အလေးချိန်မတက်စေမယ့် အစားအစာမျိုး ရွေးချယ်စဉ်းစားချက်ပါ။ ကိုယ်တကယ် မစားနိုင်တဲ့အစာဟာ ခေတ္တခဏပဲ အလုပ်ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်လည်းကျ ခါးနဲ့ဗိုက်က အဆီချနိုင်တဲ့ အစားအစာ တွေစားရမယ့်အပြင် ကိုယ်ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ရန်အရေးကြီးပါတယ်။ ကိုယ်နဲ့ကိုက်မယ့် အစားအစာကိုယ့်ဘာသာကိုယ် ရှာဖွေလေ့လာစားသောက်ကြည့်ပါ။

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 29, 27-4-2016