/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဆူရှီ၏-ကျန်းမာရေးအတွက်-သင့်၏-မသင့်၏

ဆူရှီ၏ ကျန်းမာရေးအတွက် သင့်၏ မသင့်၏

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
ဒေါက်ထွေး (ဆေး/မန်း)

ဒီဃ ။    ။ ကိုဇီ၀ရေ။ ဒီခေတ် လူငယ်တွေက ဆူရှီ (Sushi) ဆိုတဲ့ ဂျပန်အစားအစာကို ခရေဇီပဲဗျို့။ အပြင်ထွက်လည်ရင် ဒါပဲစားချင်သလို၊ အိမ်မှာ အိမ်သားတွေလူစုံရင်ဒါပဲလုပ်တာဗျ။ ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား၊ မသင့်လားလို့ တစ်ခါတစ်ရံ စဉ်းစားမိတာလေးချင်ဗျားနဲ့တွေ့မှ မေးဦးမယ်ဆိုပြီး လာခဲ့တာဗျ

ဇီ၀  ။    ။ လူအများစုကတော့ ပင်လယ်စာနဲ့လုပ်တာ အာဟာရဖြစ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တယ်၊ ပင်လယ်ငါး ပါတယ်ဆိုတော့ အိုမီဂါ 3 ဖက်တီးအက်စစ်ကြွယ်၀တယ်ဆိုပြီးစားကြတာမဟုတ်လား။ ဒါပေမယ့် ငါးတွေ၊ ကစီဓာတ်ဆန်တွေ အပြင်စားကောင်းအောင်ထည့်ရတဲ့ ဆားအငန်တွေ၊ ဆော့စ်တွေ၊ ယမ်းစိမ်းတွေ၊ ဟင်းခတ်မှုန့တွေ အကြောင်းတော့မေ့ထားလေ့ ရှိတာဗျ။ ကျန်းမာရေးအတွက် သေးစိတ်လေ့လာ ချင်ရင် ပြောစရာတွေတော့ရှိတယ်။

ဒီဃ ။    ။ ကဲ - ပြောပြပါဦးဗျာ

ဇီ၀  ။    ။ ဆူရှီဆိုတာ ဂျပန်အစားအစာ။ ဒါပေမဲ့ ယနေ့ကမ်ဘာအနှံ့ကျော်ကြားလှတဲ့ အစားအစာဖြစ်နေပြီ။ သူ့အထဲမှာ ချက်ပြုတ်ပြီးသား ဗီနီကာအရသာ ဆန်ရယ်၊ ငါးရယ် (ငါးက အကျက် သို့မဟုတ် အစိမ်းဖြစ်ချင်ဖြစ်မယ်ဗျ)၊ ဟင်းသီးဟင်းရွက် တွေရယ်ကို ဂျပန်လိုနိုရီ (Nori) လို့ခေါ်တဲ့ ပင်လယ်ရေညှိထဲမှာ ထည့်လိပ်တာပဲဗျ။ အများအားဖြင့် ပဲငံပြာရည်ရယ်၊ အရမ်းစပ်ရှားရှား အစိမ်းရောင် ယမ်းစိမ်း (ဂျပန်လိုတော့ ဝါစာဘီ -Wasabi) ရယ်၊ အချည်တည်ထားတဲ့ ချင်းရယ်တို့ရောနယ်ပြီး ဆူရှီလုပ်လေ့ရှိတတ်တယ်။ 7 ရာစုလောက်ကတည်းက ဂျပန်မှာ ငါးဆားနယ်နဲ့လုပ်ပြီး ပထမဆုံးလူသိများလာတာတဲ့ဗျ။ ရေဆေးသန့်ပြီး ငါးအသားကိုထမင်းနဲ့ ဆားကြားထဲဖိသပ်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာအောင်ထား၊ ငါးချဉ်လုပ်တာက စတာပေါ့ဗျာ။ 17 ရာစုအလယ်လောက်မှ ထမင်းထဲ ဗီနီကာထည့်ပြီးစားလာကြတာ။ အချဉ်မတည်တော့ဘူး။ ပိုပြီးအရသာ ကောင်းလာတာကိုး။ အချဉ်တည်ရင် ဆားကများ၊ အစာအိမ်အတွက် အစာခြေတာမကောင်းတော့ အဲဒီနည်းအစား ငါးလတ်လတ်ဆတ်ဆတ်နဲ့လုပ်ပြီး အရသာပိုကောင်း၊ ပိုကျော်ကြား၊ ကမ်ဘာအနှံ့ ဆူရှီပေါက်တာများ အမေရိကန်မှာဆိုရင်တအား ရောင်းကောင်းလွန်းလို့ အာရှကပြောင်းရွှေ့နေထိုင်သူအတော်များများ အမေရိကန်ရောက်ရင် ဆူရှီနဲ့၀င်ငွေအရင်ရှာရဆိုပဲ။

ဒီဃ ။    ။ ဟုတ်ပြီ။ ဆူရှီရာဇ၀င်လေး ဗဟုသုတသိရပြီ၊ ဆက်ပါဦးဗျာ။ ဆူရှီအမျိုးအစား လှလှလေးတွေအကြောင်း မှန်ပုံးထဲ ထည့်ပြထားတာစားချင်စရာတွေဗျ

ဇီ၀  ။    ။ လူကြိုက်အများဆုံး ဆူရှီ 5 မျိုးကတော့ (1) ဟိုဆုမကီ (Hosomaki)၊ (2) ဖူတိုမကီ (Futomaki)၊ (3) ယူရာမကီ (Uramaki)၊ (4) တီမကီ (Temaki) နဲ့ (5) နီဂရီ (Nigiri) တို့ပဲ။ အင်တာနက်မှာ Images for Hosomaki, Futomaki စသည်ဖြင့် ရိုက်ပေးလိုက်ရင် ပုံတွေလှလှလေး မြင်ရလိမ့်မယ်ဗျို့။

ဒီဃ ။    ။ အေးဗျာ။ ဆူရှီရောင်းတဲ့ဆိုင်ထဲရောက်သွားရင် စာအုပ်ထဲကရုပ်ပုံလေးတွေ လက်ညှိုးထိုးပြပြီး မှာလိုက်ကြတာ၊ ခင်ဗျားပြောသလို နာမည်တောင် သတိမထားမိပါဘူးဗျာ။ ဆူရှီအမျိုးအစားအကြောင်းရှင်းပြပါဦး။

ဇီ၀  ။    ။ (1) ဟိုဆိုမကီ (Hosomaki) ဆိုတဲ့ဆူရှီလိပ်က ရေညှိချပ်ထဲ ထမင်းနဲ့ငါး သို့မဟုတ် သခွားသီး သို့မဟုတ် မုန်လာဥနီ သို့မဟုတ် ထောပတ်သီး တစ်မျိုးမျိုးကိုထည့်လိပ်ပြီး၊ ခပ်ထူထူလေးလှီးတာ။ 1 လက်မ၊ 1 လက်မခွဲလောက် ထူတယ်ဗျ။ (2) ဖူတိုမကီ (Futomaki) ကတော့ ရေညှိချပ်ထဲ ငါး၊ သွားသီး၊ ဥနီ၊ ကြက်အူချောင်း အစုံပဲ 3 မျိုး၊ 4 မျိုး ထမင်းနဲ့ရောလိပ်တာ၊ သူ့ကိုတော့ ခပ်ပါးပါး 0.5 စင်တီမီတာလောက်ပဲ အကွင်းလိုက်လှီးဗျ။ စီးတီးမတ်တွေမှာ ဖူတိုမကီတွေရောင်းတာများတယ်။ ဆူရှီအမျိုးအစားအကုန်လုံး စားချင်ရင်တော့ ဂျပန်ဆူရှီသီးသန့်ရောင်းတဲ့ ဆိုင်သွားမှရမယ်၊ (3) ယူရာမကီ (Uramaki) ကတော့ ရှေ့က ဟိုဆိုမကီနဲ့ ဖူတိုမကီလို ပါ၀င်ပစ္စည်းများတယ်။ သို့သော် ထူးခြားတာကရေညှိအနက်ရောင်က အတွင်းဘက်ရောက်သွားပြီး ထမင်းတွေက အပြင်ဘက်ရောက် လာတယ်ဗျ။ ပုံတွေမြင်ရမှ သဘောပေါက်လိမ့်မယ်။ ဟိုဆိုမကီနဲ့ ဖူတိုမကီကတော့ ရှင်းတယ်။ ရေညှိအနက်ရောင်ကအပြင်ဘက်မှာလိပ်တာ။ (4) တီမကီဆိုတဲ့ ဆူရှီကတော့ ရေညှိကတော့ပုံလေးဗျ။ ထမင်းနဲ့ဟင်းရွက်တွေကို အထဲမှာတွေ့ရတယ်။ ကတော့ပုံလေးလိပ်တာပါ။ (5) နီဂရီ (Nigiri) အမျိုးအစား ဆူရှီတွေကတော့ ထမင်းပုံလေးတွေအပေါ်မှာ ငါးအသားလွှာ သို့မဟုတ် ကင်းမွန်အသားလွှာ သို့မဟုတ် ပုစွန်အသားလွှာလေး တွေလှလှပပတင်ပြီး ထားတာတွေပါပဲဗျာ။

ဒီဃ ။    ။ ဟုတ်ပြီ။ ယူရာမကီလား မသိဘူးဗျ။ အပြင်ဘက်က ထမင်းပေါ်မှာ နှမ်းစေ့လေးတွေတစ်ခါတစ်ရံ ငါးဥလို့ပြောတာပဲဗျ။ နီဝါရင့်ရင့်အစေ့လေးတွေနဲ့ ကပ်ထားတာအတော်လှသလို၊ စားလို့လည်း ကောင်းတယ်ဗျ။ ဟုတ်ပြီ၊ ဆူရှီကို ဘာ့ကြောင့် အာဟာရဓာတ်ပြည်၀၊ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပြောကြရတာလဲ

ဇီ၀  ။    ။ ဆူရှီလုပ်တဲ့အခါ အဓိကအားဖြင့် ပါ၀င်တဲ့ပစ္စည်းတွေဟာ သဘာ၀အစားအစာတွေများတယ်ဗျ။ ဥပမာ - ငါးဆိုပါစို့။ ပင်လယ်ငါးဖြစ်တဲ့အတွက် ကျွန်တော်တို့ မကြာခဏပြောလေ့ရှိတဲ့ အဆီကျစေတဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်၊ အသားဓာတ်အပြင် ဗီတာမင်တွေနဲ့ သတ္တုဓာတ်ဆားတွေ အမျိုးမျိုးပါတာကိုးဗျ။ ငါးစားရင်ဉာဏ်ကောင်း၍ မျက်စိအမြင်ကြည်လင်စေပြီး စိတ်ကျရောဂါနဲ့အချို့သော သွေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ရောဂါတွေဖြစ်နိုင်ခြေနည်းပါးစေတဲ့ အကျိုးကျေးဇူးတွေရှိတာကိုးဗျ။

ဒီဃ ။    ။ ဟုတ်ပြီ။ ဒါနဲ့ ငါးက အစိမ်းတွေလိုပဲဗျာ။ အဲဒါကို ကျက်အောင်တို့စားရတဲ့ အစိမ်းရေုာင် ဒီမှာတော့ ယမ်းစိမ်းဆိုလား အရမ်းစပ်ပြီ ကျွန်တော်တော့မကြိုက်လှဘူး။ အဲ … ယမ်းစိမ်းဆိုတာဘာလဲဟင်။

ဇီ၀  ။    ။ ဂျပန်လိုတော့ ဝါစာဘီ (Wasabi) ခေါ်တဲ့ အနှစ်နဲ့ ငါးကိုတို့ပြီးစားကြတာဗျ။ အရမ်းစပ်တယ်။ နည်းနည်းလေးပဲတို့ပြီး စားရတာ။ အများကြီးစားမိရင် ဒုက္ခပဲဗျို့။ ဝါစာဘီကို ဂျပန်မှာ ဝါစာဘီအပင်ရဲ့ ပင်စည်လေးတွေက အနှစ်အခဲလေးဖြစ်အောင် လုပ်ပြီးတို့စာကြတာတဲ့။ အဲဒီအပင်က ထုတ်လုပ်တဲ့ အနှစ်ကစားလိုက်ရင် လျှာကိုကသိကအောက်ဖြစ်သွားစေသတဲ့။ ပူစပ်စပ်ကြီးပေါ့လေ။ အမှန်က အပင်ကလုပ်တာဗျ။ ဘီတာကာရိုတင်း၊ ဂလူကိုစင်နိုလိတ်နဲ့ အိုက်ဆိုသိုင်အိုဆိုင်ယနိတ် စတဲ့ အင်တီအောက်စီးဒင့်တို့ ကြွယ်၀တယ်။ ဒါပေမဲ့ဗျာ စားသောက်ဆိုင်တွေက အဲဒီအပင်ကမရနိုင်တော့ အလွယ်တကူပဲစပ်ရှားရှား အရသာပေးတဲ့ မုန့်ညင်းစေ့အနက်ကထုတ်တဲ့ အနှစ်ရယ်၊ မတ်စ်တပ်အမှုန့်ရယ်၊ အစိမ်းရောင်ဆိုဆေးတို့ ပေါင်းပြီးဝါစာဘီဆိုပြီး တို့စားဖို့ပေးတာပါ။ ဝါစာဘီအစစ်က ဗက်တီးရီးယားပိုး ကိုသေစေတယ်။ အရောင်အရမ်းလျော့ကျစေတယ်။ ကင်ဆာကာကွယ်သတဲ့။

ဒီဃ ။    ။ အေးဗျာ။ ယမ်းစိမ်း၊ ယမ်းစိမ်းဆိုလို့ လန့်နေတာနဲ့ မစားဖြစ်ပါဘူးဗျာ။ ကဲ- ပင်လယ်ရေညှိကရောဗျာ

ဇီ၀  ။    ။ နိုရီ (Nori) လို့ခေါ်တဲ့ ပင်လယ်ရေညှိတစ်မျိုးကို ဆူရှီလိပ်ရာမှာသုံးလေ့ရှိတယ်ဗျ။ ပင်လယ်ရေညှိမှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်၊ အိုင်းယွန်း၊ ဆိုဒီယမ်၊ အိုင်အိုဒင်းဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E တို့ပါတယ်ဗျ။ နောက်ပြီးရေညှိအခြောက်ရဲ့ 44 ရာခိုင်နှုန်းဟာ အသားဓာတ်ကြွယ်၀သတဲ့။ အပင်တွေထဲမှာ ပဲပုပ်ပဲပြီးရင် သူကလည်း အသားဓာတ်အများဆုံးဆိုပဲ။ ဒါပေမဲ့ဗျာ တကယ်စားတဲ့အခါ ရေညှိက ပါးပါးလေးပဲ ဆူရှီမှာပါတာဗျ။ အံမယ်ရေညှိကလည်း ဗိုင်းရပ်စ်ပိုးတွေ တိုက်ထုတ်နိုင်စွမ်းရှိပြီး အရောင်အရမ်း ကျစေသလို၊ ကင်ဆာကိုတောင်တိုက်နိုင်သတဲ့။ ဒီ့ထက်တချို့က လူ့ခန္ဓာကိုယ်ထဲက ဟဲဗီးသတ္တုတွေကိုတောင် သန့်စင်ရှင်းထုတ်ပစ်နိုင်သေးတယ်ဆိုပါလား။

ဒီဃ ။    ။ သြော် - ဒါ့ကြောင့်ကိုး။ ဆူရှီထုတ်လုပ်ရာမှာပါတဲ့ ပစ္စည်းတွေက ဂရိတ်တွေချည်းပါလား။ ဒါ့အပြင် ဂျပန်ရိုးရာဆိုင်မှာ ကျေွးလေ့ရှိတဲ့ ချင်းအချဉ်တည်တာကိုတော့ ကျွန်တော်ကြိုက်တယ်ဗျ

ဇီ၀  ။    ။ ဆူရှီထဲမှာ အဲဒီချင်းအချဉ်ဖတ်လေးတွေ ထည့်ကျေွးလေ့ရှိတယ်ဗျ။ ချဉ်မနေဘဲ ချိုတိုတိုလေးဗျ။ သူ့ကိုတော့ ဂါရီ (Gari) လို့ခေါ်တယ်။ ဆူရှီအမျိုးမျိုးမှာစားရင် ဆူရှီလိပ်ပန်းကန်လေးတွေအကြား ချပေးလေ့ရှိတယ်။ စားပြီးရင် ခံတွင်းရှင်းသွားတာပဲနော်။ ချင်းကလည်း ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး (ကြေးနီ)ဓာတ်နဲ့ မဂ္ဂနီးစ်ဓာတ်ကြွယ်၀တာကိုး။ ကြွက်သားတွေအတွက်ကောင်းသလို၊ ရင်ချောင်စေပြီး၊ အဆစ်အမျက်နာ၊ ရာသီလာလို့ ဗိုက်နာတာတွေသက်သာစေတဲ့အပြင် ဉာဏ်ကောင်း၊ ကိုလက်စထရောလ်ကျစေတယ်။ မအီမသာဖြစ်တာ သက်သာစေနိုင်တယ်လေ။ ဒါကတော့ ချင်းသုပ်စားတဲ့ မြန်မာ့ဓလေ့နဲ့ တူတာပေါ့ဗျာ။

ဒီဃ ။    ။ အေးဗျာ။ အစားအစာတွေကို ခံတွင်းလိုက်၊ အရသာကောင်းပြီး၊ ဒီလိုအာဟာရဓာတ်အပြည့်အ၀ ရအောင် တွဲဖက်စားပေးလိုက်တော့လည်း လူတိုင်းသဘောကျတာပေါ့နော်။

 

ဆက်ရန်.......

 

ဒီဃ  ။     ။  ပြီးခဲ့တဲ့အပတ်မှာ ဆူရှီထဲပါတဲ့ အဓိကအစာတွေသိရပြီ။ အဲဒီထဲမှာ ထမင်းဖြူ၊ ဟင်းရွက်နဲ့ အသားပါတာနော်။ အဲဒါတွေက တကယ်ပဲ ကျန်းမာရေးနဲ့ညီညွတ်စေပါသလားဗျာ

ဇီ၀   ။     ။  လေ့လာချက်များအရတော့ ထမင်းဖြူဆိုကတည်းက ဖြူဖွေးနေအောင်ဖွပ်ထားလို့ သိပ်တော့ မကောင်းလှဘူး။ ဆန်ကိုဖြူအောင်ဖွပ်ရတော့ ပါ၀င်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်ဆား နည်းသွားတာပေါ့။ နောက်ပြီး ဆန်ကဖြူလွန်းပြီး များများစားရင် ရောင်ရမ်းစေသတဲ့။ ဒါ့ကြောင့် ဆီးချိုသွေးချို၊ နှလုံးရောဂါတွေ အဖြစ်များတတ် တယ်။ နောက်ပြီး အများအားဖြင့် သကြားထည့်တော့ ပိုဆိုးသေ။ စားလို့တော့ကောင်းတာပေါ့ဗျာ။ သိတဲ့အတိုင်း ဆန်နဲ့သကြားဟာ ကစီဓာတ်ဆိုတော့ အစာခြေစနစ်မှာ မြန်မြန်ဖြိုခွဲနိုင်တော့ ခဏခဏဆာလောင်စေတယ်။ ဒီအချက်ကိုလူတွေက သတိမထား မိတတ်ဘူး။ ထိုအစာတွေကို မြန်မြန်ဖြိုခွဲနိုင်တော့ သွေးထဲမှာ အချိုဓာတ်တွေ တန်းတက်တာပေါ့။ ဒါပေမဲ့ ဆန်ကလုပ်တဲ့ဗီနီကာ (ဆန်ရှာလကာရည်) ထည့်ပေးရင်တော့ သွေးထဲသကြားဓာတ် မတက်ဘူး ဗျ။ သွေးပေါင်ချိန်ရော၊ သွေးတွင်း အဆီဓာတ်ရော ကျစေပြန်သတဲ့။ ဒါကြောင့် ဆူရှီ၀ယ်စားမယ်ဆိုရင် ဆန်အဖြူလား၊ Brown Rice ခေါ် ဆန်လုံးညိုလား၊ နောက်ပြီး ဆန်ကလုပ်တဲ့ ရှာလကာရည် (Rice Vinegar) ထည့်လားလို့ မေးတဲ့ဗျာ။

ဒီဃ  ။     ။  ဟဲ … ဟဲ … အရိုက်ခံရမဲ့ပုံပဲ။ သို့ပေမဲ့ တချို့ဆိုင်တွေကတော့ ဗဟုသုတအဖြစ်ရော၊ ကြော်ငြာ၀င်တဲ့ အနေနဲ့ရော ပြောပြလေ့ရှိပါတယ်။

ဇီ၀   ။     ။  အိမ်မှာလုပ်စားရင် ဆန်လုံးညို၊ ဆန်ရှာလကာရည်တို့ထည့်ပေါ့ဗျာ။ နောက်ပြီးထမင်းတွေ အများကြီးထည့်မယ့်အစား လျှော့ထည့်၊ အဲဒီနေရာမှာ ခါဂျက်ဥ(မုန်လာဥနီ)တို့၊ သခွားသီးတို့နဲ့ အသား၊ ငါးတစ်မျိုးမျိုးပိုထည့်ပေါ့ ဟုတ်ဘူးလား။

ဒီဃ  ။     ။  အဲ - ဒါလည်းဟုတ်တာပဲဗျာ။ ဆက်ပါဦး။ အခုလမ်းဘေးက ဆိုင်တွေမှာတော့ မရောနီးစ်၊ သကြား၊ ဆန်ဖြူများတော့ အဆီများပြီး အသားမပါသလောက်ပဲ။ သူတို့လုပ်တဲ့ ရယ်ဒီမိတ် (Ready) ကြက်အူချောင်းဆိုတာ ဆန်မှုန့်တွေ ချည်းပဲဗျ

ဇီ၀   ။     ။  ကဲ - ဒါဆို ၀ယ်စားတဲ့ ဆူရှီဟာ အသားဓာတ်နည်းပြီး၊ အဆီဓာတ်များတာခင်ဗျား သိလာပြီနော်။ ခက်တာက အဆီဓာတ်အပြင် ဆားအငန်ကလည်း များသေးတာပဲဗျာ။ ပဲငံပြာရည်နဲ့ လုပ်တဲ့ဆော့စ်ကို တို့စားကြည့်အတော်ငန်တာဗျ။

ဒီဃ  ။     ။  လူတွေဟာ အတော်အငန်ကြိုက်ကြတာ ကြည့်လေ။ မြန်မာတွေက ငါးပိရည်၊ ငါးပိထောင်း၊ ငါးခြောက်၊ ငါးဆားနယ်ကို ထည်လဲတစ်နေ့တစ်မျိုး စားကြတာဗျ။ ကမ်ဘာပေါ်မှာလည်း အနောက်တိုင်းအစာတွေထဲက ဒိန်ခဲဆိုတာ အတော်ငန်လှသဗျာ။ ဆားပါတဲ့အစာကို လူတိုင်းကြိုက်တာပဲ။ ဒါပေမဲ့ သတိလေးထားပြီး ဆားလျှော့စားရမှာပေါ့

ဇီ၀   ။     ။  မှန်တယ် ကိုဒီဃရေ။ ဆူရှီဟာ ပုံမှန်အားဖြင့် ဆားပမာဏအများကြီးပါတယ်။ တချို့က ထမင်းကိုနယ်ရာမှာ ဆားထည့်တယ်လေ။ နောက်တစ်ခါ အသား သို့မဟုတ် ငါးထည့်ရင် အဲဒီဟာတွေကို စားကောင်အောင် ဆားနဲ့နယ်နှပ်ပြီး၊ ချက်ပြီးမှ ထည့် သို့မဟုတ် အစိမ်းကို ဆားနဲ့နယ်၊ ငံပြာရည်ဆော့စ်နဲ့ စိမ်တာမျိုးရှိသေးတယ်။ တချို့များ ဟင်းရွက်တွေကို ဆားရည်စိမ်ပြီးသား ထည့်ကြသေး။ ဥပမာ - သခွားသီးကို ခပ်မာမာကြွပ်ကြွပ်လေးကြိုက်တော့ ဆားရည်စိမ်ပြီးထည့်တာဗျာ၊ ဆူရှီထဲ သုံးတဲ့ပစ္စည်းတိုင်းမှာ ဆားတွေပါပြီးရင်း ပါနေတာကိုမေ့နေကြတယ်။ အရသာက ကောင်းနေတာကိုးဗျ။ ဒါတောင် ဆူရှီကို ငံပြာရည်ထဲနှစ်နှစ်ပြီး ထပ်တို့စားကြပြန်ရောလား။

ဒီဃ  ။     ။  အေးဗျာ။ ခင်ဗျားပြောမှ အိမ်မှာ သမီး ဆူရှီလုပ်ကျေွးတာကြည့်မိတော့ ထမင်းကိုမရောနီးစ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တွေနဲ့ အားရပါးရနယ်တာဗျ။ မရောနီးစ်ဆိုတဲ့ ဆော့စ်ကလည်း ဆားငန်တာပဲဗျ။ အဆီလည်း များသေးတယ် မဟုတ်လား။ ဟင်းခတ်မှုန့်နဲ့ ဆားဆိုတာ ဆိုဒီယမ်ဓာတ်ပေါင်းတွေပဲဗျ။ အိမ်က မိန်းမနဲ့ သမီးတွေကတော့ လွှတ်ကြိုက်ကြတာ။ ငါးတော့အစိမ်းမကြိုက်လို့ ချက်ပြီးမှထည့်တယ်

ဇီ၀   ။     ။  တချို့ကတော့ ငါးကိုအစိမ်းထည့်တာဗျ။ ငါးအစိမ်းကတော့ ဘယ်သန့်ရှင်းပါ့မလဲဗျာ။ ကူးစက်ပိုး၊ ဗက်တီးရီးယားတို့၊ ကပ်ပါးပိုး၊ သန်ဥ၊ တုတ် စသည်တို့ ပါလာနိုင်တာပဲ။ ကျွန်တော့်ဆရာကြီးတစ်ယောက် ငါးအစိမ်းပါတဲ့ ဂျပန်စာတွေစားပြီး အရေပြားမှာ ယားဖုလေးတွေထွက်လာသတဲ့။ နောက်မှသတိရပြီး သန်ချဆေးစားလိုက်ရသတဲ့။

ဒီဃ  ။     ။  ဒါဆို ငါးအစိမ်းစားတဲ့သူတွေ ဘယ်လိုလုပ်ရမလဲဗျာ

ဇီ၀   ။     ။  ငါးကို ရေစင်စင်ဆေးပြီး အသားလွှာ၊ အဲဒီအသားလွှာကို ရေခဲခန်းထဲ ထည့်ခဲထားပြီးမှ ငါးအသားထဲ ကပ်ပါလာတဲ့ ကပ်ပါးတွေသေတယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့ဗျာ သိပ်သေချာတဲ့ကိစ္စတော့ မဟုတ်လှဘူးတဲ့ ဗျ။ နောက်တစ်မျိုးကတော့ ခဏခဏငါးအစိမ်းစားရင် တစ်နေ့မဟုတ်တစ်နေ့ ကူးစက်ပိုး သို့မဟုတ် သန်ကောင်၊ တုတ်ကောင် ထမှာတော့သေချာတယ်။

ဒီဃ  ။     ။  ဒါနဲ့ ဆူရှီကို ကိုယ်၀န်ဆောင်တွေစာလို့ ရလားဟင်

ဇီ၀   ။     ။  ငါးအစိမ်းနဲ့လုပ်ထားတဲ့ဆူရှီတော့ မစားသင့်ဘူးဗျ။ ကိုယ်၀န်ဆောင်တင်မကဘူး၊ ကလေးတွေ၊ အသက်အရွယ် ကြီးသူတွေ၊ အားနည်းသူတွေ၊ ခုခံအားနည်းပါးသူတွေရော မစားသင့်ဘူးဗျ

ဒီဃ  ။     ။  အေးနော် - ဘာပဲဖြစ်ဖြစ် ပိုးသေအောင် သေချာချက်ပြုတ်ပြီးမှ စားရမယ်လို့ ဆေးပညာရှင်တွေ က ပြောနေကြတာပဲ။ ဒါနဲ့ ငါးမှာ ပြဒါးနဲ့အခြားအဆိပ်အတောက်တွေပါတယ်ဆိုတာကရော

ဇီ၀   ။     ။  ဒါကတော့ ပင်လယ်ပြင်မှာ ညစ်ညမ်းမှုရှိတဲ့အပေါ် မူတည်တာပေါ့နော်။ ပင်လယ်ငါးတွေမှာ အပါများတာကတော့ ပြဒါးအဆိပ်ပါပဲ။ အခုတလော ပြဒါးဆပ်ပမာဏ အမြင့်ဆုံးရှိလာပြီလို့ပြောတဲ့ သူကပြောပြနေကြပြီ။ တူနာငါး၊ ငါးကွန်းရှပ်ငါး၊ ငါးမန်းနဲ့ မာလင်ငါးတို့မှာ ပြဒါးပါ၀င်မှုများသတဲ့။ တော်သေး တာပေါ့။ ဆော်လမွန်ငါး၊ ထရောက်ငါး၊ ပင်လယ်ကဏန်း၊ ရေဘ၀ဲနဲ့ ပင်လယ်ငါးရှဥ့်တို့မှာတော့ မာကျူရီနည်းနည်းပါးပါးပဲ တွေ့ရတယ်ဆိုပဲ။

ဒီဃ  ။     ။  အေးဗျာ - ဒီလိုဆိုရင် ဆူရှီလုပ်စားမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုလုပ်စားကြရရင် ပိုကောင်းမလဲဗျာ

ဇီ၀   ။     ။  ဒါကလည်း အလွယ်လေးပါဗျာ။ အိမ်မှာတင် ဆူရှီလုပ်စားမယ်ဆိုရင် ဒါမှမဟုတ် ဆူရှီဆိုင်ဖွင့်ရောင်းဖို့ ကြံရွယ်နေသူဆိုရင် စားသုံးသူအပေါ် စေတနာထား ဆူရှီလုပ်ကျေွး သို့မဟုတ် ဆူရှီလုပ်ရောင်းလို့ရတာပဲ။ ကဲ - ပြောပြမယ်၊ နားထောင်။

ဒီဃ  ။     ။  သြော် - ဖြူဖွေးနေတဲ့ ဆန်အစား ဘရောင်းရိုက်စ် (ခေါ်) ဆန်လုံးညို သုံးရမယ်ပေါ့

ဇီ၀   ။     ။  တီမကီ (Temaki) ဆူရှီကတော့ ရေညှိထဲ ထမင်းနည်းနည်းပဲထည့်ပြီး ဟင်းသီးဟင်းရွက်များများနဲ့ အသား၊ ငါး အကျက်ထည့်လိပ်စားပေါ့ဗျာ။ ရေညှိအပြားအချက်ကြီးဆိုရင် ထမင်းအများကြီးထည့်လိပ်ရတာဗျ။ ထမင်းနည်းနည်းပဲ ထည့်ရအောင် ကတော့ပုံပဲလုပ်စားပေါ့။

ဒီဃ  ။     ။  ဟုတ်ပြီ။ သဘောပေါက်ပြီ။ ဒါဆိုရင် ထမင်းနေရာမှာ အသား သို့မဟုတ် ငါးချက်ပြီးသား ပိုထည့်ပေးလိုက်မယ်ဗျာ။ ပြီးတော့ အရွက်များများနဲ့ အသုပ်ကို အားဖြည့်ထည့်လိုက်မယ်

ဇီ၀   ။     ။  ကိုဒီဃတောင် အတော်သဘောပေါက်လာပြီပဲ။ ဟုတ်တယ်၊ ချိစ်တွေ၊ ခရင်မ်တွေ၊ မရောနီးစ်တွေ၊ ဆော့စ်တွေ၊ အကြော်တွေအစား ကျန်းမာရေးနဲ့ညီညွတ်ပြီး စားရင်လည်း မအီမလည်ဖြစ်စေတဲ့ အအီပြေအသုပ်လေးတွေ ထည့်စားသင့်တာ ပေါ့။ ဒါ့အပြင် မငန်အောင် ပဲငန်ပြာရည်တွေ မထည့်နဲ့၊ တို့မစားနဲ့ပေါ့၊ ဟုတ်ဘူးလား။ ငါးလည်း ငါးဆားနယ်တွေမထည့်နဲ့ပေါ့။ နောက်ပြီး ရောင်းတဲ့ဆိုင်က မှာစားရင်လည်း ငါးအစိမ်း၊ ဆားနဲ့ အချိုမှုန့်၊ ဟင်းခတ်မှုန့် မထည့်ပါနဲ့။ ဆားအငန် ပဲငန်ပြာရည်တွေ လျှော့ထည့်ပေးနော်လို့ အော်ဒါသေသေချာချာ မှာယူစားသုံးနိုင်ကြောင်းပြောရင်း နိဂုံးချုပ်ကြစို့ဗျာ။

 

 

 

Credit: ဒေါက်ထွေး (ဆေး/မန်း)

Health Digest Journal

Vol: 13, No: 43, 3 - 8 - 2016