/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဆင်ခြင်စေရာ-အရက်သေစာ

ဆင်ခြင်စေရာ အရက်သေစာ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        ငါးပါးသီလ လုံလိုသူများအတွက်ကတော့ အရက်အကြောင်း ပြောစရာမလိုပါ။ သို့သော် အရက်ကိုကြိုက်လို့ သောက်သူများ၊ အိပ်ပျော်ချင်လို့ သောက်ချင်သူများအတွက်တော့ တန်ဆေး၊ လွန်ဘေး မဖြစ်အောင်ကန့်သတ် ထိန်းချုပ်ရန်လိုပါတယ်။ ဗြိတိန်ဆေးမှူးချုပ်များက ထုတ်ပြန်ပေးတဲ့ အရက်သောက်နည်း လမ်းညွှန်အကြံပေးချက်များကို ဒီတစ်ပတ်ဖော်ပြလိုပါတယ်။

          ထိုလမ်းညွှန်အရ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ အရက်သောက်ပါက တစ်ပတ်လျှင် 14 ယူနစ်ထက် ပိုမသောက်သင့်လို့ လမ်းညွှန်လိုက်ပါတယ်။ 14 ယူနစ်ဟာ အယ်လ်ကိုဟော (အရက်) 5 ရာခိုင်နှုန်းပါ၀င်သော ဘီယာ 5 ပွိုင့်နှင့် ညီမျှပါတယ်။

 

1.  ပုံမှန်သောက်သုံးသူများအတွက်

          ပုံမှန်သောက်သုံးတယ်ဆိုတာကတော့ နေ့စဉ်ပုံမှန်သောက်တဲ့သူ သို့မဟုတ် မကြာခဏ သောက်တဲ့သူကို ဆိုလိုပါတယ်။ ၎င်းတို့အတွက် အရက်သောက်နည်းလမ်းညွှန်ကတော့ -

(1) တစ်ပတ်လျှင် 14 ယူနစ်ထက် ပိုမသောက်သင့်ပါ။ ထိုယူနစ်အထိသာ စိတ်အချရဆုံးဖြစ်ပါသတဲ့။ ၎င်းထက်ပို လျှင် စိတ်မချရပါဘူးတဲ့။ ဖြစ်နိုင်ရင်တော့ မသောက်လေ အကောင်းဆုံးဖြစ်လေပါတဲ့။ များလာတာနဲ့အမျှ ကျန်းမာရေး ထိခိုက်နိုင်ခြေ မြင့်တက်လာစရာရှိလို့ ဒီယူနစ်ထက် မကျော်စေရပါ။

(2) တစ်ပတ် 14 ယူနစ်အထိ သောက်သူဖြစ်ရင်တော့ 3 ရက် သို့မဟုတ် 4 ရက်၊ 5 ရက်လောက် ဤနှုန်းအတွင်းသာ ညီညီမျှမျှ သောက်သင့်ပါသတဲ့။ အဲဒီလိုမဟုတ်ဘဲ အမူးလွန်အောင် သောက်ဖြစ်တာမျိုး၊ တစ်ပတ် 14 ယူနစ်ထက် ပိုအောင်သောက်မိတာမျိုး မလွန်ကျူးအောင်သတိထား ရှောင်ရှားသင့်ပါသတဲ့။ အဲဒီလိုမှမဟုတ်ရင် ကြာရှည် နှစ်၊ လ ကြာရင် သင့်အသည်းမှာ ဒဏ်ပိလာတော့မှာဖြစ်ပါသတဲ့။ နာတာရှည်ရောဂါတွေလည်း ဖြစ်လာနိုင်လို့ သတိထားသင့် ပါသတဲ့။ ဒါ့အပြင် အမူးလွန်ပြီး မတော်တဆထိခိုက်မှုတွေရလာနိုင်တဲ့အပြင် လူမှုရေးပြဿနာကြီးကြီးမားမားတွေတောင် ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(3) အရက်ဟာ ကောင်းကျိုးမပေးတာတော့ ဗုဒ္ဓဘာသာ၀င်တိုင်း သိပါတယ်။ အရက်ပေါ်လာတာ နှစ်ပေါင်းအတော်ကြာပါပြီ။ မကောင်းမှန်းသိလျက်နှင့် မသောက်ရ မနေနိုင်တဲ့လူတွေရဲ့ ၀သီအရပြောမရ သောက်သုံးနေကြတာဖြစ်တယ်။ လူတချို့မှာ အရက်သောက်ခြင်းကြောင့် ပါးစပ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ စသည်တို့ ဖြစ်ပွားမှုများပြား လာပါပြီ။ နွေရောက်လို့ သင်္ကြန်ကျတာနဲ့ အရက်၊ ဘီယာရောင်းချသူတွေ Active ဖြစ်လာကြသလို၊ ဆယ်ကျော်သက်တွေ၊ လူငယ်လူရွယ်တွေလည်း ကခုန်ပျော်ရွှင်ဖို့ ဘီယာ၊ ၀ိုင်နဲ့ အရက်တို့က အသင့်ဖြစ်နေကြတဲ့အတွက် သတိနဲ့ဆင်ခြင်စားသုံးဖို့လိုပါတယ်။ ပုံမှန်ထက်ပိုသောက်လျှင် သင့်အသည်းနုလေးမှာ အမာရွတ်တွေဖြစ်လာစေမှာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလျက်နဲ့ မဆင်မခြင် သောက်ပစ်လိုက်တာက သင့်ရဲ့ဆုံးဖြတ်ချက်နဲ့ဆင်ခြင်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်အတွက် မိုက်မဲရာကျပါလိမ့်မယ်။

(4) အဲဒီလို ဆင်ခြင်စဉ်းစားနိုင်ပြီဆိုရင် သင်သောက်နေတဲ့အရက်ပမာဏကို လျှော့ချရန် အကောင်းဆုံးနည်းကတော့ တစ်ပတ်မှာ မသောက်တဲ့ရက် များများရှိဖို့ပါပဲ။ ဥပမာ - 3 ရက်အစား 1 ရက် သို့မဟုတ် 2 ရက်ပဲသောက်ပြီး၊ ကျန် 5 ရက်က လုံး၀အရက်မသောက်ဘဲ နေခြင်းဖြင့် သင့်အသည်းနှင့် မှတ်ဉာဏ်ကို ထိခိုက်မှုလျော့နည်းအောင် သင်ကိုယ်တိုင်ကာကွယ်ပေးနိုင်ပါတယ်လို့ ထိုလမ်းညွှန်မှာ ဖွင့်ဆိုထားပါတယ်။

 

2.  တစ်ခါ တစ်ရံမှသာ တစ်ခွက်တစ်ဖလား သောက်တတ်သူဆိုရင်

          ထိုလမ်းညွှန်ကတော့ သင်ဟာတစ်ခါတလေမှ တစ်ခွက်လောက်သောက်တတ်သူဖြစ်ပါ က ဖြည်းဖြည်းသောက်ပါ။ ဖြစ်နိုင်ခြေအန္တရယ်များတဲ့ နေရာတွေကို ရှောင်သင့်တယ်လို့ ဆိုပါတယ်။

          ပုံမှန်အရက်သောက်တဲ့သူမဟုတ်ဘဲ တစ်ခါတလေမှသာ တစ်ယူနစ်၊ နှစ်ယူနစ်လောက်သောက်ခြင်း ဟာ ယူကေအရက် သောက်နည်းလမ်းညွှန်းနဲ့ကိုက်ညီပါတယ်။

          ယူကေကျန်းမာရေးလမ်းညွှန်အရ ရံဖန်ရံခါမှသာ အရက်ယူနစ်အနည်းငယ်လောက်သောက်တဲ့သူတွေ ကတော့ အောက်ပါအတိုင်း သတိထားသင့်ပါသတဲ့ -

(1)   မည်သည့်အချိန်မှာ သောက်သောက်သင်သောက်မယ့်အရက်စုစုပေါင်း ပမာဏကို ကန့်သတ်လိုက်ခြင်းဖြင့် (ဥပမာ - ဒီပွဲမှာ ငါ 2 ယူနစ်ထက် ပိုမသောက်အောင် နေလိုက်မယ်) သင့်ကျန်းမာရေး မထိခိုက်အောင် ကာကွယ်နိုင်ပါသတဲ့။

(2)   ဟိုတယ်မှာဆို သင့်ရဲ့ ကလာပ်ထဲမှာ လျော့သွားရင် ၀ိတ်တာက အချိန်မရွေး စောင့်ချောင်းနေပြီး၊ ကလပ်ခွက် ဖလားထဲ လာဖြည့်မှာဖြစ်လို့၊ သင်ကိုင်ထားတဲ့ ကလပ်သို့မဟုတ် ခွက်ထဲ အရက်ပမာဏ မလျော့စေရန် ခပ်ဖြည်းဖြည်းလေးဟန်လုပ်သောက်ပြပါ။ ဒါမှ သင့်မိတ်တွေ သို့မဟုတ် ၀ိတ်တာက လာမဖြည့်တော့မှာ ဖြစ်ပါသတဲ့။ အရက်အစား ရေဖြည့်သောက် သို့မဟုတ် အစားတွေပိုစား သို့မဟုတ် ကြာကြာဝါးပြီး အရက်ကို ဖြည်းဖြည်းချင်း ဟန်လုပ်သောက်ပါလေ။

(3)   သင်္ကြန်လို မဏ္႑ပ်နောက်မှာ အတင်းကာရော ထပ်ထည့်သောက်ခိုင်းတဲ့ နေရာမျိုး သို့မဟုတ် ဇွတ်ထပ်ထည့်တိုက် မယ့် သူငယ်ချင်းမျိုးရှိတဲ့၀ိုင်းတွေကို ကြိုတင်ရှောင်ပါလေ။ အရက်သောက်ပြီးရင်တောင် အိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်အောင်၊ ပြန်နိုင်အောင် သေချာစီမံထားပါလေ။

 

 

 

Credit; ဒေါက်တာ ရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 27, 30-3-2016