/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ခံတွင်းကပြောတဲ့-သင့်ရဲ့ကျန်းမာရေး

ခံတွင်းကပြောတဲ့ သင့်ရဲ့ကျန်းမာရေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

သင့်ခံတွင်းက သင့်ခန္ဓာကိုယ်ရဲ့ တံခါးမကြီးပါ

          အစားအသောက်နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဆေးဝါးအများစုကို ပါးစပ်ထဲကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ရောင်အောင် သွတ်သွင်းပေးရတာပါ။ ခန္ဓာကိုယ်ထဲကို ၀င်ရောက်မယ့် အရာမှန်သမျှ ခံတွင်းကိုအရင်ဖြတ်သန်းရပါတယ်။ အစာခြေစနစ်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး အစာတွေ အများဆုံးကြွင်းကျန်ခိုကပ်တဲ့နေရာဆိုရင်လည်း မမှားပါဘူး။ ဗက်တီးရီးယားများစွာခိုကပ်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက် အတော်များများဟာလည်း ခံတွင်းထဲမှာ လက္ခဏာတစ်ရပ်အနေနဲ့ လာရောက်ဖြစ်ပေါ်လေ့ရှိပါတယ်။ ထို့အတူ ခံတွင်းထဲက ဗက်တီးရီးယားတွေကြောင့်လည်း ခန္ဓာကိုယ်ထဲမှာ ရောဂါအချို့ကို ဖြစ်စေပါတယ်။ အပြန်အလှန်ဆက်နွှယ်နေကြသလို နှစ်ခုစလုံးကိုလည်း တစ်ချိန်တည်း ကုသမှရောဂါက ပိုမိုပျောက်ကင်းလေ့ရှိပါတယ်။

 

          ဆီးချိုရောဂါက ခံတွင်းကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးရောဂါပါ။ ဆီးချိုရောဂါဖြစ်နေသူတွေက သာမန် လူတွေထက်ပိုပြီး ရေစီးကမ်းပြိုရောဂါဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သကြားဓာတ်ကို ချေဖျက်ပေးတဲ့ အင်ဆူလင် (Insulin) ဓာတ်ထုတ်လုပ်မှု လျော့နည်းခြင်း၊ မထွက်ခြင်းတွေက ဆီးချိုရောဂါကို ဖြစ်စေပါ တယ်။ သွေးထဲမှာ သကြားဓာတ်များလာခြင်းက ဗက်တီးရီးယားတွေ၊ ရောဂါပိုးမွှားတွေ ပေါက်ဖွားလာစေတဲ့ အဓိကအချက်ပါပဲ။ ခံတွင်းထဲမှာလည်း ဗက်တီးရီးယားတွေက ဆိုးရွားစွာဒုက္ခပေးပြီး သွားဖုံးတွေရောင်၊ ကြာလရင် ရေစီးကမ်းပြိုရောဂါပါ ဖြစ်လာပါတော့တယ်။

 

          နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဘယ်ိုဆက်စပ်တာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပေမယ့် နှလုံးရောဂါဖြစ်နေသူတွေရဲ့ 9 ရာခိုင်နှုန်းကျော်ကတော့ ရေစီးကမ်းပြိုရောဂါ ဖြစ်နေတာကိုတွေ့ရ ပါတယ်။ နှလုံးရောဂါနဲ့ ရေစီးကမ်း ပြိုရောဂါ နှစ်ခုစလုံးက ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အစားအစာတွေစားခြင်းကြောင့် ဖြစ်ရတာပါ။ သီအိုရီအချို့အရဆိုရင်တော့ ခံတွင်းထဲမှာ သွားဖုံးရောင်ရမ်းခြင်းက သွေးပြန်ကြောတွေကိုပါ ရောင်ရမ်းစေပြီး နှလုံးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကြားက သွေးကြောတွေပါ ရောင်ရမ်းစေပါတယ်။ သွေးကြောရောင်ရမ်းခြင်း က သွေးဖိအားကို မြင့်စေပြီး သွေးတိုးခြင်းကိုဖြစ်စေပါတယ်။ သွေးကြောအတွင်းပိုင်းတွေ ကျဉ်းလာတော့ အဆီခဲလေးတွေက သွေးကြောထဲမှာ ပိတ်ဆို့ဖို့အခွင့်အလမ်းများလာပြီး နှလုံးရုတ်တရက် ထဖောက်တာ၊ နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်ခြင်းတွေပါ ဖြစ်ကုန်ပါတယ်။

 

          အတိအကျ အချက်အလက်တွေမရှိပေမယ့် ကလေးလမစေ့ဘဲ မွေးတာ၊ ပေါင်ချိန်မပြည့်တာတွေ က နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ အခြားအခြေအနေပေါင်းများစွာနဲ့ ဆက်စပ်မှုရှိနေသလို၊ ကိုယ်၀န်ဆောင်မိခင်ရဲ့ ခံတွင်းကျန်းမာရေးနဲ့လည်း ပတ်သက်မှုရှိနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင်တွေ အနေနဲ့ တတ်နိုင်သမျှဆိုးကျိုးနည်းအောင် သွားဆရာ၀န်နဲ့ ပုံမှန်ပြသပေးစေလိုပါတယ်။

 

          ရေစီးကမ်းပြိုရောဂါနဲ့ အရိုးပွရောဂါ ဆက်စပ်မှုရှိလားဆိုတာကိုတော့ လေ့လာနေဆဲပါပဲ။ ဒီရောဂါနှစ်မျိုးလုံးမှာ တူညီတဲ့အချက်က အရိုးတွေပျက်စီးသွားတာပါပဲ။ အငြင်းပွားစရာကတော့ အရိုးပွရောဂါက ရှည်လျားတဲ့ လက်ရိုး၊ ခြေရိုးတွေမှာသာ ဖြစ်ပွားပြီး ရေစီးကမ်းပြို ကတော့ မေးရိုးမှာသာ ဖြစ်ပွားတာပါ။ နောက်တစ်ချက်က အရိုးပွရောဂါကို အမျိုးသမီးတွေမှာ ပိုတွေ့ရလေ့ရှိပြီး အမျိုးသားတွေမှာ အဖြစ်နည်းပါတယ်။ ရေစီးကမ်းပြိုကတော့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမယ့်လည်း အရိုးပွရောဂါဖြစ်နေတဲ့ အမျိုးသမီးအများစုက အခြားအမျိုးသမီးတွေထက် ရေစီးကမ်းပြိုရောဂါပိုဖြစ်လေ့ရှိတာကိုလည်း တွေ့ရှိထားတော့ စဉ်းစားစရာဖြစ်ကုန်ပါတယ်။ ဒါကြောင့် လေ့လာနေသူတွေဟာ ရေစီးကမ်းပြိုရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ အခြားနေရာက အရိုးတွေထိခိုက်စေနိုင်လားဆိုတာကို အသည်းအသန် စူးစမ်းနေကြပါတယ်။

 

          ဆေးလိပ်သောက်ခြင်းက ခံတွင်းမှာသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဒုက္ခပေးပါတယ်။ ဆေးလိပ်သောက်သူတွေက ပြင်းထန်တဲ့ သွားဖုံးရောဂါဖြစ်ဖို့ သာမန်လူတွေထက် 3 ဆ ပိုများပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်း (Nicotine) က သွေးကြောကျဉ်းစေတဲ့အတွက် ခံတွင်းထဲမှာ အနာကျက်နှေးစေနိုင်ပါတယ်။

 

          လေးဖက်နာရောဂါဖြစ်နေတဲ့သူတွေမှာ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပေးရင် နာတဲ့ေ၀ဒနာသက်သာစေပါတယ်။ သွားဖုံးရောဂါကြောင့် နမိုးနီးယားနဲ့ အဆုတ်ရောဂါအချို့ပိုဆိုးစေတယ်လို့လည်း ဆိုထားပါသေးတယ်။ ခံတွင်းထဲမှာရှိတဲ့ ဆိုးရွားတဲ့ ဗက်တီးရီးယားတွေ အသက်ရှူလမ်းကြောင်းသွေးကြောထဲက တစ်ဆင့် အဆုတ်ထဲကို ရောက်သွားလို့ပါ။

 

          အချုပ်အားဖြင့် ပြောရရင်တော့ ခံတွင်းနဲ့ ခန္ဓာကိုယ်က ပူးတွဲတည်ရှိနေတာပါ။ ခန္ဓာကိုယ်က ခံတွင်းကို ထိခိုက်မှုရှိစေရင် ခံတွင်းကလည်း တန်ပြန်မှု ရှိစေမှာပါပဲ။ ဒါကြောင့် ခံတွင်းကျန်းမာခြင်းက အရေးကြီးပါတယ်။ ခံတွင်းကျန်းမာဖို့အတွက် လုပ်သင့်တဲ့အရာတွေဖြစ်တဲ့ သွားတိုက်ခြင်း၊ သွားဆရာ၀န်နဲ့ ပုံမှန်စစ်ဆေးခြင်းတွေ လုပ်ပေးရပါ လိမ့်မယ်။ အထက်ဖော်ပြပါ အခြေအနေကို ဂရုမစိုက်ဘူးပဲထား၊ သွားဖုံးရောဂါကြောင့်သင့်ရဲ့ သွားတွေဆုံးရှုံးလိုက်ရတယ်ဆိုပါစို့။ သင့်မှာဝါးစရာ သွားမရှိတော့တဲ့အတွက် အစာကောင်းကောင်းမစားနိုင်တော့ဘဲ အာဟာရဆုံးရှုံးပြီး ကျန်းမာရေးထိခိုက်လာမှာပါ။ ဒါကြောင့် “အသက်ရှည်ရှည်နေရဖို့၊ သွားတွေကို ဂရုစိုက်စို့” လို့ပဲ ပြောချင်ပါတယ်။

 

 

 

Credit; ဒေါက်တာမိုးေ၀မြင့်

Health Digest Journal

Vol-13, No-22, 24-2-2016