/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကျန်းမာရေးအတွက်-အိမ်သန့်ရှင်းရေး

ကျန်းမာရေးအတွက် အိမ်သန့်ရှင်းရေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြင့်သန်းထွန်း

        ကျန်းမာရေးအတွက် အိမ်သန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်ရပါမည်။ အိမ်ထဲတွင် ကျန်းမာရေးကိုဒုက္ခပေးသည့် မမြင်နိုင်သော ပိုးမွှားကောင်များစွာရှိပါသည်။ ထိုပိုးမွှားကောင်များကြောင့် နေထိုင်မကောင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ပိုးမွှားကောင်များရှိနေနိုင်သော ကြမ်းပြင်များ၊ ရေချိုခန်း၊ အိမ်သာခန်း၊ အမှိုက်ပုံး၊ ရေခဲသေတ္တာ၊ ရေပိုက်ခေါင်း၊ လက်ဆေးဇလုံ၊ ရေပန်းခေါင်း၊ စဥးတီတုံး၊ လက်နှီးစုတ်၊ တယ်လီဖုန်းနှင့် ကွန်ပျူတာကီးဘုတ်များကို ဆေးကြောသန့်စင်ပေးရပါမည်။ တစ်ဦးမှတစ်ဦးသို့ ရောဂါပိုးများမကူးစက်နိုင်အောင် လက်ကိုဆပ်ပြာနှင့် ဂရုတစိုက် မကြာခဏဆေးကြောသန့်စင်ပေးရပါမည်။

1.   ကြမ်းပြင်များ

        အိမ်၏ကြမ်းပြင်တွင်ရှိသော ဖုန်းများ၊ အမှိုက်များတွင် ရောဂါပိုးများစွာရှိပါသည်။ ဖုန်ထူသည့် ကြမ်းပြင်တွင်ရှိသော ရောဂါပိုးကြောင့် ဓာတ်မတည့်ယားယံမှုများ ဖြစ်နိုင်ပါသည်။ အသက်ရှူလမ်းကြောင်းကိုထိပြီး အန္တရာယ်ရှိနိုင်ပါသည်။ အိမ်တွင် လေးဖက်ထောက်သွားတတ်သော၊ တွားသွားတတ်သော ကလေးများရှိပါက ပို၍သတိထားရပါမည်။ ရောဂါပိုးကူးစက်နိုင်ခြေ များသောကြောင့် ကြမ်းပြင်တွင်ရှိသည့် ဖုန်းများလျော့နည်းစေရန် ပုံမှန်တံမြက်စည်းလှဲပေးရပါမည်။ အမှိုက်များကိုလည်း ကောက်ပြီးစနစ်တကျစွန့်ရပါမည်။ ချွန်ထက်သော၊ ရှနိုင်သော၊ စူးနိုင်သောပစ္စည်းများကို ရှာဖွေ၍ဖယ်ရှားရပါမည်။

2.    ရေချိုးခန်း

        အိမ်တွင်းရှိသော ရေချိုးခန်းကိုလည်း အမြဲသန့်ရှင်းစွာထားရပါမည်။ ရေချိုးခန်းကြမ်းပြင်နှင့်နံရံများတွင် မမြင်နိုင်သော ရေဂါပိုးများစွာရှိပါသည်။ ရေချိုးခန်းအသုံးအဆောင်ပစ္စည်းများ (ဥပမာ - ဆပ်ပြာ၊ ခေါင်းလျှော်ရည်) ကိုလည်း စနစ်တကျထားသို ရပါမည်။ စိုထိုင်းဆများလေလေ ဗက်တီးရီးယားပိုးမွှားများ ပိုပေါက်ပွားလေလေဖြစ် ပါသည်။ ရေချိုးခန်းသန့်ရှင်းမှုမရှိပါက အရေပြားရောဂါ ( ဥပမာ - ယားယံခြင်း၊ ပွေး၊ ၀ဲ) များ ဖြစ်နိုင်ပါ သည်။ ရေချိုးခန်းအမိုး၊ အကာနှင် နံရံများတွင်ရှိသော ပင့်ကူအိမ်များ၊ ပိုးချည်မျှင်များကိုလည်း ဖယ်ရှားပေး ရပါမည်။ ရေချိုးခန်းတွင် ချော်လဲခြင်း၊ မတော်တဆထိခိုက်မိခြင်းမဖြစ်စေရန်လည်း သတိထားရပါမည်။ ထိရှနိုင်သော မုတ်ဆိတ်ရိတ်ဓားများကိုလည်း စနစ်တကျထားရပါမည်။

3.   အိမ်သာခန်း

        အိမ်သာသည် ယင်လုံ၊ အရှက်လုံ၊ အနံ့လုံရပါမည်။ ယင်လုံရေလောင်းအိမ်သာဖြစ်ရပါမည်။ အိမ်သာတွင်လည်း ပိုးမွှားကောင်များရှိနိုင်ပါသည်။ ၀မ်းလျှော၀မ်းပျက်၊ အသည်းရောင် အသားဝါ၊ အူရောင်ငန်းဖျားရောဂါ၊ သန်ကောင်စွဲခြင်းနှင့် အခြားရောဂါများရှိပါက ကူးစက်နိုင်ပါသည်။ အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အမြဲဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင်ထားရပါမည်။ အိမ်သာခုံများကို လက်နှင့်ကိုင်မိပါက စနစ်တကျ ဆေးကြောရန်လိုအပ်ပါသည်။ အိမ်သာထဲတွင် ရေအလုံအလောက်ရှိရပါမည်။ အိမ်သာခွက်၊ ရေထည့်ထားသောအုတ်ကန်၊ စည်ပိုင်း၊ ရေပုံးများကိုလည်း အမြဲသန့်ရှင်းရပါမည်။ အိမ်သာရေဆွဲချသော ခလုတ်များကိုလည်း ပုံမှန်ဆေးကြောရပါမည်။

4.   အမှိုက်ပုံး

        မီးဖိုချောင်ထွက်အမှိုက်များ၊ အိမ်ခန်းများမှထွက်လာသော အမှိုက်များကို အမှိုက်ပုံးထဲတွင် စနစ်တကျထည့်ပြီး ထုပ်ပိုးကာစွန့်ပစ်ရပါမည်။ အမှိုက်များအပြင်သို့ လျှံကျနေသောအမှိုက်ပုံးနှင့် စားကြွင်းစားကျန်များတွင် ဗက်တီးရီးယားပိုးများ ပေါက်ပွားနိုင်ပြီး မိမိ၏လက်များဆီသို့ ကူးစက်နိုင်ပါသည်။ အမှိုက်များနှင့်အညစ်အကြေးများမှ ၀မ်းလျှော၀မ်းပျက်၊ အသည်းရောင်အသားဝါ၊ ကြွက်ဆီးကြောင့်ဖြစ်သော အသားဝါရောဂါ၊ အူရောင်ငန်းဖျားရောဂါနှင့် သန်ကောင်စွဲရောဂါများ ဖြစ်နိုင်ပါသည်။

          အမှိုက်မှ ကူးစက်နိုင်သောအန္တရာယ်များလျှော့ချနိုင်ရန် ခြေနင်းဖြင့်နင်းပြီး ဖွင့်နိုင်သောအမှိုက်ပုံးကို သုံးရပါမည်။ အမှိုက်ပုံးအဖုံးကို လက်နှင့်တိုက်ရိုက်မထိခြင်းကြောင့် ရောဂါပိုးမွှားများ မကူးစက်နိုင်ပါ။ အမှိုက်ပုံးထဲသို့ ယင်ကောင်များ၊ ပိုးဟပ်များနှင့် ကြွက်များမ၀င်စေရန် အဖုံးကိုသေချာစွာ ဖုံးအုပ်ထားရပါမည်။ အမှိုက်ပုံးကို ကိုင်ပြီးပါကလည်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပြီး လက်ကိုခြောက်အောင် ထားရပါမည်။ “အမှိုက်ကစ ပြသာဒ်မီးလောင်” ဆိုသည့်စကားအတိုင်း ကျန်းမာရေးအတွက် အမှိုက်ကိုစနစ်တကျကောက်ယူ သိမ်းဆည်းပြီး၊ သတ်မှတ်နေရာတွင် စွန့်ပစ်ရပါမည်။

5.   ရေခဲသေတ္တာ

        အိမ်များတွင်ရှိသော ရေခဲသေတ္တာကိုလည်း အမြဲတမ်းသန့်ရှင်းရန် လိုအပ်ပါသည်။ ရေခဲသေတ္တာထဲတွင် အသားစိမ်း၊ ငါးစိမ်းများကို သေချာစွာမထုပ်ပိုးဘဲ ချက်ပြီးသားအစားအစာများနှင့် ရောထားပါက ရောဂါပိုးများ ကူးစက်နိုင်ပါသည်။ ရေခဲသေတ္တာအပူချိန်ကို 5 ဒီဂရီစင်တီဂရိတ်အောက် အမြဲထားရှိရပါမည်။ ရေခဲသေတ္တာ ထဲတွင် ထည့်ထားသော အသားစိမ်း၊ ငါးစိမ်းများမှ ရောဂါပိုးများသည် လူများထံကူးစက်နိုင်၍ အကာအကွယ်ပစ္စည်း (ဥပမာ - လက်အိတ်၊ ရင်ကာ၊ ခေါင်းဆောင်း) များဖြင့် ကိုင်တွယ်ရပါမည်။ မလတ်ဆတ်သော အသားစိမ်း၊ ငါးစိမ်းများကို ရေခဲသေတ္တာထဲတွင် မထည့်ရပါ။ ချက်ပြီးသား အစားအစာများနှင့် အသင့်အစားအစာများကိုလည်း စနစ်တကျထုပ်ပိုးပြီးထည့်ရန် လိုအပ်ပါသည်။

6.   ရေပိုက်ခေါင်း

        အိမ်တွင်းအသုံးပြုနေသော ရေပိုက်ခေါင်းများကိုလည်း သန့်ရှင်းရန်အရေးကြီးပါသည်။ အသားစိမ်း၊ ငါးစိမ်းများကိုကိုင်ပြီး ဆေးကြောရန် ရေပိုက်ခေါငး်ကို ကိုင်ကာဖွင့်လိုက်ပါက ရောဂါပိုးများကူးစက်နိုင်ပါသည်။ ထို့ကြောင့် အသားစိမ်း၊ ငါးစိမ်းများ မကိုင်တွယ်မီရေပိုက်ခေါင်းကို ဖွင့်ထားရပါမည်။ ရေပိုက်ခေါင်းနှင့် ရေကန် (ဘေစင်) တွင် ဆီချေးများတက်နေပါက မျက်နှာပြင်များကို ဆပ်ပြာနှင့်ရေဆေးကြောရပါမည်။ သန့်စင်ခြောက်သွေ့အောင်လည်း ထားရပါမည်။ ရေပိုက်ခေါင်းသည် ဟောင်းနွမ်းပြီး ရေညှိများတက်နေပါက အသစ်လဲပေးရပါမည်။

7.   လက်ဆေးဇလုံ

        အိမ်ရှိ မီးဖိုချောင်၊ ထမင်းစားခန်းတွင် အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ ခက်ရင်းများ ဆေးကြောရန် ရေပိုက်ခေါင်း မှ တိုက်ရိုက်ကျသောရေကို ဘေစင်၌ဆေးကြောရပါမည်။ ဘေစင်မရှိပါက လက်ဆေးဇလုံးထားရှိရပါမည်။ အကြမ်းဆေးသော ရေဇလုံ၊ ဆပ်ပြာတိုက်ချွတ်သော ရေဇလုံနှင့် အချောဆေးသော ရေဇလုံ 3 လုံးထားရှိရပါမည်။ လက်ဆေးသော နေရာတွင် လက်ဆေးပုံ၊ ဆေးနည်း ပိုစတာကလေးကပ်ထားပါက ပို၍ကောင်းပါသည်။

8.   ရေပန်းခေါင်း

        အိမ်တွင်ရှိသော ရေပန်းခေါင်းကို အမြဲသန့်ရှင်းရန်လိုအပ်ပါသည်။ ရေပန်းခေါင်းများကို အသုံးမပြုဘဲ ကာလကြာရှည်စွာ ထားပါကဖုန်နှင့် အမှုန်အမွှားများကပ်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရာဂါ များ ဖြစ်တတ်ပါသည်။ ရေပန်းကို ဆေးကြောပြီးပါက မိနစ်အနည်းငယ်ကြာ ခေတ္တခဏထားပြီးမှ အသုံးပြုရပါမည်။ ရေပန်းဖွင့်ချပါက ရောဂါပိုးမွှားများသည် ရေနှင့်အတူ ခန္ဓာကိုယ်ပေါ်သို့ လွင့်စဉ်ကျလာပြီး ရောဂါကူးစက်နိုင်သည်ကို သတိထားရပါမည်။

9.   လက်နှီးစုတ်

        ညစ်ပေနေသော၊ စိုထိုင်းနေသော လက်နှီးစုတ်တွင် ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွားပြီးပျံ့နှံ့လာနိုင် ပါသည်။ ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါသည်။ ထို့ကြောင့် လက်နှီးစုတ်ကိုမကြာခဏ ဆပ်ပြာနှင့်လျော်ဖွပ်ပေးရပါမည်။ တစ်ခါသုံးလက်နှီးစုတ်ကို အသုံးပြုနိုင်ပါက ပို၍ကောင်းပါသည်။ သန့်ရှင်းသောနေရာတွင် အသုံးပြုသော လက်နှီးစုတ်နှင့် ညစ်ပေသောနေရာတွင် အသုံးပြုသော လက်နှီးစုတ်ကိုရော၍ မထားရပါ။

10. စဥ့်တီတုံး

        အိမ်တွင် အသားစိမ်းနှင့် ငါးစိမ်းများကို ခုတ်ထစ်ရန် စဉ်းတီတုံးတစ်တုံး၊ ချက်ပြီးသားအစာများအတွက် စဉ်းတီတုံးတစ်တုံး သီးသန့်ထားရပါမည်။ သီးသန့်မထားပါက ရောဂါပိုးများကူးစက်ပြီး အန္တရာယ်ရှိနိုင်ပါသည်။ စဉ်းတီတုံးကွဲအက်နေပါက အက်ကွဲကြောင်းထဲတွင် ရောဂါပိုးများပေါက်ပွားနိုင်၍ အသစ်လဲရပါမည်။ စဉ်းတီတုံးကို အသုံးပြုပြီးပါက သေချာစွာဆေးကြောကာ ခြောက်သွေ့အောင်ထားရပါမည်။

11. တယ်လီဖုန်း

        အိမ်တွင်အသုံးပြုသော တယ်လီဖုန်းတွင် ရောဂါပိုးများကပ်တွယ်နေတတ်၍ သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။

12. ကွန်ပျူတာကီးဘုတ်

        ကွန်ပျူတာကီးဘုတ်တွင်လည်း သာမန်မျက်စိဖြင့်မမြင်ရသောပိုးမွှားများရှိတတ်၍ သတိထားရပါမည်။ သန့်ရှင်းရေးနေ့စဉ် ဆောင်ရွက်ရပါမည်။

13.အခြားအိမ်အသုံးအဆောင်များ

        အိမ်တွင်အသုံးပြုသော စားပွဲ၊ ကုလားထိုင်များ၊ တီဗီစင်များ၊ အ၀တ်လျှော်စက်များ၊ ပန်ကာ၊ အဲယားကွန်း၊ ဘီရို၊ ကြောင်အိမ်၊ စာအုပ်စင်များနှင့် အိမ်ထောင်ပရိဘောဂများကိုလည်း သန့်ရှင်းရေးဆောင်ရွက်ရန်လိုအပ်ပါသည်။

အကြံပြုချက်

        အိမ်များတွင် ကျန်းမာရေးကိုဒုက္ခပေးသော အန္တရာယ်ဇုန်များရှိသည်ကို သတိပြုရပါမည်။ အိမ်ကိုနေ့စဉ်နှင့်အမျှ သန့်ရှင်းရေးပြုလုပ်သော်လည်း ပိုးမွှားကောင်များရှိနိုင်ပါသည်။ မျက်စိနှင့် မမြင်နိုင်သော ပိုးမွှားကောင်လေးများ ရှိနိုင်သော နေရာမှန်သမျှကို ဆေးကြောသန့်စင်ပေးရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

 

 

 

Credit: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)

Health Digest Journal

Vol: 13, No: 44, 10 - 8 - 2016