/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကူးစက်နိုင်သော-သွားနှင့်ခံတွင်းရောဂါများ

ကူးစက်နိုင်သော သွားနှင့်ခံတွင်းရောဂါများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးစောထွန်းအောင်

        လူသားတို့၏ ကျန်းမာရေးကို နှောင့်ယှက်ဖျက်ဆီးနေကြသည့် ရောဂါအမျိုးအစား အများအပြားရှိလေသည်။ ယင်းရောဂါများကို အကြမ်းဖျင်းခွဲခြားထားရာ ကူးစက်နိုင်သောရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ ဟူ၍ဖြစ်သည်။

           ကူးစက်နိုင်သောရောဂါများဖြစ်ပေါ်လာရသည့် အကြောင်းတရားများမှာ ကြားခံပစ္စည်းတစ်ခုခု (ဥပမာ လေ၊ ရေ၊ အစားအစာစသည့်) နှင့် ရောဂါပိုးသယ်ဆောင်သော ပိုးမွှားများ (ဥပမာ- ခြင်၊ ယင်စသည့်) တို့မှ တစ်ဆင့်ကူး စက်ခြင်းဖြစ်လေသည်။ ကူးစက်နိုင်သည့် ရောဂါများသည် များသောအားဖြင့် ဖွ့ံဖြိုးဆဲနိုင်ငံများတွင် အဖြစ်များလေသည်။ အထူးသဖြင့် သရီးဒီဟုခေါ်သည့် အဖြစ်များဆုံးရောဂါသုံးမျိုးဖြစ်သည့် ခုခံအားလျော့နည်း ကျဆင်းသည့်ရောဂါ၊ ငှက်ဖျားရောဂါနှင့် တီဘီရောဂါတို့သည်အထက်တွင် တင်ပြခဲ့သော ကြားခံပစ္စည်း တစ်မျိုးမျိုးနှင့် ရောဂါပိုးသယ်ဆောင်သော ပိုးမွှားများမှတစ်ဆင့် လူတစ်ဦးနှင့်တစ်ဦးအကြား ကူးစက်ပျံ့နှံ့ခြင်းဖြစ်လေသည်။

 

          မကူးစက်နိုင်သည့်ရောဂါများသည်ကား လူနေမှုဘ၀ပုံစံကြောင့် ဖြစ်ပေါ်လာရလေသည်။

          သွေးတိုး၊ သွေးချို၊ ဆီးချိုနှင့် နှလုံးရောဂါများက ရှေ့တန်းတွင် ပါ၀င်လျက်ရှိနေပါသည်။ ထို့အပြင် လူနေမှုပုံစံ ပြောင်းလဲခြင်းနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသော မော်တော်ယာဉ်ဆိုင်ရာ ထိခိုက်ခြင်းများသည်လည်း မကူးစက်နိုင်သော ပြဿနာများဖြစ်၍နေပေသည်။

 

          အဆိုပါရောဂါများသည် လေ၊ ရေ စသည့် ကြားခံပစ္စည်းများကြောင့်လည်းကောင်း၊ ခြင်၊ ယင် စသော ရောဂါပိုးသယ်ဆောင်သော ပိုးမွှားမှလည်းကောင်း၊ ခွေးကြောင်အစရှိသော အိမ်မွေးတိရစၧာန်များမှ လည်းကောင်း ကူးစက်ခြင်း မဟုတ်ပါ။ လူတို့၏ စားသောက်နေထိုင် သွားလာမှုပြောင်းလဲခြင်းနှင့် ဆက်စပ်လျက်ရှိနေလေသည်။

 

          တချိန်တခါက ကြမ်းတမ်းသော အစားအစာများကို စားသုံးခဲ့ကြသော လူသားတို့သည် မီးကိုတွေ့ရှိအသုံးချတတ်ပြီးသည်မှ အစပြု၍ နူးညံ့ပျော့ပျောင်းသော အစားအစာများကို ပြောင်းလဲစားသုံးသည့် ဓလေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။ အစာများသည် လျှာပေါ်တင်လိုက်သည်နှင့် အရည်ပျော်သွားလောက်သည်အထိ နူးညံ့ပျော့ပျောင်းသည်အထိ ပြောင်းလဲလာလေသည်။ ဤသည်သာမက ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး စသည့်အရသာ ခြောက်မျိုးကိုလည်း မိမိလိုသလို ပြုပြင်သုံးဆောင်နိုင်သော အဆင့်သို့ ရောက်ရှိလာလေသည်။ အထူးသဖြင့် အချိုသရေစာများကိုလည်း စားသုံးလာကြလေသည်။ ဤအချက်ကပင် သွားများကိုပိုမိုပျက်စီးလာခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်၍ လာပါသည်။ အထူးသဖြင့် ကျေးလက်နှင့် မြို့ပြတို့သည်ပင် စားသုံးသည့် ပုံစံချင်းမတူညီကြပါ။ မြို့ပြ၏ အချိုစားသုံးမှုပမာဏသည် ကျေးလက်ထက်များပြားပါသည်။ ထို့အပြင် ကျေးလက်မြို့ပြတို့၏ မတူညီသော အခြားအချက်တစ်ခုမှာ ခံတွင်းသန့်ရှင်းစောင့်ရှောက်သည့် အမူအကျင့်မတူညီခြင်းဖြစ်ပါသည်။ မြို့ပြနေ ပြည်သူလူထုသည် ကျေးလက်နေသူများထက် အမူအကျင့်ပိုမိုမှန်ကန်ရာ အဖြစ်များသော သွားနှင့်ခံတွင်းရောဂါတစ်မျိုးဖြစ်သည့် သွားဖုံးရောဂါမှာ ကျေးလက်နေသူများတွင် ဖြစ်ပွားမှုနှုန်း ထားပိုများလေ့ရှိပါသည်။

 

          သို့ဖြစ်ရာ သွားနှင့်ခံတွင်း ရောဂါများသည် ရောဂါပိုးသယ်ဆောင်သော ပိုးမွှား၊ တိရစၧာန်များမှ လည်းကောင်း၊ လေ၊ ရေ စသော ကြားခံပစ္စည်းများကြောင့်လည်းကောင်း၊ ကူးစက်နိုင်သော ရောဂါမဟုတ် သည်မှာ အသေအချာဖြစ်၍နေပါသည်။ ယင်းအတွက်ကြောင့်လည်း သွားနှင့်ခံတွင်းရောဂါများကို မကူးစက်နိုင်သော ရောဂါများစာရင်းတွင် ထည့်သွင်းလိုက ရနိုင်လေသည်။

 

          သို့ရာတွင် အချို့သော ကိစ္စရပ်များကြောင့် သွားနှင့်ခံတွင်းရောဂါများသည် လူတစ်ဦမှ နောက်တစ်ဦးသို့ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ဤသည်မှာ အခြားမဟုတ် သွားနှင့်ခံတွင်းရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားပိုးမွှားများသည် အထက်တွင် ဖော်ပြခဲ့သော ကြားခံပစ္စည်းများမှ မဟုတ်ဘဲ သွားပွတ်တံအစရှိသည့် အသုံးအဆောင်များမှလည်းကောင်း၊ ကလေးငယ်များကို အစာခွံခြင်းမှလည်းကောင်း ကူးစက်နိုင်လေသည်။

 

          အဖြစ်များသော သွားနှင့်ခံတွင်းရောဂါများတွင် ပါ၀င်သည့် သွားပိုးစားခြင်း(ဆွေးမြည့်ခြင်း) နှင့် သွားဖုံးရောဂါ များကိုကာကွယ်ရန် သွားတိုက်တံ၊ သွားပွတ်ကြိုးတို့သည် မရှိမဖြစ်အသုံး၀င်သော်လည်း နည်းစနစ် မှန်ကန်ရန်လိုအပ်ပါသည်။ သွားတိုက်တံတွင် သွားတိုက်တံမျှင်နှင့် လက်ကိုင်ဟူ၍ပါရှိရာ ယင်းတို့အနက်မှ သွားတိုက်တံမျှင်သည် သွားမျက်နှာပြင်ကို သန့်ရှင်းရာတွင် များစွာအရေးပါလေသည်။

 

          တစ်ဖက်ကလည်း အဆိုပါသွားတိုက်တံမျှင်များသည် အချိန်ကာလ၊ အတိုင်းအတာတစ်ခုရှိရာ ယင်းကိုကျော်လွန်ပါက အမျှင်များ ဖွာလာတတ်ပါသည်။ သွားတိုက်တံမျှင်များသည် သတ်မှတ်ကာလ အတွင်း၌ပင် သွားတိုက်ပြီးသည့် အခါတိုင်း ကောင်းမွန်စင်ကြယ်စေရန် ဆေးကြောပေးရပါမည်။ အကြောင်းမှာ ယင်းသွားတိုက်တံအမျှင်တွင် ခံတွင်းမှ ဗက်တီးရီးယားများ ခိုအောင်နေခြင်းကြောင့်ပင်ဖြစ်ပေသည်။ အမျှင်များဖွာနေလျှင်မူ ဆိုဖွယ်ရာမရှိတော့ပြီဖြစ်တော့၏။

 

          ပို၍အရေးကြီးသည်မှာ သွားပွတ်တံတစ်ချောင်းကို လူတစ်ဦးချင်းစီအတွက်သာ အသုံးချရန်ပင်ဖြစ်သည်။ အကယ်၍ သွားပွတ်တံတစ်ချောင်းတည်းကို လူတစ်ဦးထက် ပို၍သုံးစွဲပါက လူတစ်ဦး၏ ခံတွင်းမှ သွားနှင့်ခံတွင်း ရောဂါများကို ဖြစ်ပွားစေသော ဗက်တီးရီးယားများသည် အခြားတစ်ဦးသို့ပါ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ လူတစ်ဦး၏ ခံတွင်း၍ရှိနေသော ဗက်တီးရီးယားအမျိုးအစားများ သည် နောက်တစ်ဦးနှင့်ကွဲပြားနိုင်လေသည်။

 

          သွားနှင့်ခံတွင်း ရောဂါများ ကူးစက်ခြင်း၏ နောက်ထပ်အကြောင်းအရာတစ်ခုမှာ အစာခွံ့ခြင်းပင်ဖြစ်လေ၏။ အများအားဖြင့် မိခင်များမှလည်းကောင်း၊ ကလေးထိန်းများမှလည်းကောင်း ကလေးငယ်အား အစာခွံ့ရာတွင် အရင်ဆုံး ဝါးပြီးမှ ကလေး၏ခံတွင်းသို့ ထည့်ပေးတတ်ရာ အဆိုပါ မိခင်၊ ကလေးထိန်း၏ ခံတွင်းရှိ ဗက်တီးရီးုယားများသည် ကလေးငယ်၏ ခံတွင်းသို့ ရောက်ရှိစေနိုင်ပါသည်။ လေ့လာ ချက်များအရ ကလေးငယ်တစ်ဦးအဖို့ မွေးဖွားခါစတွင် ခံတွင်း၌ မည်သည့်ဗက်တီးရီးယားကိုမျှ မတွေ့ရဘဲ ကင်းစင်နေတတ်ပြီး တဖြည်းဖြည်း ကြာလာပါက ဗက်တီးရီးယားများရောက်ရှိလာရခြင်းမှာ လူကြီးမှ ကလေးသို့ ဝါးလက်စ အစာများကို ခွံ့ပေးခြင်းသည်လည်း အကြောင်းရင်း တစ်ရပ်ဖြစ်နိုင်ကြောင်း တွေ့ရှိ ထားခြင်းဖြစ်ပါသည်။

 

          ထို့အပြင် အမျိုးသားနှင့် အမျိုးသမီး နှုတ်ခမ်းချင်းနမ်းရာမှလည်း တစ်ဦး၏ ခံတွင်းရှိဗက်တီးရီးယား များ နောက်တစ်ဦးထံ ကူးက်နိုင်ပါသေးသည်။

 

          သို့အတွက် သွားနှင့်ခံတွင်းရောဂါများသည် လေ၊ ရေ၊ ခြင်၊ ယင်၊ နှာချေ၊ ချောင်းဆိုးခြင်းတို့မှ မကူးစက်သည် မှန်သော်လည်း အခြားအကြောင်းခြင်းရာတို့မှ ကူးစက်နိုင်ကြောင်းတင်ပြလိုက်ရပေသည်။

 

 

 

Credit; ပါမောက္ခဒေါက်တာစောထွန်းအောင်

Health Digest Journal

Vol: 12, No: 42

www.drmyanmar.com