/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကိုယ်၀န်ဆောင်စဉ်-အပိုင်း-2

ကိုယ်၀န်ဆောင်စဉ် (အပိုင်း - 2)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
ဒေါက်ထွေး (ဆေး/မန်း)

ဒီဃ  ။         ။  ဒါနဲ့ ပြီးခဲ့တဲ့အပတ်က ကိုယ်၀န်ဆောင် 4 လအရွယ်ကစပြီး မွေးကာနီးအထိ အသားဓာတ် ပိုစားပေးရမယ်လို့ သိရပြီ။ ဒါနဲ့ ကိုယ်၀န်ဟာ အမြွှာဖြစ်နေရင်ရောဗျာ

ဇီ၀   ။         ။  သြော် ဒါလား၊ အမြွှာလေးတွေဆိုရင် တစ်နေ့လျှင် အသားဓာတ် 50 ဂရမ် ပိုစားပေးရုံပါဗျာ။ ကလေးတစ်ဦး တည်းဆို 25 ဂရမ်၊ အမြွှာဆို 50 ဂရမ်ပေါ့ဗျာ၊ မှတ်ရလွယ်ပါတယ်။

ဒီဃ  ။         ။  အဲဒီလောက် ပမာဏ မစားမိရင် ဘာဖြစ်မလဲဗျ

ဇီ၀   ။         ။  မိခင်လောင်းစားလိုက်တဲ့ အသားဓာတ်က ၀မ်းဗိုက်ထဲက ကလေးအတွက် အပိုဆောင်းပေးရတာမဟုတ်လား၊ အကယ်၍ ခင်ဗျားမေးသလို လုံလုံလောက်လောက် မစားတဲ့အခါ မိခင်ရဲ့ ကြွက်သားတွေထဲက အသားဓာတ်ကို ကလေးအာဟာရအတွက် ထုတ်သုံးလိုက်ရတဲ့အခါ ကိုယ်၀န်ဆောင်မိခင်ဟာ အားနည်းလာတာပေါ့ဗျာ။ ကြာရင် ကလေးကြီး ထွားမှုလည်း နှေးကွေးစေတယ်။

ဒီဃ  ။         ။  သြော် - ဒါကြောင့် သက်သတ်လွတ်စားတဲ့သူ ကိုယ်၀န်ဆောင်ရင် ပဲအမျိုးမျိုးကို လှည့်စားစေတာကိုး။ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေဟာ အသားဓာတ်ရရှိစေတာကိုးဗျ

ဇီ၀   ။         ။  အသားချည်း မဟုတ်သေးဘူးလေ၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်လည်း လုံလောက်အောင် စားပေးရဦးမယ်။ အဲဒီဓာတ်တွေကတော့ ဆန်၊ ဂျုံနဲ့ ဟင်းသီးဟင်းရွက်တွေကရတာကိုး။ ကိုယ်၀န်ရှိရင် ထမင်းတော့ ပို၀င်တာအမှန်ပဲ။ ကောင်းတာကတော့ ဂျုံကြမ်း၊ ဆန်ကြမ်းပေါ့။ ပဲနီလေး၊ ပဲအမျိုးမျိုးနဲ့ အထူးသဖြင့် ပဲသီးအမျိုးမျိုးကို ကြိုက်သလိုချက်စားပေါ့။ နွားနို့နဲ့ ဒိန်ချဉ်ကလည်း နေ့စဉ်တစ်ခွက်သောက်နိုင် ရင် ကောင်းတာပဲ။

ဒီဃ  ။         ။  ဟုတ်မယ်၊ ကျွန်တော့်မိန်းမတုန်းက သူကပဲသီးတွေ အရမ်းကြိုက်တော့ လုံး၀၀မ်းမချုပ်ဘူး ဗျ။ ငှက်ပျောသီး၊ ဆန်းကစ်၊ ဖရဲသီး အစုံစားတာပဲ။ နွားနို့လည်းသောက်တယ်။ လူ၀လာလို့ ထိန်းဦးလို့ပြောရသေးဗျာ။ ကလေးမွေးပြီး ၀သွားမှာစိုးလို့

ဇီ၀   ။         ။  ကိုယ်၀န်ဆောင်ဘ၀မှာ အတော်များများက ရွေးချယ်စားသောက်တတ်မှ၊ မဟုတ်ရင် ၀တုတ်လာလေ့ရှိတယ်။ မွေးပြီးလည်း အရှိန်က မလျှော့လေ၊ ပိန်ဖို့လမ်းမမြင်ပေါ့။ တချို့အရမ်း၀ပြီး ကြည့်ရဆိုးသွားတာပဲ။

ဒီဃ  ။         ။  ဟုတ်မယ်ဗျ၊ တချို့ဆိုရင် မီးယပ်၀မ်းပျက်မှာ ကြောက်တယ်ဆိုပြီး ဟင်းကို စိုစိုဖတ်ဖတ် မကျေွးတော့ဘဲ ငါးကြော်၊ ငါးခြောက်ဖုတ်ဆီဆမ်းပဲစားသတဲ့။ အဲဒီတော့ ဘယ်လိုလုပ်ဗီတာမင်တွေ၊ သတ္တုဓာတ်ဆားတွေ၊ အင်တီအောက်စီးဒင့်တွေ လုံလုံလောက်လောက် ရနိုင်မလဲဗျာ၊ ဒီနေရာမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ကောင်းတဲ့ဆီနဲ့ ချက်ပြုတ်ဖို့ လိုသလို ပင်လယ်ငါးကရတဲ့ အိုမီဂါ - 3 ဖက်တီးအက်စစ်လို ကောင်းတဲ့ အဆီဓာတ်တွေလည်းပါအောင် ကျေွးသင့်တယ်။ အဲဒီအိုမီဂါ - 3 ဖက်တီးအက်စစ်က ကိုယ်၀န်ဆောင်ချိန်မှာစားရင် ပေါင်ပြည့် လစေ့ မွေးစေတယ်ဗျ။ သြော် - နေ့စေ့လစေ့ ပေါင်ပြည့်ကလေး မွေးဖွားဖို့ ပင်လယ်ငါးစားရတာကိုး။ ပင်လယ်ငါးနဲ့ မနီးစပ်ရင် အဲဒီအစားဘာကျေွးရမလဲ

ဇီ၀   ။         ။  အိုမီဂါ - 3 ဖက်တီးအက်စစ်ကြွယ်၀တဲ့ သစ်ကြားသီး၊ ပဲပုပ်ပဲပေါ့ဗျာ။ အဲဒါတွေက မွေးလာမယ့် ကလေးဉာဏ်ကောင်းစေပြီး ကိုယ်၀န်မြဲစေတယ်။ ကလေးပျက်မကျဘူးပေါ့၊ မိခင်ကလေးမွေးပြီး စိတ်ကျတာတွေတောင် မရှိဘူးတဲ့။ လူကို လန်းဆန်းစေတယ်တဲ့။

ဒီဃ  ။         ။  ဒါနဲ့ အမျိုးသမီးအများစုဟာ သံဓာတ်အားနည်းလေ့ရှိတော့ သံဓာတ်အားဆေးကျေွးရင် ၀မ်းချုပ်သလားလို့

ဇီ၀   ။         ။  အမျှင်ဓာတ်ကြွယ်၀တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးမှန်မှန်စားရင် ၀မ်းမချုပ်ပါဘူးဗျာ၊ သံဓာတ်အားဆေး ကိုတော့ ကိုယ်၀န်ရှိရင် တစ်နေ့ကို 18 မီလီဂရမ်မှ 27 မီလီဂရမ်သောက်ပေးရမယ်။ သံဓာတ်အားဆေး၊ ဖောလိတ်ခေါ် ဖောလစ်အက်စစ်၊ ဗီတာမင် B12 လည်း တွဲသောက်သင့်တယ်။ ဗီတာမင် B12 ကတော့ တစ်နေ့လျှင် 2.4 မိုက်ခရိုဂရမ်ကနေ 2.6 မိုက်ခရိုဂရမ်လောက်သောက်ရတယ်။ ဖောလိတ် ကိုတော့ ကိုယ်၀န်ဆောင်ဆိုရင် တစ်နေ့လျှင် 0.4 မီလီဂရမ်မှ 0.6 မီလီဂရမ် ထိ သောက်ရလိမ့်မယ်။

ဒီဃ  ။         ။  ဟုတ်ပြီ၊ အဲဒီအားဆေးတွေကို သဘာ၀အားဖြင့် ဘာတွေစားရင် ရမလဲဗျာ၊ အားဆေးလည်းသောက် ဟင်းသီးဟင်းရွက်တွေလည်းစားချင်တာပေါ့၊ ဒါမှ တစ်ချက်ခုတ် နှစ်ချက်ပြတ်မှာလေ။ ၀မ်းလည်း မှန်မှန်သွားအောင်လို့

ဇီ၀   ။         ။  အစိမ်းရင့်ရောင် ဟင်းရွက်ကတော့ သံဓာတ်အား ကြွယ်၀တာပေါ့ဗျာ။ ဒီပြင် အနီရောင် အသားတွေ၊ အမဲ၊ ၀က်၊ ဆိတ်ပေါ့။ ဗီတာမင် B12 ကတော့ စားပေးမှရမှာဆိုတော့ ပဲနို့၊ တစေး၊ ဆီရီရယ်တို့ စားပေးနိုင် တယ်။ ဖောလိတ်ကတော့ နံနံပင်၊ ပဲသီး၊ ပဲရာဇာ၊ အစိမ်းရင့်ရောင် ဟင်းရွက် စသည်တို့မှာ ကြွယ်၀တယ်ဗျ။ သူချို့တဲ့ရင် မွေးလာမယ့် ကလေးမွေးရာပါ ချွတ်ယွင်းရောဂါဖြစ်တတ်တယ်။ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲလေး တို့၊ ကျောရိုးတိုင် နာဗ်ကြောမ ချွတ်ယွင်းပြီး လမ်းမလျှောက်နိုင်၊ ဆီးမထိန်းနိုင်တာမျိ်ုး ပါလာတတ်တယ်။ အေးဗျာ၊ ဖောလိတ်ခေါ် ဖောလက်အက်စစ်ဟာ ကိုယ်၀န်ဆောင်စမှာ စားရတာလည်း လွယ်တယ်၊ မခက်ပါဘဲမိို့ ကိုယ်၀န်စရှိပြီဆိုတာနဲ့ ဆရာ၀န်နဲ့တိုင်ပင်ပြီး ဖောလိတ်အားဆေးပါ တွဲစားသင့်တယ်။

ဒီဃ  ။         ။  ကျွန်တော် သိသလောက်တချို့တောင် ကိုယ်၀န်ဆောင်တုန်းဖောလစ်အက်စစ် စားရမှန်းမသိခဲ့လို့ ကိုဇီ၀ပြောသလို မွေးရာပါ ချွတ်ယွင်းတဲ့ရောဂါတွေပါလာတယ်ဆိုပဲ။ ဒါလည်း မှတ်သားရမယ်။ ကိုယ့်၀န်းကျင်က ကိုယ်၀န်ဆောင်တွေတွေ့ရင် ပြောပြရမယ်လေ၊ ကိုယ်၀န်ရှိစ ပထမ 3 လကတည်းက စာရင် ပိုကောင်းဆိုပဲ။ ဟုတ်လားဟင်

ဇီ၀   ။         ။  ဖောလိတ်ခေါ် ဖောလစ်အက်စစ်ဟာ ကလာပ်စည်းကြီးထွားဖွံ့ဖြိုးခြင်း၊ အာရုံကြောစနစ် ဖွံ့ဖြိုးခြင်းနဲ့ မျိုးဗီဇ DNA ထုတ်လုပ်ခြင်းတို့အတွက် မရှိမဖြစ်လိုတာဗျ။ သွေးနီဥကလာပ်စည်း ဖြစ်ပေါ်ဖို့လည်း အရေးကြီးတယ်။ ဒါမှ ကလာပ်စည်းတွေဆီ သွေးကနေ အောက်စီဂျင်အရောက်ပို့ပေးနိုင်မှာဗျ။ အမှန်က ဖောလိတ်ဆိုတာ သဘာ၀အပင်တွေကရတဲ့ အင်တီအောက်စီးဒင့်ဖြစ်ပြီး ဖောလစ်အက်စစ်ဆိုတာက လူတို့ဆေးဝါးစက်ရုံက ထုတ်လုပ်တဲ့ အားဆေး ဗီတာမင်ဗျ။

ဒီဃ  ။         ။  သြော် - ဒီလိုလား၊ သိပါပြီ ဗျာ။ ဖောလစ်အက်စစ်အားဆေး သို့မဟုတ် ကိုယ်၀န်ဆောင်အားဆေးတွေလည်း ဆေးနာမည်အမျိုးမျိုးနဲ့ အများကြီးရှိတဲ့အပင် ဗိုက်အပ်ထားတဲ့ အိုဂျီကလည်း မဖြစ်မနေ စားခိုင်းမှာပါဗျာ

ဇီ၀   ။         ။  ဖောလစ်အက်စစ်အားဆေးကလည်း မလုံလောက်ရင် သွေးအားနည်းတတ်တယ်။ ကလေးလည်း နေ့မစေ့ လမစေ့ဘဲ စောစောမွေးပြန်ရော၊ ကဲ နောက်တစ်မျိုးစားသင့်တဲ့ အာဟာရဓာတ်တစ်မျိုးက “ကိုလင်း Choline” တဲ့ဗျာ။ “ကိုလင်း” ဆိုလို့ ဘာလဲဟလို့ ပြူးမကြည့်ပါနဲ့။ လွယ်လွယ်လေး နားလည်အောင် ပြောရရင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ နဲ့ မြေပဲပါဗျာ။ အဲဒီဓာတ်က ကလေးရဲ့ဦးနှောက်လုပ်ငန်းတွေ ဖွ့ံဖြိုးတိုးတက်ကြီးထွားစေတာဗျ။ သူ့ကိုတော့ တစ်နေ့ကို 425 မီလီဂရမ်မှ 450 မီလီဂရမ်ရအောင် စားရမတဲ့။ နေ့စဉ် နွားနို့တစ်ခွက်နဲ့ ကြက်ဥပြုတ်တစ်လုံးဆို လုံလောက်ပါတယ်ဗျာ။ ဒါဆိုရင် ကိုလင်းအပြင် ကယ်လ်ဆီယမ်ရော၊ ဗီတာမင် D ရော တစ်ခါတည်း ခဲတစ်လုံးနဲ့ ငှက် 2 ကောင်ပစ်လိုက်တာပဲ ဗျ။

ဒီဃ  ။         ။  အေးဗျာ၊ ခုလို အာဟာရဓာတ်တွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးတဲ့အတွက် သိပ်ကျေးဇူးတင်တယ်။ ညဘက် ကိုယ်၀န်ဆောင်မိခင်အိပ်ရေး၀ဖို့ နေ့ခင်းဘက် တစ်မှေးမှေးနိုင်အောင် အချိန်ပေးဖို့က ခင်ပွန်းသည်တွေ တာ၀န်ယူရမှာပေါ့နော်၊ ဒီပြင် မနက် သို့မဟုတ် ညနေခင်း လမ်းထွက်လျှောက်ရင် ဗိုက်ဖုံးအကျဖက်ရှင်ကဖို့လည်း ကူညီရဦးမှာပေါ့လေ …. ဟဲ … ဟဲ ..

ဇီ၀   ။         ။  ဒါပေါ့ဗျာ၊ အငန်အပူအစပ်မတည့်တာတွေ၊ ဘာမှ အာဟာရဓာတ်မပါတဲ့ အစားအစာတွေလျှောက် မစားဖို့၊ မလဲမပြုအောင် သတိထားသွားလာဖို့၊ အသီးအနှံတွေစားရင် ရေစင်စင်ဆေး၊ ချက်ရင် ပွက်ပွက်ဆူရေမှာ နာရီ၀က် 1 နာရီ အနည်းဆုံးထားချက်ဖို့၊ ပူပူနွေးနွေးကျက်အောင်ချက်ပြီးမှ စားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းဖို့၊ ကိုယ်၀န်ဆောင်ကာကွယ်ဆေးထိုးဖို့၊ ကော်ဖီလက်ဖက်ရည် အများကြီး သောက်တာ ရှောင်၊ အရက်၊ ဆေးလိပ်မသောက်ဖို့ စသည်တို့ကတော့ ကိုယ်၀န်ဆောင် မိခင်တိုင်းမဖြစ်မနေ လုပ်ရမှာလို့ပြောရင်း နိဂုံးချုပ်ကြပါစို့ဗျာ။

 

 

 

Credit: ဒေါက်ထွေး (ဆေး/မန်း)

Health Digest Journal

Vol: 13, No: 37, 6- 7- 2016