/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိန္ဒိယနိုင်ငံထုတ်-ကိုဗစ်ကာကွယ်ဆေး-covaxine-ကို-၂၀၂၁-ခုနှစ်မှာ

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covaxine ကို ၂၀၂၁ ခုနှစ်မှာ အစောဆုံးထုတ်နိုင်မှာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိန္ဒိယနိုင်ငံရဲ့ ပုဂ္ဂလိကဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Biotech ဟာ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ Indian Council of Medical Research (ICMR) နဲ့ ပူးပေါင်းကာ ကိုဗစ်ရောဂါကာကွယ်ဆေး Covaxine ကို ထုတ်လုပ်တာဟာ တော်တော်ခရီးရောက်နေပြီလို့ သိရပါတယ်။ ဒီကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် လအလယ်လောက်မှ စထုတ်နိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့် ကံအားလျော်စွာ ကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ယခုလထဲမှာပဲ စလုပ်နေတာဖြစ်လို့ နောက်နှစ် ဖေဖော်ဝါရီလ၊ ဒါမှမဟုတ် မတ်လထဲမှ စထုတ်နိုင်လောက်တယ်လို့ မျှော်လင့်ရပါတယ်။ အကယ်၍ ဒီကာကွယ်ဆေးသာ ထုတ်ဖြစ်ခဲ့ရင် ပထမဆုံး အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး ဖြစ်လာမှာပါ။
ICMR က တာဝန်ရှိသူတစ်ဦးကတော့ ဒီကာကွယ်ဆေးဟာ အန္တရာယ်ကင်းပြီး ရောဂါကာကွယ်ရာမှာလည်း ထိရောက်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ Covaxine နဲ့ ပတ်သက်ပြီး တိရစ္ဆာန်တွေမှာ စမ်းသပ်မှု၊ ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေမှာတော့ အန္တရာယ်ကင်းနိုင်မှုရလဒ်ဟာ စိတ်ချရပါတယ်။ ဒါပေမဲ့ အခုမှ စမ်းသပ်နေဆဲဖြစ်တဲ့ နောက်ဆုံးအဆင့်ရလဒ်ကို မသိရသေးဘဲနဲ့တော့ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ယုံကြည်စိတ်ချလို့ မရသေးဘူးလို့လည်း ပြောထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ စက်တင်ဘာလလယ်လောက်ကစပြီး တဖြည်းဖြည်းမြင့်တက်လျက် ရှိပါတယ်။ ယခုဆိုရင် အိန္ဒိယနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယအများဆုံးကူးစက်ခံရတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် လိုအပ်လာရင် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေမှာ ကာကွယ်ဆေးထုတ်ပေးဖို့နဲ့ ပတ်သက်ပြီး စဉ်းစားရတော့မှာပါ။ အစိုးရအနေနဲ့ Covaxine ကို အရေးပေါ်အသုံးပြုခွင့်ပေးဖို့အတွက် စက်တင်ဘာလကတည်းက စဉ်းစားနေတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးက ပြောကြားထားပါတယ်။ အရေးပေါ်အသုံးပြုခွင့်ရခဲ့ရင် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါကူးစက်နိုင်ချေ မြင့်မားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတဲ့သူတွေကို ဦးစားပေးပြီး ထိုးပေးသွားမယ်လို့လည်း သိရပါတယ်။
ယခုဆိုရင် ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါကူးစက်မှု များပြားလာတာနဲ့အမျှ နိုင်ငံပေါင်းများစွာကလည်း ကိုဗစ်ရောဂါကာကွယ်ဆေးကို သူ့ထက်ငါအလျင်ထုတ်နိုင်အောင် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ ကာကွယ်ဆေးတော်တော်များများဟာလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေကြပြီဖြစ်လို့ ၂၀၂၁ ခုနှစ်မှာ ကာကွယ်ဆေး တော်တော်များများ ထုတ်လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ထုတ်လုပ်နိုင်မယ့် ကာကွယ်ဆေးတွေထဲမှာ အိန္ဒိယနိုင်ငံထုတ် Covaxine ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Dr. Aye Hsu Mon (www.drmyanmar.com)