/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျီးပေါင်းဆိုတာ

အရိုးကျီးပေါင်းဆိုတာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လူကြီးသူမတွေ အသက်လေးရလာပြီဆိုတာနဲ့ လည်ပင်းပတ်ကလေးတွေ၊ ခါးစည်းကလေးတွေနဲ့ လှုပ်မရပြုမရ၊ အထိုင်အထခက်တဲ့ ဝေဒနာကို စတင်ခံစားလာရတတ်ပါတယ်။ ကျီးပေါင်းဆိုတဲ့စကားကလည်း မကြာချင်မှအဆုံးပါပဲ။ ကျီးပေါင်းဆိုတာ ဘာလဲသိလား မေးကြည့်ရင်တော့ ရေရေရာရာ မသိကြတာများမှာပါပဲ။ ဒါကြောင့် ကျီးပေါင်းရောဂါအကြောင်းလေး ပြောပြပေးမယ်နော်။
    အဆစ်အမြစ်တွေကြားမှာ အရိုးချင်း ပွတ်တိုက်မှုမဖြစ်စေဖို့ ခံထားတဲ့အရိုးနုတစ်မျိုး ပြိုကွဲပျက်စီးသွားတာကို ကျီးပေါင်းဖြစ်တယ်လို့ ဆိုတာပါ။ ဒါကြောင့် လှုပ်ရှားလိုက်တိုင်းမှာ နာတာ ကျင်တာကို ခံစားရတော့တာပေါ့။ များသောအားဖြင့်တော့ ဒူးနဲ့တင်ပါးဆုံရိုးတွေမှာ ဖြစ်လေ့ရှိတယ်။ အသက် ၆၀ ကျော်သူတွေနဲ့ အသက်အရွယ်ငယ်သေးပေမယ့် အဆစ်ဒဏ်ရာရဖူးသူတွေ၊ အဆစ်ခွဲဖူးသူတွေမှာ ဖြစ်တတ်ကြတယ်။

>>    သူ့ရဲ့ရောဂါလက္ခဏာတွေက -
    အရိုးကျီးပေါင်းဟာ တဖြည်းဖြည်းချင်း ဖြစ်လာတတ်တဲ့ ရောဂါတစ်မျိုးပါ။ များသောအားဖြင့် -
●    နာကျင်ခြင်း : လှုပ်ရှားလိုက်တိုင်း နာကျင်တာ
●    တောင့်တင်းနေခြင်း : အထိုင်များပြီး ချက်ချင်း ပြန်လှုပ်ရှားလိုက်ချိန်မျိုးမှာ တောင့်တင်းပြီး နာနေတတ်ပါတယ်။ မနက်ခင်း အိပ်ရာကနိုးနိုးချိန်တွေမှာ မိနစ် ၃၀ နီးပါးလောက် တောင့်တင်းနာကျင်တတ်ပါတယ်။
●    တဂျစ်ဂျစ် မြည်တတ်ခြင်း : လှုပ်ရှားလိုက်တိုင်းမှာ အရိုးအရိုးချင်းပွတ်တိုက်မှုကြောင့် တစ်ဂျစ်ဂျစ်မြည်နေတတ်မှာပါ။
●    လက်ချောင်းဆစ်တွေ ဖောင်းလာခြင်း : လက်ချောင်းအဆစ်အမြစ်တွေမှာ ကျီးပေါင်းတက်တဲ့အခါ အဆစ်ကလေးတွေ ဖောင်းလာတတ်ပါတယ်။
●    အရိုးအတက်ထွက်ခြင်း : အရိုးထိပ်ဘေးမှာ အတက်ကလေးတွေလည်း ထွက်လာတတ်သေးတယ်နော်။

>>    အရိုးကျီးပေါင်းနဲ့ ကိုယ်အလေးချိန်
    အဝလွန်ခြင်းဟာ အရိုးကျီးပေါင်းဖြစ်စေတဲ့ အကြောင်းရင်းထဲတစ်ခုအပါဖြစ်ပြီး ကျီးပေါင်းရှိပြီးသား လူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကျီးပေါင်းရှိသူတွေဟာ ဝိတ်လျှော့ဖို့ လိုပါတယ်။ အံ့သြဖို့ကောင်းတာက ကိုယ်အလေးချိန်လေး နည်းနည်းလောက် လျှော့လိုက်ရုံနဲ့တင် အဆစ်အမြစ်နာတာတွေ သက်သာသွားတာပါပဲ။ ပြီးတော့ ဝိတ်လျှော့ခြင်းဖြင့် ကျီးပေါင်းကြောင့် အဆစ်ပျက်စီးမှုကိုလည်း နည်းစေနိုင်ပါတယ်။

>>    အရိုးကျီးပေါင်းနဲ့ လေ့ကျင့်ခန်း
    သိပ်ပြင်းပြင်းထန်ထန် လုပ်ရတာမဟုတ်တဲ့ လေ့ကျင့်ခန်းမျိုးဟာ လှုပ်ရှားမှုကို အဆင်ပြေ ချောမွေ့စေပြီး နာတာ ကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အဆစ်ဘေးနားဝန်းကျင်က ကြွက်သားတွေ သန်မာလာပြီး နာတာ ကျင်တာကို သင်သာစေပါလိမ့်မယ်။

>>    ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်ပေးသင့်သလဲဆိုရင် -
●    ရေကူးခြင်း
●    လမ်းလျှောက်ခြင်း
●    စက်ဘီးစီးခြင်း
●    ယောဂကျင့်ခြင်း
●    ရေအားကစားပြုလုပ်ခြင်း
●    ပန်းပင်စိုက်ပျိုးတာမျိုး သစ်ရွက်ကြွေကောက်တာမျိုး အိမ်ပြင်ပလှုပ်ရှားမှုပြုလုပ်ခြင်း စတဲ့ လေ့ကျင့်ခန်းမျိုးကို ပြုလုပ်သင့်ပါတယ်။

>>    အရိုးကျီးပေါင်းကို ကာကွယ်ဖို့အတွက်
    အဆစ်အမြစ်ကို ထိခိုက်စေနိုင်တဲ့ လှုပ်ရှားမှုတွေကြောင့် နောက်ပိုင်းမှာ အရိုးကျီးပေါင်းဖြစ်လာနိုင်ပါတယ်။ အဆစ်အမြစ်အရမ်းအသုံးများခြင်းက အရိုးကျီးပေါင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရိုးကျီးပေါင်း မဖြစ်အောင်ဆိုရငိ လူနေမှုပုံစံကို ပြောင်းလဲမှဖြစ်မှာပါ။
●    အလုပ် : တချို့အလုပ်တွေက အရိုးကျီးပေါင်းဖြစ်နှုန်းကို များစေနိုင်တယ်နော်။ တစ်နေ့ကို တစ်နာရီထက်ပိုပြီး ဒူးထောက်ထိုင်နေရ၊ ဆောင့်ကြောင့်ထိုင်နေရရင် အရိုးကျီးပေါင်းဖြစ်နှုန်း များပါတယ်။
●    အားကစား : တချို့အားကစားတွေက အရိုးကျီးပေါင်းကို ဖြစ်စေနိုင်ပါတယ်။ ဘောလုံး၊ ကျွမ်းဘား၊ စကိတ်စီး၊ ဘတ်စကတ်ဘော စတဲ့ အားကစားနည်းတွေဟာ အရိုးကျီးပေါင်းဖြစ်နှုန်း များစေနိုင်တဲ့ အားကစားတွေပါပဲ။

Dr. Mya Phoo Ngon (www.drmyanmar.com)