/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်သောက်ခြင်းက-အရိုးအဆစ်ရောင်ခြင်းကို-ပိုဆိုးစေပါတယ်

အရက်သောက်ခြင်းက အရိုးအဆစ်ရောင်ခြင်းကို ပိုဆိုးစေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ တောင့်တင်းနေခြင်း၊ အဆစ်နေရာများရောင်နေခြင်းတို့ ဖြစ်ပေါ်ခြင်းကို အရိုးအဆစ်ရောင်ရောဂါအဖြစ် သတ်မှတ်ပါတယ်။
လေးဖက်နာနှင့် ဂေါက်ရောဂါကြောင့် အရိုးအဆစ်ရောင်ရမ်းသူများအနေနှင့် အရက်၊ ဘီယာ သောက်ခြင်းကြောင့် ပိုမိုနာကျင်ကိုက်ခဲလာကြတယ်ဆိုတာလည်း ကြားဖူးကြပါလိမ့်မယ်။
●  လေ့လာချက်များအရ အရက်ကို အတန်အသင့်ပမာဏ သောက်သုံးခြင်းဖြင့် လေးဖက်နာအဆစ်ရောင်ရောဂါဖြစ်ခြင်းကို လျှော့ချနိုင်ပါတယ်။
●  ဝိုင်အနီကို သင့်တော်သောပမာဏ သောက်ပေးခြင်ဖြင့်လည်း ဒူးဆစ်ရောင်ခြင်းကို သက်သာစေကြောင်း ဖော်ပြထားပါတယ်။
●  ဝိုင်နီတွင်ပါသော Resveratrol ဟာ အဆစ်ရောင်ခြင်းကို တိုက်ထုတ်ပေးလို့ ဖြစ်ပါတယ်။ သို့သော်လည်း ဒီအချက်ကြောင့်တော့ အရက်၊ ဝိုင် သောက်လေ့မရှိသူတွေအနေနှင့် အရိုးဆစ်ရောင်တာ သက်သာအောင် စတင်သောက်သုံးတာမျိုး မပြုလုပ်သင့်ပါဘူး။

>>  အရက်သောက်ခြင်းဟာ အဆစ်ရောင်ရောဂါအပေါ်တွင် ဘယ်လိုသက်ရောက်မှုရှိသလဲ?
●  အမေရိကန်လေးဖက်နာဆရာဝန်များအဖွဲ့အရ အဆစ်ရောင်ရောဂါဖြစ်စေသော metabolite များကို ချေဖျက်ပေးသောဆေးများ သောက်သုံးနေရသူတွေအနေနှင့် အရက်သောက်မယ်ဆိုပါက အသည်းပျက်စီးနိုင်ချေ ပိုမြင့်မားမယ်လို့ ဆိုပါတယ်။
●  ဂေါက်ရောဂါရှိသူတွေအနေနှင့်တော့ သွေးထဲရှိ ယူရစ်အက်ဆစ်ပမာဏ များပြားနေတဲ့အတွက် ဘီယာ၊ ဝိုင်နှင့် အရက်တို့ကို သောက်သုံးမယ်ဆိုရင်တော့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုတောင်ဆိုးရွားစေပါလိမ့်မယ်။ ဒါကြောင့် ဂေါက်ရောဂါရှိသူများဟာ အယ်ကိုဟောပါသောအရာတွေ မသောက်သင့်ပါဘူး။
●  ထို့ပြင် အဆစ်ရောင်ခြင်းအတွက် ဆေးသောက်နေသူများအနေနှင့်လည်း အရက်သောက်ခြင်းကို ရှောင်ကြဉ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် သောက်လိုက်တဲ့ဆေးများကိုသာမက အရက်ကိုလည်း အသည်းကနေ ချေဖျက်ပေးရတဲ့အတွက် အသည်းကို ဖိအားများစေပြီး အသည်းပျက်စီးစေနိုင်ပါတယ်။
●  ထို့ပြင် အရက်ကြောင့်ဖြစ်သော အိပ်ရေးပျက်ခြင်းက အဆစ်များ နာကျင်ခြင်းကို ပိုဆိုးရွားစေတဲ့အပြင် စိတ်ကျရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။
●  အရက်သောက်ရာကနေ ကိုယ်အလေးချိန်တိုးလာပါက အဆစ်ရောင်ရောဂါလက္ခဏာများကို ပိုဆိုးစေတတ်ပါတယ်။
●  အရက်သောက်ခြင်းရဲ့ဆိုးကျိုးတစ်ခုဖြစ်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း အဆစ်တစ်ခုနှင့်တစ်ခုကြားရှိ ချောဆီများရဲ့ အရည်အသွေးကို လျော့ကျစေပြီး ပိုမိုရောင်ရမ်း တောင့်တင်းစေပါလိမ့်မယ်။
●  ထို့ပြင် ကိုယ်ခံအားကျစေတဲ့အတွက် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုဆိုးရွားစေနိုင်ပါသေးတယ်။
အထက်ပါအချက်များအရ အဆစ်များ ရောင်ရမ်းခြင်းရောဂါရှိသူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးနိုင်သဖြင့် တတ်နိုင်သမျှ အရက်ကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)