အချိန်တိုတွင်း အရမ်းပိန်သွားတာက သင့်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်
သင်ဟာ လတ်တလော ပိန်သွားပါသလား၊ ရုတ်တရက် ပိန်သွားသောအခါ ကြွက်သားများ ဆုံးရှုံးခြင်းကြောင့် ဘာတွေဆိုးကျိုးရှိနိုင်သလဲ ဖတ်ကြည့်ရအောင် ...။
မကြာသေးမီက ကိုယ်အလေးချိန် ကျဆင်းထားသူတွေနဲ့၊ ဆေးရုံတက်ထားရသူတွေအနေနဲ့ လှေကားများ တက်သောအခါ မောပန်းခြင်း၊ လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း စသည်တို့နဲ့ တွေ့ကြုံရပါက ကြွက်သားများ ဆုံးရှုံးခြင်းကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။
ကျွန်မတို့ကိုယ်ခန္ဓာတွင် ကြွက်သားများ ၆၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်းကို ကြွက်သားများဖြင့် ဖွဲ့စည်းထားတယ်လို့ ဆိုနိုင်ပါတယ်။
ကြွက်သားများဆုံးရှုံးခြင်းဟာ အသက်ကြီးသူတွေနဲ့ နာတာရှည်ရောဂါရှိသူများမှာ အဖြစ်များပြီး ထိုသု့ိဆုံးရှုံးခြင်းကလည်း ကျန်းမာရေးကို ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။
(၁) ချော်လဲခြင်းကြောင့် ဒဏ်ရာများရစေခြင်း
ကြွက်သားများ နည်းပါးလာခြင်းကြောင့် အလွယ်တကူ ထိခိုက်ဒဏ်ရာများ ရစေနိုင်ပါတယ်။ လူငယ်များထက်စာရင် လူကြီးများတွင် ချော်လဲပါက အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ ဒဏ်ရာများ ရရှိစေပါလိမ့်မယ်။
(၂) လှုပ်ရှားမှု ပြုလုပ်ရာတွင် ခက်ခဲခြင်း
ကြွက်သားများ မရှိသောကြောင့် ကြံ့ခိုင်မှုအားနည်းရာကနေ အကူမပါဘဲ တစ်ယောက်တည်းလှုပ်ရှားဖို့ မလွယ်ကူသောအခြေအနေကို ရောက်ရှိနိုင်ပါတယ်။
(၃) ဝိတ်ကျခြင်း
ကြွက်သားများ ဆုံးရှုံးခြင်းကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားမှာ ဖြစ်ပါတယ်။
(၄) နှလုံးကျန်းမာရေးကို ထိခိုက်စေခြင်း
နှလုံးကို ကြွက်သားများဖြင့် ဖွဲ့စည်းထားတာမို့ ကြွက်သားဆုံးရှုံးခြင်းကြောင့် နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေပါလိမ့်မယ်။
(၅) အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်မှ မတုံ့ပြန်နိုင်ခြင်း
ကြွက်သားများဟာ ဂလူးကို့စ်ကို လောင်စာအဖြစ် အသုံးပြုပါတယ်။ ကြွက်သားများဆုံးရှုံးပါက အင်ဆူလင်ကို ကိုယ်ခန္ဓာက တုံ့ပြန်နိုင်ခြင်း ကျဆင်းသွားပါတယ်။
(၆) ဆေးကုသမှုများတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်း
ကြွက်သားများ ဆုံးရှုံးခြင်းကြောင့် အလွယ်တကူ ဒဏ်ရာရနိုင်ခြင်းနဲ့ ပိုးဝင်ခြင်းတို့ ဖြစ်စေတာမို့ ဆေးကုသမှုများကို ထိခိုက်စေပါတယ်။
(၇) အသက်ရှူခြင်းဆိုင်ရာပြဿနာများ
အသက်ရှူလမ်းကြောင်းရောဂါရှိသူများတွင် ကြွက်သားများဆုံးရှုံးပါက နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုဖြစ်စေပါတယ်။
(၈) အသက်ရှင်နိုင်မှုနည်းပါးခြင်း
ကြွက်သားများ အဆမတန်ဆုံးရှုံးခြင်းကြောင့် သက်ကြီးရွယ်အိုများတွင် အသက်ဆုံးရှုံးသည်အထိ ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)