ရုပ်ဆိုးတဲ့အမာရွတ်လုံးများ (Keloid)
ဒဏ်ရာတစ်ခု ကျက်သွားရင် အမာရွတ်ကျန်ခဲ့တာ ပုံမှန်ပါပဲ။ Keloid အမာရွတ်ဆိုတာကတော့ ထူလုံးပြီး ဒဏ်ရာထက်ပိုကြီးတဲ့ အသားလုံးကို ခေါ်ပါတယ်။
သူက အရေပြားအပါ်ကို လုံးတက်နေပြီး ပန်းရောင်/ အနီရောင်/ အသားရောင်/ အညိုရောင် စသဖြင့် ရှိတတ်ပါတယ်။
အရေပြားကို အနည်းငယ်ပဲ ထိခိုက်စေလို့ဖြစ်စေ၊ ဝက်ခြံကြောင့်ဖြစ်စေ၊ နားဖောက်တာဖြစ်စေကနေ ပုံမှန်အမာရွတ်မဖြစ်ဘဲ Keloid ဖြစ်သွားတတ်ပါတယ်။
သူတို့က ရင်ဘတ်အပေါ်ပိုင်း၊ ပခုံး၊ ဦးခေါင်း၊ နားသန်သီး (နားဖောက်ရာကနေ)၊ လည်ပင်းတွေမှာ အဖြစ်များပေမယ့် တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။
လူတိုင်းဖြစ်နိုင်ပေမယ့် အသားမည်းတဲ့လူတွေ၊ အာဖရိကန်လူမျိုးတွေ၊ အိန္ဒိယလူမျိုးတွေမှာ အဖြစ်များပါတယ်။
>> Keloid တွေဟာ
● အရောင်လက်တယ်
● အမွှေးမရှိဘူး
● ဘေးက အရေပြားထက် မြင့်တက်နေတယ်
● မာတယ်၊ ကိုင်ရင် ရာဘာလိုမျိုး ဖြစ်တယ်
● အစက အနီ/ ခရမ်းရောင်ကနေ အရောင်ဖျော့လာတယ် ဒါမှမဟုတ် ညိုသွားတယ်
● ချက်ချင်းဖြစ်တာလည်း ရှိသလို ဒဏ်ရာရပြီး လတွေ၊ နှစ်တွေကြာမှ ဖြစ်လာတာလည်း ရှိပါတယ်။
Keloid တွေက နာလားဆိုတော့ အများစုက မနာတတ်ပေမယ့် တစ်ခါတလေ နာတာ၊ ယားတာ၊ ပူတာမျိုး ရှိတတ်ပါတယ်။
>> Keloid တွေက ဘာကြောင့်ဖြစ်တာလဲ?
Keloid ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိကြပေမယ့် ခန္ဓာကိုယ်က ကော်လဂျင်တွေ အလွန်အမင်းထုတ်ရင် ဖြစ်တတ်ပါတယ်။ မကူးစက်တတ်သလို ကင်ဆာလည်း မဖြစ်တတ်ပါဘူး။ အရင်က ဖြစ်ဖူးရင်တော့ နောက်လည်း ဖြစ်နိုင်ချေ ရှိပါတယ်။
>> ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ?
လူတိုင်းဖြစ်နိုင်ပေမယ့် အသားမည်းတဲ့လူတွေ၊ မိသားစုထဲမှာ ဖြစ်ဖူးတဲ့လူရှိရင် ပိုဖြစ်နိုင်သလို အသက် ၁၀ နှစ်ကနေ ၃၀ အတွင်းမှာ အဖြစ်များပါတယ်။
>> ဘယ်လိုကုသလို့ရလဲ?
ကုသနည်းတွေကတော့ အမျိုးမျိုးရှိပေမယ့် ခက်ခဲပြီး လုံးဝပျောက်ကင်းမယ်လို့ အာမခံလို့ မရပါဘူး။
** Keloid ကို သက်သာစေတဲ့ ကုသနည်းတွေက -
● စတီးရွိုက်ထိုးတာ
● Steroid ပါဝင်တဲ့ tape ကို တစ်ရက် ၁၂ နာရီ ကပ်ထားတာ
● Silicone gel ကို စွဲလိမ်းတာတို့ ဖြစ်ပါတယ်။
** နောက်တခြားနည်းလမ်းတွေက -
● Keloid ကို နိုက်ထရိုဂျင်နဲ့ ခဲသွားအောင်လုပ်ပြီး ဆက်မကြီးအောင်လုပ်တာ
● လေဆာ နဲ့ နီတာကို လျော့အောင်လုပ်တာ
● ဓာတ်ရောင်ခြည်ပြတာ၊ ခွဲစိတ်တာတို့ လုပ်လို့ရပါတယ်။
Dr. Htar (www.drmyanmar.com)