/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပုံမှန်စက်ဘီးနင်းလေ့ရှိသူတွေဟာ-ကင်ဆာရောဂါနဲ့-နှလုံးရောဂါ

ပုံမှန်စက်ဘီးနင်းလေ့ရှိသူတွေဟာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ အများကြီး လျော့ကျသွားနိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပုံမှန်စက်ဘီးနင်းလေ့ရှိသူတွေဟာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ အများကြီး လျော့ကျသွားနိုင်ပါတယ်တဲ့။ ဒါဟာ စက်ဘီးနင်းတာရဲ့ များပြားလှတဲ့ အကျိုးကျေးဇူးတွေထဲကမှ နှစ်ခု ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ Glassgow University ကနေ ပြီးတော့ လူပေါင်း မီလျံပါဝင်တဲ့ သုတေသနကို ၅ နှစ်တိုင် လုပ်ခဲ့ပါတယ်။ သူတို့တွေရဲ့ သွားလာလှုပ်ရှားမှု၊ အားကစားလုပ်တာတွေနဲ့ ကျန်းမာရေးတွေကို မှတ်တမ်းတင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ အလုပ်ကို စက်ဘီးနဲ့ သွားတဲ့လူတွေဟာ တခြားလူတွေထက် နှလုံးရောဂါဖြစ်ပွားနှုန်း ၄၅% ကင်ဆာရောဂါဖြစ်ပွားနှုန်း ၄၆% လျော့ကျသွားတာ တွေ့ရပါတယ်။ တကယ်လို့ ရောဂါရှိပြီးသားဆိုရင်တောင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ ၅၂% ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၄၀ % လျော့ကျသွားပါတယ်။
၂၀၂၀ မှာလည်း နှစ်ပေါင်း ၂၅ နှစ်ကြာ လေ့လာထားတဲ့ သုတေသနတစ်ခု ထွက်ရှိလာပါတယ်။ အဲဒီ့မှာလည်း အလုပ်ကို စက်ဘီးနဲ့ သွားတဲ့လူတွေဟာ နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၂၄% တခြားရောဂါနဲ့ သေဆုံးနိုင်ချေ ၂၀ % လျော့ကျသွားပြီး ကင်ဆာဖြစ်နိုင်ချေ ၁၁%  နဲ့ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၁၆% လျော့ကျသွားတယ်ဆိုတာ တွေ့ရှိရပါတယ်။
လမ်းလျှောက်တာကလည်း နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။ ဒါကိုလည်း သိပ္ပံနည်းကျ စာတမ်းတွေနဲ့  သက်သေပြပြီး ဖြစ်ပါတယ်။

>>  ဘာကြောင့် စက်ဘီးနင်းတာက နှလုံးအတွက် ကောင်းတာလဲ?
စက်ဘီးနင်းတာက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိပါတယ်။ လက်တွေ ခြေထောက်တွေက အရိုးအဆစ် ကြွက်သားတွေကို သန်မာစေသလို နှလုံးကြွက်သားတွေကိုပါ သန်မာစေပါတယ်။
နှလုံးက သန်မာလေ သွေးကို ပိုပြီးညှစ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းကို လျော့ကျစေပြီး သွေးတိုးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နှလုံးအပေါ်ကို ကျရောက်နေတဲ့ဖိအားကို ဖယ်ရှားပေးပြီး ဖြစ်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။
ပုံမှန်စက်ဘီးနင်းတာက ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ ဒါတွေဟာလည်း နှလုံးအတွက် အကျိုးရှိစေပါတယ်။
တချို့တွေအဖို့ ပုံမှန်အချိန်တစ်ခုပေးပြီး စက်ဘီးနင်းဖို့ အားကစားလုပ်ဖို့ သိပ်မလွယ်ကူကြပါဘူး။ ဒါကြောင့် ကိုယ်နေ့တိုင်း အိမ်ကနေ အလုပ်ကို သွားတဲ့နည်းလမ်းကို ကိုယ်လက်လှုပ်ရှားပြီးသားဖြစ်အောင် လမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးနဲ့ သွားတာဖြစ်ဖြစ်လုပ်ရင် ပိုပြီးအကျိုးရှိစေပါတယ်။
ကိုယ့်အလုပ်က အိမ်ကနေ စက်ဘီးနင်းပြီး ဒါမှမဟုတ် လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးဆိုရင် အခုပဲ စလုပ်လိုက်ပါ။ အဲလိုမဟုတ်ဘဲ အရမ်းဝေးနေရင်လည်း ခရီးစဉ်တစ်ဝက်လောက်ကို လမ်းလျှောက်/ စက်ဘီးနဲ့ သွားပါ။ ဥပမာ - အိမ်ကနေ လမ်းတစ်ထောက်က ကားမှတ်တိုင်ကို လမ်းလျှောက်တာ၊ စက်ဘီးနဲ့ သွားတာမျိုးပေါ့။
တစ်ရက်ကို အလုပ် အသွားအပြန် ၁၅ မိနစ်လောက် စက်ဘီးနင်းဖြစ်ရင် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်ပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားပေးတာက စိတ်ကို လန်းဆန်းတက်ကြွစေတာကြောင့် အလုပ်ထဲမှာလည်း အဆင်ပြေစေပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)