/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကို-ကြီးစေနိုင်တဲ့အရာတွေ

နှလုံးကို ကြီးစေနိုင်တဲ့အရာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူ့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကတော့ နှလုံးပဲ ဖြစ်ပါတယ်။ နှလုံးတစ်ခုရဲ့ ပုံမှန်အရွယ်အစားဟာ လူတစ်ယောက်ရဲ့ လက်သီးဆုပ်တစ်ခုစာ အရွယ်အစားခန့်ရှိတယ်လို့ ဆိုပါတယ်။ အတိအကျဖော်ပြရရင် နှလုံးတစ်ခုရဲ့ အရွယ်အစားဟာ ယေဘုယျအားဖြင့် အရှည် (၃.၁၄ စင်တီမီတာ) ၊ အကျယ် (၈.၂၁ စင်တီမီတာခန့်) ရှိပြီး အလေးချိန်ကတော့ အနည်းဆုံး ၂၁ ဂရမ်ကနေ အများဆုံး ၅၉၃ ဂရမ် ထိရှိနိုင်ပါတယ်။ ဒီလို ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ နှလုံးဟာ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ ကျား/မ၊ အရပ်၊ ကိုယ်အလေးချိန် စတာတွေပေါ်မူတည်ပြီး အရွယ်အစား ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အတွက် ရှိသင့်တဲ့ နှလုံးအရွယ်အစားထက် ကြီးနေပြီဆိုရင်တော့ ရောဂါတစ်ခုခု၊ အကြောင်းအရင်း တစ်ခုခုရှိနေတာ သေချာပြီ ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆိုရင် လူတစ်ယောက်ရဲ့ နှလုံးဟာ  လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရတဲ့ အားကစားသမားတွေကလွဲလို့ ပုံမှန်ထက်ကြီးစရာ အကြောင်းအရင်းမရှိလို့ပါပဲ။

>>  နှလုံးကြီးစေတဲ့ အကြောင်းအရင်းတွေကတော့ -
●  သွေးတိုးရောဂါ
တကယ်လို့ သင့်မှာ သွေးတိုးရောဂါ ရှိနေရင် သင့်ရဲ့နှလုံးက ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။ ဒီလို အလုပ်ပိုလုပ်ရခြင်းကပဲ နှလုံးကို ပုံမှန်ထက် ပိုကြီးလာစေတာပဲ ဖြစ်ပါတယ်။ သွေးတိုးခြင်းက နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းရဲ့ နံရံကိုထူလာစေပါတယ်။ ဒီလိုထူလာတဲ့အခါ နှလုံးနံရံကကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းသွားပြီး သွေးလည်ပတ်မှုဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

●  နှလုံးအဆို့ရှင်ပြဿနာ
နှလုံးက တစ်ချက်ညှစ်တိုင်း လိုအပ်တဲ့ သွေးပမာဏကို နှလုံးကနေ ညှစ်ထုတ်ပါတယ်။ တကယ်လို့ နှလုံးအဆို့ရှင်တွေက ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် နှလုံးထဲမှာ သွေးတွေကျန်နေပြီး နှလုံးကြီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

●  နှလုံးရောဂါ
နှလုံးရောဂါအများစုဟာ နှလုံးရဲ့ကြွက်သားတွေကို အောက်ဆီဂျင် လုံလုံလောက်လောက် မရစေပါဘူး။ ဒီလိုအောက်ဆီဂျင် ပြည့်ပြည့်ဝဝ မရတဲ့အတွက် နှလုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် သွေးတွေ ကောင်းကောင်း မညှစ်ထုတ်နိုင်ဘဲ နှလုံးကို ကြီးစေနိုင်ပါတယ်။

●  နှလုံးကြွက်သားရောဂါ
နှလုံးကြွက်သားရောဂါဆိုတာ နှလုံးကြွက်သားတွေကို မာတောင့်စေ၊ ထူလာစေနိုင်တဲ့ ရောဂါတွေကို ခေါ်ပါတယ်။ နှလုံးသွေးကြောကို ထိခိုက်စေတဲ့ရောဂါတွေဟာ နှလုံးကြွက်သားတွေကို ထိခိုက်စေတဲ့ ရောဂါတွေထဲမှာ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ ဒီနှလုံးသွေးကြောကို ထိခိုက်စေတဲ့ရောဂါက သွေးတိုးရောဂါ၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေနိုင်တဲ့အတွက် နှလုံးကို ကြီးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောကို ထိခိုက်စေနိုင်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အာဟာရမျှတအောင် စားသောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း စတဲ့ အပြုအမူတွေကို သေချာလိုက်နာသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)