/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဓာတုလောင်ကျွမ်းမှုအတွက်-ရှေးဦးသူနာပြုနည်းလမ်းများ

ဓာတုလောင်ကျွမ်းမှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဓာတုလောင်ကျွမ်းမှု chemical burn အတော်များများဟာ ပုံမှန်အပူချိန်ရှိတဲ့ရေများများနဲ့ လောင်းဆေးပေးဖို့ လိုပေမယ့် ဓာတုလောင်ကျွမ်းမှုတိုင်း ဒီလိုကုသလို့မရပါဘူး။ နောက်ပိုင်း နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်စေဖို့ မှန်မှန်ကန်ကန်ကုသပေးဖို့ လိုပါတယ်။

>>  ရေများများနဲ့ လောင်းဆေးပေးခြင်း
အနည်းဆုံး မိနစ် ၂၀ ခန့် ရေများများနဲ့ လောင်းဆေးပေးပါ။ အလောင်ခံရတဲ့နေရာကို ထိခိုက်စေနိုင်တတ်လို့ပါ။
●  ရေကို တအား အားပြင်းပြင်းကြီးလည်း မထိုးပါနဲ့။ လောင်ထားတဲ့နေရာ ထိခိုက်နိုင်ပါတယ်။
●  ဖြစ်နိုင်ရင် လောင်ကျွမ်းတဲ့ဓာတုပစ္စည်းကို ဖယ်ရှားနိုင်ဖို့ ကြိုးစားရမှာပါ။
●  ဖယ်ရှားမယ့်လူကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လက်အိတ်ဝတ်ဖို့ လိုပါတယ်။
ဒီလိုလောင်းဆေးနေရင်းနဲ့ ဓာတုပစ္စည်းနဲ့ ထိတွေ့ထားတဲ့အဝတ်အစားတွေ၊ လက်ဝတ်လက်စားတွေအားလုံးကို ဖယ်ရှားပါ။
မိနစ် ၂၀ လောင်းပြီးလို့မှ လောင်တဲ့ခံစားချက် ခံစားနေရတုန်းဆိုရင် နောက်ထပ် ၁၀-၁၅ မိနစ်လောက် ရေစီးအောက်မှာ ထပ်ဆေးပေးဖို့ လိုပါတယ်။
Hydrofluoric acid လောင်ကျွမ်းမှုဟာ ရေတွေ အများကြီးနဲ့ လောင်းပေးရပြီး Calcium gluconate နဲ့ ကုသပေးရပါတယ်။ ချက်ချင်း အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။

>>  ရေနဲ့မလောင်းရတဲ့ ဓာတုလောင်ကျွမ်းမှုများ
တချို့ဓာတုလောင်ကျွမ်းမှုတွေဟာ ရေနဲ့လောင်းရင် ပိုဆိုးနိုင်ပါတယ်။
●  Carbolic acid သို့ phenol ဟာ ရေနဲ့မရောနှောပါဘူး။ ဒါကြောင့်မို့ isopropyl အရက်ပြန်နဲ့ ပွတ်တိုက်ဖယ်ရှားပေးဖို့ လိုပါတယ်။ ပြီးမှ ရေနဲ့လောင်းချပါ။ အရက်ပြန်မရှိရင်တော့ ရေတွေ အများကြီးနဲ့ လောင်းချပေးဖို့ လိုပါတယ်။ မျက်လုံးထိရင်တော့ အရက်ပြန်သုံးမရပါ။
●  Sulfuric acid ဟာ လောင်တာသိပ်မဆိုးရင် ဆပ်ပြာဖျော်ရည်အပျော့စားနဲ့ ဆေးလို့ရပါတယ်။ Sulfuric acidဟာ ရေနဲ့ထိရင် ပူပါတယ်။ ဒါပေမဲ့ ဓာတုပစ္စည်းတွေ စင်ကြယ်အောင် ရေနဲ့ လောင်းကိုလောင်းရပါမယ်။
●  Dry lime လိုမျိုး ပေါင်ဒါမှုန့်တွေကတော့ အရင်ဆုံး ဘရပ်ချ်နဲ့တိုက်ချဖို့ လိုပါတယ်။ ရေနဲ့လောင်းမှ လောင်စေတဲ့အရည်တွေ ဖြစ်သွားတတ်လို့ပါ။ ဒီလိုတိုက်ချပြီးမှ ရေနဲ့ မိနစ် ၂၀ ခန့် ဆေးကြောပါ။
●  သတ္တုကွန်ပေါင်းတွေကတော့ ဆီနဲ့ လောင်းရပါတယ်။

ဓာတုပစ္စည်းတွေ မျက်စိထဲဝင်သွားခဲ့ရင် အရေးကြီးဆုံး အရင်ဆုံးလုပ်ရမှာကတော့ မျက်လုံး ထိခိုက်မှုနည်းစေဖို့ ရေတွေ အများကြီးနဲ့ ဆေးကြောပစ်ဖို့ပါပဲ။
ပါးစပ်ထဲ ဝင်သွားရင်၊ မျိုချမိခဲ့ရင် အရေးပေါ်ကုသမှုခံယူပါ။ လည်ချောင်းတွေ၊ အစာပြွန်တွေ လောင်သွားနိုင်ပါတယ်။ ဓာတုပစ္စည်းပေနေတဲ့ပစ္စည်းတွေကို တွေ့ကရာမပစ်ပါနဲ့။ တစ်ပါတည်း ယူဆောင်သွားပြီး စနစ်တကျ စွန့်ပစ်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)