/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆောင်းရာသီမှာ-အရေပြားပြဿနာ

ဆောင်းရာသီမှာ အရေပြားပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ချမ်းစိမ့်စိမ့်လေး ဖြစ်လာတော့ ဗီဒိုထဲက အနွေးထည်တွေထုတ်ဝတ်၊ ဖက်ရှင်တွေကျလို့ပေါ့။ ဒါပေမဲ့ အေးမြတဲ့ဆောင်းလေက အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေတာတော့ အမှန်ပါပဲ။
    ကဲ ... ဒီတော့ ပျော်ရွှင်စရာကောင်းတဲ့ရာသီအချိန်မှာ ဒီလိုအရေပြားပြဿနာတွေ မဖြစ်ရလေအောင် ဖြေရှင်းနည်းလေးတွေ ပြောပြပေးသွားမယ်နော်။
    ဆောင်းတွင်းရာသီဥတုက ကိုယ့်အရေပြားပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာက ကိုယ့်အရေပြား အမျိုးအစားပေါ်မှာလည်း မူတည်နေသေးတာပေါ့။ ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတွေကတော့ -

၁။    ခရမ်းလွန်ရောင်ခြည်ပျက်စီးမှု
    လူတွေထင်သလို ဆောင်းရာသီမှာ ရာသီဥတုလေး အေးချမ်းလာလို့ ခရမ်းလွန်ရောင်ခြည် အင်အားလျော့နည်းသွားတယ်ဆိုတာ မှားပါတယ်နော်။

**    ဖြေရှင်းရန်နည်းလမ်းကတော့ -
    ဆောင်းရာသီမှာတောင် နေရောင်ကာခရင်မ် လိမ်းပေးသင့်ပါတယ်။ ကင်ဆာအပြင် အရေးအကြောင်းတွေ၊ တခြားအရေပြားအိုမင်းရွတ်တွတဲ့ လက္ခဏာတွေကို ကာကွယ်နိုင်ဖို့ နေရောင်ကာအာနိသင်ပါတဲ့ သဘာဝပစ္စည်းတွေကို လိမ်းပေးနိုင်ပါတယ်။ အမည်းစက်တွေကို ကာကွယ်ဖို့အတွက် နေ့တိုင်းနေ့တိုင်း အစိုထိန်းခရင်မ်ကို လိမ်းပေးဖို့လည်း လိုပါတယ်။

၂။    အသားခြောက်ခြင်း
    လေအေးအေးလေး တိုက်လိုက်တဲ့အခါ အေးမြမှုကိုခံစားရလို့ ပျော်ပေမယ့်လည်း အသားအရေ ခြောက်သွေ့သွားနိုင်လို့ သတိထားဖို့လိုပါတယ်။ လေက ခြောက်သွေ့ပြီး အစိုဓာတ်တွေကျဆင်းသွားတာမို့ အရေပြားက အစိုဓာတ်တွေလည်း အလျင်အမြန် အငွေ့ပြန်တတ်ကြပါတယ်။ ဒါကြောင့် အသားအရေဟာ ခြောက်သွေ့ကြမ်းတမ်းလာတော့တာပေါ့။

**    ဖြေရှင်းရန်နည်းလမ်းကတော့ -
    ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုကို ခံနိုင်အောင် ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေဖို့ အရေးကြီးပါတယ်။ ကိုယ်တွင်းရေဓာတ်ပြည့်ဝနေမှ ပြင်ပအသားအရည်လည်း ရေဓာတ်ပြည့်ဝမှာပေါ့။ ပုံမှန်သုံးနေကျထက်ပိုပြစ်တဲ့ အစိုထိန်းခရင်မ်တွေ လိမ်းပေးဖို့လိုသလို ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝစေတဲ့ အစားအသောက်တွေ စားပေးဖို့ကလည်း အရေးပါပါတယ်။

၃။    အသားလန်ခြင်း၊ ကွာခြင်း
    အသားခြောက်တာ ပိုဆိုးလာခဲ့ရင် အရေပြားတွေ အက်ကွဲတာ၊ ကွာတာတွေ ဖြစ်လာနိုင်ပါတယ်။ အစိုထိန်းခရင်မ်တွေ ပုံမှန်လိမ်းနေရင်းနဲ့ကို ဖြစ်လာနိုင်ပါတယ်။

**    ဖြေရှင်းနည်းကတော့ -
    ပျက်စီးနေတဲ့ အရေပြားအပေါ်ယံလွှာကို မျက်နှာချေးချွတ်သန့်စင်ရည် exfoliating wash တစ်မျိုးမျိုးနဲ့ သစ်ပေးဖို့လိုပါတယ်။ ရိုးရိုးဆပ်ပြာဟာ pH များလို့ ရောင်ရမ်းတာ၊ ခြောက်သွေ့တာတွေ ဖြစ်စေတဲ့အပြင် အရေပြားအပြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ မျက်နှာသုတ်ပဝါနဲ့ အသားအရေကို ပွတ်တိုက်တာမျိုးကိုလည်း ရှောင်ကြဉ်ပေးပါ။

၄။    နှုတ်ခမ်းခြောက်ခြင်း
    ဆောင်းရာသီမှာ အသားအရေအပြင် နှုတ်ခမ်းသားတွေလည်း အအေးဓာတ်ကို ခံစားရပါတယ်။ ခြောက်သွေ့အက်ကွဲနေတာကြောင့် ကြည့်မကောင်း ရှုမကောင်းဖြစ်တဲ့အပြင် အနေရအထိုင်ရလည်း ခက်ခဲတတ်ပါတယ်။

**    ဖြေရှင်းနည်းကတော့ -
    ဗီတာမင်အေနဲ့အီးအပြင် တခြားအစိုထိန်းပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေက အသားအရေကို နူးညံ့စေတဲ့အပြင် ပြန်လည်ပြုပြင်ပေးပါတယ်။ အကောင်းဆုံးရလဒ်ကို တွေ့မြင်ရဖို့ဆိုရင် နှုတ်ခမ်းလေး နူးညံ့သွားအောင် ရေအေးလေးနဲ့ အရင်ပက်ဖြန်းပြီးမှ နှုတ်ခမ်းအစိုထိန်းခရင်မ်တွေ လိမ်းပေးပါ။

၅။    အရေပြားပြဿနာတွေ ပြန်ကြွလာခြင်း
    အထူးသဖြင့် အလှကုန်ပစ္စည်း အသစ်တစ်မျိုးမျိုး ပြောင်းသုံးလိုက်မိရင် ဖြစ်လေ့ရှိပါတယ်။ ပစ္စည်းအသစ်နဲ့ ထိတွေ့လိုက်မိတဲ့အခါ ဝက်ခြံတွေ ပြန်ထွက်လာနိုင်သလို နှင်းခူ၊ ကြွပ်ပွေးစတဲ့ အရေပြား အစိုဓာတ်ခမ်ခြောက်တဲ့အခါ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

**    ဖြေရှင်းနည်းကတော့ -
    မျက်နှာသစ်ဆေးတို့၊ အစိုထိန်းခရင်မ်တို့ အသစ်ပြောင်းသုံးတဲ့အခါ သတိထားဖို့ လိုပါတယ်။ အသားအရေကို ထိခိုက်စေနိုင်တဲ့၊ ခြောက်သွေ့စေနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးတွေကို ရှောင်ရှားပေးဖို့ လိုပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရေကိုနွေးတယ်ဆိုရုံလေးနဲ့ မြန်မြန်ချိုးပေးဖို့ လိုပါတယ်။ တဘတ်နဲ့ အသားကို ပွတ်တိုက်မယ့်အစား ဖွဖွလေး သုတ်ပေးပါ။ ရေချိုးပြီးပြီးချင်းမှာ အစိုထိန်းခရင်မ်လေး လိမ်းပေးဖို့လည်း လိုပါတယ်။

၆။    အယားကွက်တွေပေါ်ခြင်း
    အအေးဝင်လာတာနဲ့ ဆောင်းယားကွက်တွေ ပေါ်လာတော့တာပေါ့။ လေအေးအေးကြောင့် အရေပြားအပေါ်ယံလွှာကြီး ခြောက်သွေ့သွားတာမို့ အရေပြားက ကြမ်းခြောက်ခြောက် ယားယားကြီး ဖြစ်လာတတ်ပါတယ်။

**    ဖြေရှင်းနည်းကတော့ -
    ရေပူနဲ့ အကြာကြီးရေချိုးတဲ့အခါ အသားအရေ ခြောက်သွေ့တာ ပိုဆိုးလာနိုင်မို့ ရှောင်ပေးပါ။ ယားယံတာတွေ သက်သာစေဖို့ အဝတ်အစားကို သေချာရွေးချယ်ပေးပါ။ သိုးမွေးတွေက ပိုယားယံစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကော်တွန်ပျော့ပျော့လေးတွေ၊ ပိုးသားလေးတွေ ဝတ်ဆင်ပေးပါ။

၇။    အသားအရေ နီရဲလာခြင်း
    ဆောင်းရာသီမှာ အရေပြားတွေ နီရဲရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။

**    ဖြေရှင်းနည်းကတော့ -
    အရေပြားကို အပျော့စားဆပ်ပြာလေးနဲ့ ဆေးပေးပါ။ ပြီးတော့ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ဖို့ အစိုထိန်းခရင်မ်ကောင်းကောင်း လိမ်းပေးဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)