/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်က-သွေးကြောထုံးတွေ

ခြေထောက်က သွေးကြောထုံးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးကြောထုံးတွေဆိုတာ အရေပြားအောက်က မြင်နေရတဲ့ လိမ်ကောက်ပြီး ရောင်နေတဲ့ သွေးကြောအကြီးကြီးတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာ တွေ့ရပါတယ်။ တစ်ခါတလေ နာတတ်ပြီး သွေးခဲတွေ၊ အနာတွေ ဖြစ်စေနိုင်ပါတယ်။

>>  ဘယ်လို ဖြစ်ရတာလဲ?
သွေးပြန်ကြောလေးတွေရဲ့နံရံမှာ သွေးတွေ နောက်ပြန်စီးဆင်းတာကို ကာကွယ်တဲ့ အဆို့ရှင်လေးတွေ ရှိပါတယ်။ အဆို့ရှင်တွေ ထိခိုက်ပျက်စီးတဲ့အခါ၊ ဒါမှမဟုတ် သွေးကြောလေးတွေ အားနည်းလာရင် ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း မရှိတော့ဘဲ သွေးကြောက ကျယ်လာ၊ ကြီးလာပြီး သွေးတွေ နောက်ပြန်စီးကာ အပေါ်မှာ ပြောခဲ့တဲ့ သွေးကြောထုံးတွေ ဖြစ်လာပါတယ်။

>>  ဘာတွေကြောင့် ဖြစ်ရတာလဲ?
●  မိသားစုထဲမှာ ဖြစ်ဖူးတဲ့လူရှိရင် ကိုယ့်မှာဖြစ်ဖို့ ၅၀% လောက် ပိုများပါတယ်။
●  အသက်ကြီးလာရင်လည်း အဆို့လေးတွေရဲ့ပုံစံ၊ လုပ်ငန်းတွေ ထိခိုက်တာမို့ ဖြစ်တတ်ပါတယ်။
●  အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကြောင့် သွေးကြောပေါ် ဖိအားသက်ရောက်တာကြောင့်လည်း သွေးကြောထုံးတွေ ပေါ်လာပါတယ်။ ဒါပေမဲ့ မွေးပြီး ၃ လကနေ ၁၂ လ အတွင်းမှာ ပြန်ကောင်းပါတယ်။
●  အဝလွန်တဲ့လူတွေ၊ ထိုင်တာများတဲ့ လူတွေမှာလည်း သွေးလျှောက်တာနည်းလို့ အဖြစ်များပါတယ်။
●  ဒဏ်ရာကြောင့် ဒါမှမဟုတ် သွေးခဲကြောင့်လည်း အဆို့ရှင်လေးတွေ ပျက်စီးပြီး သွေးကြောထုံး ဖြစ်စေပါတယ်။

>>  ရောဂါလက္ခဏာတွေက -
အရေပြားအောက်မှာ ခရမ်းရောင် သွေးကြောကြီးတွေ မြင်နေရပါတယ်။
တစ်ခါတလေမှာ နာတတ်ပါတယ်။ ကိုက်ခဲတာ၊ ခြေထောက်ကြီး လေးလံနေသလိုလည်း ခံစားရပါတယ်။ ရပ်တာ၊ ထိုင်တာ များရင် ပိုနာလာတတ်ပြီး ခြေထောက်ရောင်လာတာ၊ ကြွက်တက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရေပြားတွေ ယားယံပြီး အရောင်ပြောင်းလာတတ်ပါတယ်။
အရေးကြီးတဲ့ နောက်ဆက်တွဲအနေနဲ့က အရေပြား ယားယံ ရောင်ရမ်းတာ၊ သွေးကြောထဲ သွေးခဲပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

>>  ရောဂါ ဘယ်လိုရှာဖွေမလဲ?
●  စမ်းသပ်ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ပြီးရင် ရောဂါရာဇဝင်၊ ခံစားရတာတွေ မေးပါလိမ့်မယ်။
●  တစ်ခါတလေ လိုအပ်ရင် တီဗီဓာတ်မှန်ရိုက်ပြီး အဆို့ရှင်တွေ ရဲ့ လုပ်ငန်းဆောင်တာ၊ သွေးခဲ ရှိ မရှိကို ရှာဖွေလို့ ရပါတယ်။

>>  ဘယ်လိုကုသမလဲ?
ရောဂါ သိပ်မဆိုးရင် နေထိုင်စားသောက်ပုံကို ပြောင်းလဲပေးရပါတယ်။
●  အကြာကြီး ရပ်တာ၊ ထိုင်တာ၊ ခြေထောက်ချိတ်ပြီး အကြာကြီး ထိုင်တာကို ရှောင်ရပါမယ်။ အိပ်တဲ့အခါ ခြေထောက်ကို အပေါ်မြှောက်အိပ် ရပါမယ်။
●  သွေးလည်ပတ်မှု ကောင်းအောင်၊ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးရပါမယ်။
●  ကိုယ်အလေးချိန် လျော့ရမယ်။
●  အရမ်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။
●  ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။
●  ဆေးတိုက်တာ၊ ဆေးထိုးတာ နောက်ဆုံး လိုအပ်ရင် ခွဲစိတ်တာမျိုး အထိ လုပ်ပေးပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)