/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးတွေ-တစ်ကိုယ်ရည်သန့်ရှင်းရေး-ငယ်စဉ်ကတည်းက

သားသားမီးမီးလေးတွေ တစ်ကိုယ်ရည်သန့်ရှင်းရေး ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေး

Category
ကလေးများနှင့်ကျန်းမာရေး

တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ လူတိုင်းအတွက် အရေးကြီးလှပါတယ်။ သားသားမီးမီးလေးများအနေနှင့် ငယ်စဉ်ကတည်းက တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများ ပိုင်ဆိုင်ခြင်းဖြင့် အသက်ကြီးလာတဲ့အခါမှာလည်း သန့်ရှင်းကျန်းမာမှုကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

(၁)  လက်သန့်ရှင်းရေး
●  လက်ကို မကြာခဏဆေးခြင်းဟာ ကူးစက်ရောဂါများစွာကို ကာကွယ်နိုင်တာ အားလုံးအသိပါပဲ။ ဒါကြောင့် သားသားမီးမီးလေးတွေကိုလည်း လက်ကို စနစ်တကျဆေးကြောတတ်ဖို့ သင်ကြားပေးသင့်ပါတယ်။
●  ကလေးများအား အိမ်သာအဆင်း၊ ကစားပြီးတိုင်း၊ အစာမစားမီနှင့် စားပြီးတိုင်း၊ ခွေးကြောင်လေးများ ကိုင်ပြီးတိုင်း၊ ချောင်းဆိုးနှာချေပြီးတိုင်း၊ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးခိုင်းသင့်ပါတယ်။

Ceelin 1

(၂)  ခံတွင်းသန့်ရှင်းရေး
●  ခံတွင်းမသန့်ရှင်းပါက သွားပိုးစားခြင်း၊ ခံတွင်းနံ့ဆိုးခြင်းတို့ ဖြစ်ပေါ်စေမှာပါ။
●  ကလေးများအား တစ်နေ့ ၂ ကြိမ် သွားတိုက်စေသင့်ပါတယ်။
●  ကလေးအသက်အလိုက် ထုတ်ထားသော သွားတိုက်တံကိုသာ သုံးစေသင့်ပါတယ်။
●  အသက် ၁၂ လအောက်ကလေးများအတွက် လျှာနှင့်သွားဖုံးများကို အဝတ်သန့်သန့်ကို ရေစွတ်ပြီး သုတ်ပေးပါ။
●  အသက် ၂ နှစ်ကနေစပြီး ကလေးသွားတိုက်ဆေးကို အသုံးပြုပါ။
●  အချိုအစားများခြင်းကို တားမြစ်ပေးပါ။
●  သွားတိုက်ရာတွင် လျှာကိုပါ တိုက်ပေးဖို့ သင်ကြားပေးပါ။

(၃)  ဆံပင်သန့်ရှင်းရေး
ဆံပင်သန့်ရှင်းမှုမရှိဘူး ဆိုရင်တော့ သန်းနှင့်ဗောက်တွေ တွယ်နိုင်တဲ့အပြင် ဦးရေပြားပိုးဝင်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။
●  တစ်ပတ်ကို အနည်းဆုံး၂ ကြိမ် ခေါင်းလျှော်ပေးပါ။
●  ကလေးခေါင်းမှာ သန်းများရှိနေပါက နည်းလမ်းတစ်ခုခုသုံးပြီး ပျောက်အောင်ကုသပါ။
●  ဆံပင်ရှည်သောကလေးများအား သေသပ်စွာ စည်းနှောင်ပေးပါ။
●  ခေါင်းဖြီးနှင့်ဆံညပ်များအား တခြားသူများနှင့် တွဲဖက်သုံးခြင်းမပြုပါစေနှင့်။

(၄)  လက်သည်းသန့်ရှင်းရေး
လက်သည်းများမှာ ပိုးမွှားတွေနှင့် အညစ်အကြေးတွေ ရှိနေမယ်ဆိုပါက အစာစားရာကနေတစ်ဆင့် ကိုယ်ထဲသို့ ဝင်ရောက်ပြီး ရောဂါတွေဖြစ်ပေါ်စေပါလိမ့်မယ်။
●  ကလေးတွေရဲ့ ခြေသည်းလက်သည်းကို မကြာခဏညှပ်ပေးပါ။
●  လက်သည်းကိုက်ခြင်း မပြုလုပ်ဖို့ တားမြစ်ပါ။
●  လက်ဆေးချိန်တိုင်း လက်သည်းထိပ်တွေကိုပါ ဆေးကြောဖို့ပြောပြပါ။

Ceelin 2

(၅)  ခြေထောက်သန့်ရှင်းရေး
ခြေထောက်များ သန့်ရှင်းမှုမရှိပါက အနံ့ဆိုးထွက်ခြင်း၊ ပိုးမွှားများ ဝင်ရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
●  ကလေးများအား ရေချိုးတိုင်း ခြေထောက်တွေကိုပါ ဆေးကြောခိုင်းပါ။
●  ခြေချောင်းတွေကြားကိုလည်း ဘရပ်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောပါစေ။
●  ဖိနပ်များကိုလည်း ညစ်ပေခြင်းမရှိအောင် ဆေးကြောပါ။

(၆)  အိမ်တွင်းသန့်ရှင်းရေး
အိမ်မှာနေစဉ် သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးသောကလေးများဖြစ်စေဖို့လည်း သင်ကြားပေးနိုင်ပါတယ်။
●  သန့်ရှင်းသော အိမ်နေရင်းအဝတ်အစားများကို ဆင်ပေးပါ။
●  အမှိုက်များကို အမှိုက်ပုံးတွင်သာ ပစ်ခိုင်းပါ။
●  အစာစားပြီးတိုင်း မိမိပန်းကန်ကို ဆေးကြောခိုင်းပါ။
●  ကြမ်းပြင်ပေါ်သို့ တစ်ခုခုမှောက်ကျပါက ပြန်လည်သန့်ရှင်းစေပါ။ ကလေးဟာ ငယ်လွန်းသေးပါက မေမေ သန့်ရှင်းရေးလုပ်နေစဉ် အနည်းငယ် ကူခိုင်းပါ။

မေမေတို့ရေ ရင်သွေးလေးတွေကို အထက်ပါနည်းလေးတွေအတိုင်း သန့်ရှင်းရေး အလေးထား ဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုကျန်းမာသောဘဝကို တည်ဆောက်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)