/
news/ကလေးများနှင့်ကျန်းမာရေး/မိဘတိုင်း-မျှော်လင့်ထားသလို-အောင်မြင်လိမ္မာတဲ့ကလေးဖြစ်စေဖို့

မိဘတိုင်း မျှော်လင့်ထားသလို အောင်မြင်လိမ္မာတဲ့ကလေးဖြစ်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

လိမ္မာတဲ့ကလေးဖြစ်ဖို့၊ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆိုတာတွေဟာ မိဘတိုင်း ကလေးတွေအပေါ်ထားတဲ့ ရည်မှန်းချက်တွေပါပဲ။ ပြောတာသာ လွယ်တာ၊ လုပ်ရခက်ပါတယ်။
အောင်မြင်စွာ ကလေးပြုစုပျိုးထောင်နည်းရယ်လို့ မရှိပေမယ့် အရေးကြီးတဲ့ အချက်ကလေးတချို့ကိုတော့ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။  လူမှုဆက်ဆံရေးတွေကို သင်ကြားပေးပါ။ အနှစ် ၂၀ ကြာ လေ့လာမှုအရ မူကြိုဘဝလူမှုဆက်ဆံရေးနဲ့ လူငယ်ဘဝ အောင်မြင်မှုတို့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။ သူငယ်ချင်းတွေနဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုမျှဝေအသုံးပြုမယ်၊ သူတစ်ပါးစကားကို ဘယ်လိုနားထောင်ရမယ်၊ သူတစ်ပါးကို ဘယ်လိုကူညီရမယ် စတာတွေကို သင်ကြားပေးထားဖို့ လိုပါတယ်။

Nutroplex 1

၂။  ကလေးကို အလွန်အကျွံ အကာအကွယ်မပေးပါနဲ့။ မိဘတွေ အတော်များများဟာ ကလေးကို သူ့ပြဿနာ သူဖြေရှင်းခွင့်မပေးဘဲ မိဘတွေကိုယ်တိုင် ဝင်ဝင်ဖြေရှင်းပေးတတ်ကြပါတယ်။ လေ့လာမှုတွေအရ ကလေးတွေကို သူတို့ဟာသူတို့ ဖြေရှင်းစေပြီး အမှားကိုသိစေခြင်းဟာ အောင်မြင်စေဖို့ အရေးပါတယ်လို့ ဆိုပါတယ်။
၃။  ငယ်ရွယ်စဉ်ကတည်းက ပညာရေးနဲ့ ထိတွေ့မှုရှိပါစေ။ လေ့လာမှုတွေအရ ငယ်ရွယ်စဉ်ကတည်းက စာဖတ်ပြမယ်၊ သင်္ချာသင်ပေးမယ်ဆိုရင် နောက်ပိုင်းကာလတွေမှာ အောင်မြင်မှုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ မူလတန်း တက်ပြီးနောက်ပိုင်းမှာ အိမ်စာကူလုပ်တာကိုလည်း တဖြည်းဖြည်းချင်း လျော့ချသွားသင့်ပါတယ်။ ကလေးရဲ့တိုးတက်မှုကို နှောင့်နှေးစေနိုင်တာကြောင့်ပါ။  ကလေးရဲ့ကျောင်းကိစ္စတွေကို စိတ်ဝင်တစားမေးမြန်းပါ။ ဒါပေမဲ့ သူတို့ဟာသူတို့ တာဝန်ယူပါစေ။
၄။  ဖုန်းစခရင်မ်ရှေ့မှာပဲ အချိန်မကုန်ပါစေနဲ့။ ဖုန်းစခရင်မ်ကြည့်တာများခြင်းဟာ အဝလွန်ခြင်း၊ အိပ်ချိန်မမှန်ခြင်းနဲ့ အပြုအမူဆိုင်ရာပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အမေရိကန် ကလေးဆေးပညာအကယ်ဒမီက တစ်နေ့ကို ၂ နာရီလောက်သာ ဖုန်းကြည့်ချိန်ပေးရမယ် ဆိုပါတယ်။
၅။  ရည်မှန်းချက်မြင့်မြင့်ထားပါ။ မိဘက ကလေးပေါ်မှာထားတဲ့ ရည်မှန်းချက်ကလည်း ကလေးပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။

Nutroplex 2

၆။  ဉာဏ်ကောင်းတာ၊ ရုပ်ချောတာစတဲ့ မွေးရာပါပါလာတဲ့ ကောင်းကွက်တွေကိုချည်း ချီးကျူးမနေပါနဲ့။ စာတောင်မကျက်ဘဲ A ရတယ်၊ ဉာဏ်ကောင်းလိုက်တာ စသဖြင့်ပေါ့။ ဒီလိုချီးကျူးတာမျိုးက ကလေးရဲ့ လုပ်ဆောင်မှုတွေကို ကျဆင်းစေနိုင်ပါတယ်။
၇။  အိမ်အလုပ်ခိုင်းပါ။ အိမ်အလုပ်ခိုင်းခြင်းဟာ ကလေးဘဝ ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။  လေ့လာစမ်းစစ်မှုအရ အသက် ၃၊ ၄ နှစ်လောက်ကတည်းက အိမ်အလုပ် ခိုင်း၊ မခိုင်းပေါ် မူတည်ပြီး အောင်မြင်မှုအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
၈။  အေးချမ်းပြီး ချစ်ခြင်းလွှမ်းတဲ့အိမ်ကို ဖန်တီးပါ။ အိမ်မှာ ရန်ပွဲတွေနဲ့ မအေးချမ်းတဲ့ကလေးတွေဟာ အေးချမ်းတဲ့မိသားစုက ကလေးတွေထက် မကောင်းဘက်ကို ပိုရောက်နိုင်ပါတယ်။  ကိုယ့်အိမ်ထောင်ဖက်နဲ့ ရန်ဖြစ်ရင်တောင် အော်ကြီးဟစ်ကျယ်မဖြစ်စေဘဲ ဘယ်လိုညှိနှိုင်းကြမလဲဆိုတာကိုသာ အဓိကထား ဆွေးနွေးပါ။

ကဲ ... ဒီတော့ ဖေဖေ၊ မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို လိုက်နာလုပ်ဆောင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

www.drmyanmar.com