/
news/ကလေးများနှင့်ကျန်းမာရေး/ကျောင်းနေအရွယ်ကလေးနဲ့-သွေးအားနည်းရောဂါ

ကျောင်းနေအရွယ်ကလေးနဲ့ သွေးအားနည်းရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးခံစားနေရတဲ့ သွေးရောဂါတစ်မျိုးပါ။
ခန္ဓာကိုယ်မှာ သွေးနီဆဲလ်လုံလောက်အောင် ထုတ်ပေးနိုင်ဖို့အတွက် သံဓာတ် လုံလုံလောက်လောက် မရှိတော့ဘူးဆိုရင် သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင်တွေပို့ပေးဖို့နဲ့ သိုလှောင်ဖို့အတွက် သွေးနီဆဲလ်တွေကို လိုအပ်ပါတယ်။ ဒီတော့ သွေးနီဆဲလ်တွေ မလုံလောက်တဲ့အခါမှာ ကိုယ်အင်္ဂါတွေဆီကို အောက်ဆီဂျင် မလုံလောက်တော့တဲ့အတွက် တစ်သျှူးနဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ သွေးအားနည်းရောဂါဖြစ်ပွားမှုတွေကို လေ့လာထားမှုအရ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေမှာ အဖြစ်အများဆုံးပါ။ ကလေးတွေမှာဆိုရင် ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ ကြီးထွားမှုမြန်ဆန်တဲ့အတွက်ကြောင့် သွေးအားနည်း အဖြစ်များပါတယ်။ ရာသီလာတဲ့အရွယ်အမျိုးသမီးတွေမှာလည်း ရာသီသွေးဆင်းများတဲ့အခါမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေများပါတယ်။

>> ကျောင်းနေအရွယ်ကလေးများ
ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ တစ်နေ့ရှစ်နာရီ ကျောင်းမှာနေရပါတယ်။ သွေးအားနည်းရောဂါ ခံစားနေရတဲ့ကလေးတွေအတွက်တော့ ကျောင်းတက်ရတာ အားကစားတွေ ကစားရတာတွေက သူတို့အတွက် စိန်ခေါ်မှုတစ်ခုလိုပါပဲ။ သွေးအားနည်းရောဂါရဲ့ အဖြစ်များတဲ့လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်းနဲ့ နှလုံးတုန်ရင်ခုန်ခြင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေရှိတယ်လို့ထင်ရင် ဆရာဝန် ချက်ချင်းသွားပြသင့်ပါတယ်။

>> ကိုယ့်ကလေးမှာ သွေးအားနည်းရောဂါရှိနေရင် သံဓာတ်ပြည့်ဝစေဖို့အတွက် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။
မိသားစုအတွက် အစားအစာချက်ပြုတ်တဲ့အခါမှာ ကြေးနီနဲ့လုပ်ထားတဲ့ (သို့) သံနဲ့လုပ်ထားတဲ့အိုးထဲမှာ ချက်ပြုတ်ခြင်းအားဖြင့် သံဓာတ်စုပ်ယူမှုတိုးစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

>> သံဓာတ်ကြွယ်ဝသောအစားအစာများ
ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်၊ အနီရောင်အသားများ၊ ပင်လယ်စာ၊ ပေါင်မုန့်ညို၊ သစ်သီးခြောက်စတဲ့ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ကျွေးပေးပါ။

>> သံဓာတ်အားဆေး
သံဓာတ်အားဆေးသောက်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သံဓာတ်အားဆေးအတော်များများက ကလေးသောက်ချင်အောင်လို့ အရသာတွေထည့်ပြီး လုပ်ပေးထားပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)