/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတိုင်းလိုအပ်သော-အရေးကြီးအာဟာရဓာတ်များ

အမျိုးသမီးတိုင်းလိုအပ်သော အရေးကြီးအာဟာရဓာတ်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကျွန်မတို့ နေ့စဉ်ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အမျိုးသားတွေနှင့် ကိုယ်ခန္ဓာတည်ဆောက်ပုံခြင်း မတူညီတဲ့အတွက် ထပ်မံဖြည့်စွက်စားသောက်ရမယ့် အာဟာရဓာတ်တွေလည်း ရှိနေပါတယ်။ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖောလစ်အက်ဆစ်
အရွယ်ရောက်ပြီး အမျိုးသမီးများအတွက် အထူးလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးကို ကောင်းမွန်စေပြီး မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်တွေမပါအောင် ကာကွယ်ပေးပါတယ်။ အစိမ်းရောင်အရွက်များ၊ ထောပတ်သီးနှင့် ကြက်အသည်းတို့ကို နေ့စဉ် စားပေးသင့်ပါတယ်။

(၂) သံဓာတ်
ကြီးထွားဖွံဖြိုးမှုအတွက် လိုအပ်ပါတယ်။ သံဓာတ်နည်းပါးပါက သွေးအားနည်းခြင်း၊ ပင်ပန်းခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ညအိပ်မပျော်ခြင်းတို့ ဖြစ်စေပါတယ်။ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုးနှင့် ကြက်အသည်းတို့ကို နေ့စဉ် စားသင့်ပါတယ်။

(၃) ကယ်ဆီယမ်
အရိုးနှင့်သွားတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတွေအတွက် ပိုမိုလိုအပ်ပြီး ရာသီလာခါနီးဖြစ်တတ်တဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။ နို့၊ ချိစ်၊ ကညွတ်၊ ကိုက်လန်၊ သစ်အယ်စေ့နှင့် ပဲအနက်တွေမှာလည်း ပါဝင်ပါတယ်။

(၄) ဗီတာမင် D
နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်တဲ့အတွက် မနက်ခင်းနေရောင်ကို ခံယူသင့်ပါတယ်။ နေရောင်မထိတွေ့သူများအနေနှင့် ဗီတာမင် D ပါသော အားဆေးများကို သောက်သုံးသင့်ပါတယ်။ ရင်သားကျန်းမာရေးကို ကောင်းမွန်စေပြီး စိတ်ကျရောဂါကို သက်သာစေပါတယ်။ သွားနှင့်အရိုးတွေ သန်မာစေပါတယ်။

(၅) မက်ဂနီဆီယမ်
အာရုံကြောတွေကို သန်စွမ်းစေပြီး ကြွက်သားနှင့် အရိုးတွေကို သန်မာစေပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေအတွက် အရိုးပွခြင်းကို သက်သာစေပါတယ်။ သွေးပေါင်ကို ထိန်းညှိပေးပြီး နှလုံးရောဂါကို သက်သာစေပါတယ်။ ဖရုံစေ့၊ ဟင်းနုနယ်၊ ပဲမည်း၊ သစ်အယ်စေ့များကို စားသုံးသင့်ပါတယ်။

(၆) ဗီတာမင် E
ကိုယ်ခန္ဓာအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို ကောင်းစေပြီး မျက်စိနှင့် အရေပြားကို ကျန်းမာစေပါတယ်။

(၇) Omega 3
သွေးပေါင်ကို ကျစေပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။ ဆယ်မွန်၊ တူနာ၊ ဆာဒင်းငါး၊ သစ်အယ်စေ့တွေကို စားပေးသင့်ပါတယ်။

(၈) ပိုတက်ဆီယမ်
အာရုံကြောဆက်သွယ်မှုတွေကို အားကောင်းစေပြီး ကြွက်သားတွေကို အားကောင်းစေပြီး အရိုးကျန်းမာရေးကို အားပေးပါတယ်။ သွေးပေါင်ကျစေပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အသားငါး၊ ကြက်သား၊ ဆယ်မွန်ငါးတွေကို စားသုံးသင့်ပါတယ်။

(၉) ဗီတာမင် C
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးလို့ အမျိုးသမီးတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

(၁၀) အမျှင်ဓာတ်
အစာကြေစေပြီး အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဆီးချို၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသီးအရွက်၊ သစ်သီးများ၊ Cereal စတာတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)