/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားဥအိမ်ကင်ဆာကို-ဖြစ်စေနိုင်တဲ့-အကြောင်းအရင်းများ

သားဥအိမ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ယနေ့ခေတ်မှာဆိုရင် ကင်ဆာရောဂါတွေဟာ အတော်ပဲ သိသိသာသာကို ဖြစ်ပွားလာကြပါတယ်။ ကင်ဆာဆိုလို့ရှိရင်တော့ ဘယ်ကင်ဆာပဲဖြစ်ဖြစ် ကြောက်စရာကောင်းတဲ့ ရောဂါတွေချည်းပါပဲ။ ဒီထဲမှာ သားဥအိမ်ကင်ဆာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

» သားဥအိမ်ကင်ဆာ ဘာကြောင့်ဖြစ်ရတာလဲ ?
အကြောင်းအရင်းတွေကို သိဖို့တော့ လိုလာပါပြီ။ သားဥအိမ်ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို တိတိကျကျကြီး မသိကြသေးပေမယ့်လည်း ဒီရောဂါကို အဖြစ်များစေနိုင်တဲ့ အကြောင်းအရင်းတွေကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။

● သက်လတ်ပိုင်း (သို့မဟုတ်) သက်ကြီးပိုင်း အမျိုးသမီးဖြစ်ခြင်း
● ဆွေမျိုးအရင်းအချာ (အမေ၊ ညီမ၊ အဒေါ်၊ အဖွား) တွေထဲမှာ သားဥအိမ်ကင်ဆာ ဖြစ်ဖူးသူရှိခြင်း
● BRCA1, BRCA2, Lynch syndrome စသည့် မျိုးရိုးဗီဇပြောင်းလဲမှုနှင့်ဆိုင်သော ရောဂါများရှိခြင်း
● ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ စသည်ဖြင့် ဖြစ်ဖူးခြင်း
● အရှေ့ဥရောပတွင် နေထိုင်သော လူမျိုးဖြစ်ခြင်း
● Endometriosis ရောဂါ (သားအိမ်အနားရှိ တစ်သျှူးများသည် သားအိမ်ထဲမဟုတ်သော ခန္ဓာကိုယ်၏ တခြားအစိတ်အပိုင်းတစ်ခုခုတွင် ရောက်နေသော ရောဂါတစ်မျိုး) ခံစားနေရခြင်း
● ကလေး မမွေးဖွားဖူးခြင်း၊ ကိုယ်ဝန်ဆောင်ရန် အခက်အခဲရှိခြင်း စတဲ့ အခြေအနေတွေက သားဥအိမ်ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုအနေနဲ့ အီစထရိုဂျင် ဟော်မုန်းပါဝင်တဲ့ ဆေးတွေကို ၁၀ နှစ်နှင့်အထက် သောက်သုံးသော အမျိုးသမီးများမှာလည်း သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး သင်နဲ့ တိုက်ဆိုင်နေတိုင်းလည်း သင့်မှာ သားဥအိမ်ကင်ဆာဖြစ်နေပြီလို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်မှာ သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

» သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ ...
● ပုံမှန်အချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အရင်က မဆင်းဖူးဘဲ အရည်ဆင်းခြင်း
● ဆီးခုံတစ်ဝိုက်တွင် ကိုက်ခဲခြင်း၊ တစ်ခုခုဖိထားသလို ခံစားရခြင်း
● ဗိုက်အောင့်ခြင်း၊ ကျောနာခြင်း
● လေပွခြင်း
● အစားနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်အင့်နေခြင်း
● အရင်ကထက် ဆီးခဏခဏသွားခြင်း၊ ဝမ်းချုပ်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်ပြီဆိုရင် ပေါ့ပေါ့ဆဆ မနေသင့်ပါ။ ပုံမမှန်ဘဲ သွေးဆင်းသလား၊ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပါ။ ဘယ်လိုလက္ခဏာမျိုးပဲဖြစ်ဖြစ် ကိုယ့်အတွက် ဖြစ်နေကျမဟုတ်တဲ့ လက္ခဏာမျိုးကို ၂ ပတ်ထက်ကျော်ပြီး ခံစားနေရပြီဆိုရင် ဆေးခန်းပြသ သင့်ပါတယ်။ ဒါဟာ ကင်ဆာမဟုတ်ဘဲ တခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)