/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/တစ်လတစ်ခါဝေဒနာမှ-သက်သာစေဖို့ရာ

တစ်လတစ်ခါဝေဒနာမှ သက်သာစေဖို့ရာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးများဟာ တစ်လတစ်ခါ ပေါ်ပေါက်သောဝေဒနာကို ပုံစံမတူအောင် ခံစားရတတ်ပါတယ်။ ထိုသို့ ရာသီသွေးမပေါ်ခင် ခံစားရတဲ့ရောဂါလက္ခဏာစု (premenstrual syndrome) ထဲမှာ ရေဓာတ်စုပုံ များပြားခြင်း (Water retention) ဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။
Water retention ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ ရာသီမလာခင် ခံစားရတတ်ပြီး ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်နေတာကြောင့် ပြည့်အင့်အင့်ဖြစ်ခြင်းကို ခံစားရကာ ဟော်မုန်းပြောင်းလဲမှုရှိတဲ့ အတွက် စိတ်ခံစားချက် ပြောင်းလဲခြင်းကိုလည်း ဖြစ်စေပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းက water retention ဖြစ်စေတဲ့  အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုပေမယ့် ဗီတာမင်ဓာတ်ချို့တဲ့တာ၊ ဆားစားသုံးတာ များခြင်းကြောင့်လည်း water retention ဖြစ်စေနိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပါက ရာသီမလာခင်ကြုံတွေ့ရလေ့ရှိတဲ့ water retention ဖြစ်ခြင်းကို လျှော့ချနိုင်ပါတယ်။   သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊  အခွံမာသီး၊ အစေ့အဆံ၊ ကောက်နှံ ပါဝင်သော အစားအစာ စတာတွေကို စားပေးသင့်ပြီး အငန် လျှော့စားသင့်ပါတယ်။  ကိုယ်လက်လှုပ်ရှားမှုရှိဖို့ လိုအပ်ပြီး ကဖင်းဓာတ်ပါတဲ့  အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် များများသောက်ခြင်းကို ရှောင်ရမှာဖြစ်ပါတယ်။
တကယ်လို့ နေထိုင်စားသောက်မှုပုံစံပြောင်းပြီး နေကြည့်တာတောင် water retention ဖြစ်ခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ခံစားရတဲ့ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ် မူတည်ပြီး သောက်ဆေးအကူအညီ ယူပေးလို့ရပါတယ်။ ဆီးရွှင်ဆေးကိုသောက်ခြင်းဖြင့် ဆီးများများသွားစေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရေ ဓာတ်တွေများနေခြင်းကြောင့်ဖြစ်စေတဲ့ ဗိုက်ပြည့်၊ ဗိုက်ကယ်ခြင်းကို သက်သာစေပါတယ်။ Ibuprofen ဒါမှမဟုတ် အခြားအကိုက်အခဲပျောက်ဆေးတွေနဲ့ ဆီးရွှင်ဆေးကို တွဲသောက်ပါက ကျောက်ကပ် ပျက်စီးစေနိုင်တယ်ဆိုတာကိုတော့ သိရှိထားသင့်ပါတယ်။
ဗီတာမင်၊ သတ္တုဓာတ်တွေချို့တဲ့မနေစေဖို့အတွက် ဖြည့်စွက်အားဆေးတွေ သောက်ပေးရမှာဖြစ်ပေမယ့် ခန္ဓာကိုယ်မှာ ပိုလျှံသွားပါကလည်း ဘေးထွက်ဆိုးကျိုးရှိစေနိုင်တာကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရရင်   ခန္ဓာကိုယ်ထဲမှာ ဗီတာမင် E များလွန်းနေတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ၊ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်တာကြောင့်ပါ။ နေထိုင်စားသောက်မှုပုံစံပြောင်းလဲပြီး သောက်ဆေး အကူအညီယူသော်လည်း water retention ဆက်လက်ခံစားရပါက ဆရာဝန်နှင့် ကုသမှု ခံယူသင့်ပါတယ်။

Cho Thet (www.drmyanmar.com)