/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများ-သွေးမဆုံးခင်-ကြုံရတတ်သောလက္ခဏာများ

အမျိုးသမီးများ သွေးမဆုံးခင် ကြုံရတတ်သောလက္ခဏာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1. ရင်သားနာခြင်း

        ဟော်မုန်းအတက်အကျကြောင့် ရာသီလာခါနီးမှာ ရင်သားနာကျင်ခြင်းဖြစ်စေပါတယ်။ ဒါ့အပြင် သွေးဆုံး ခါနီးအချိန်တွေမှာ ရာသီလာချိန်မမှန်တဲ့အတွက် ဘယ်အချိန်မှာ ရင်သားနာမယ်ဆိုတာကိုခန့်မှန်းရခက်ခဲပါတယ်။ ရင်သားပိုတင်းနေသလိုလည်း ခံစားရလေ့ရှိပါတယ်။

2. အညိုအမဲကွက်များထွက်ခြင်း

        အချို့သောအမျိုးသမီးတွေမှာ သွေးဆုံးခါနီးကာလတွင် ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြား ပိုပါးလာပြီး အညိုအမဲပိုစွဲစေပါတယ်။ နည်းနည်းလေးတိုက်မိရင်တောင် အညိုအမဲကွက် အကြီးကြီးဖြစ်စေ ပါတယ်။

3. မျက်သားခြောက်ခြင်း

        မျက်ရည်အလွန်အကျွံကျခြင်းက မျက်လုံးအစိုဓာတ်ကို ထိန်းနေတဲ့လက္ခဏာ တစ်ခုဖြစ်ပါ တယ်။ ဟော်မုန်းကြောင့် မျက်သားအလွန်အကျွံခြောက်ခြင်းနှင့် အမြင်အာရုံပြောင်းလဲခြင်းတွေ ဖြစ်စေပါတယ်။ မျက်သားခြောက်သက်သာစေဖို့ အတွက် ဟော်မုန်းဖြည့်စွက်စာတွေ စားနိုင်ပါတယ်။

4. မုတ်ဆိတ်မွေးများ

        အမျိုးသမီး 15% က သွေးဆုံးခါနီအချိန်တွေမှာ မေးစေ့၊ နှုတ်ခမ်း၊ ပါးတွေမှာ အမွေးတွေပေါက် လာတာကို ကြုံရလေ့ရှိပါတယ်။ ဆိုးတာကတော့ ဆံပင်မွေးတွေပါးပြီးကျဲလာတာပဲဖြစ်ပါတယ်။

5. ရင်တုန်ခြင်း

        နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်းတွေကလည်း သွေးဆုံးခါနီးအချိန်တွေမှာ ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သွေးဆုံးခါနီးအမျိုးသမီးတွေမှာ နှလုံးခုန်နှုန်းကိုထိန်းချုပ်တဲ့ epinephrine နဲ့ norepinephrine ဟော်မုန်းတွေ အပြောင်းအလဲများပါတယ်။

6. ဆီးမထိန်းနိုင်ခြင်း

        အီစထရိုဂျင်ဟော်မုန်းနည်းခြင်းကြောင့် ဆီးပြွန်နံရံပါးခြင်းနဲ့ ကြွက်သားအားနည်းခြင်းတွေဖြစ်စေပါတယ်။ ကလေးရိုးရိုးမွေးထားသူတွေမှာလည်း မွေးလမ်းကြောင်းကြွက်သားတွေ အားနည်းစေပါတယ်။ ဒါကြောင့် ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးထွက်ကျခြင်းများဖြစ်နိုင်ပါတယ်။

7. အသားအရည်ခြောက်သွေ့ခြင်း

        အီစထရိုဂျင်ဟော်မုန်းနည်းခြင်းကြောင့် သွေးဆုံးခါနီးအမျိုးသမီးအများအပြားမှာ ဝက်ခြံ၊ အသားအရည်ခြောက်သွေ့ခြင်းတွေ ကြုံတွေ့ရပါတယ်။ ဒါ့အပြင် အရင်ကဓာတ်မတဲ့ တာတွေပြန်ပေါ်ခြင်း၊ နှင်းခူဖြစ်ခြင်းတွေလည်း ခံစားကြရပါတယ်။

8. ကိုယ်နံ့

        ညဘက်ချွေးအများကြီးထွက်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်းအပါအဝင် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အနံ့ပြင်းလာစေပါတယ်။ နောက်တစ်ချက်ကတော့ အီစထရိုဂျင်ဟော်မုန်းကျသွားတဲ့အခါ hypothalamus gland ကို အပူများနေပြီလို့ သတင်းသွားပို့လိုက်တဲ့အတွက် ချွေးပိုထွက်စေခြင်းဖြစ်ပါတယ်။

9. ခေါင်းတစ်ခြမ်းကိုက်ခြင်း

        သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းအတက်အကျကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း စပြီးခံစားရနိုင်သလို အရင်ကကိုက်ဖူးရင်လည်း ပိုဆိုးလာလေ့ရှိပါတယ်။ သွေးဆုံးပြီးချိန်မှာတော့ ဒီခေါင်းတစ်ခြမ်းကိုက်ခြင်း လုံးဝပျောက်သွားနိုင်သလို (သို့) ပိုဆိုးလာစေနိုင်ပါတယ်။

10. မိန်းမကိုယ်ခြောက်သွေ့ခြင်း

        အီစထရိုဂျင်ဟော်မုန်းနည်းခြင်းက မိန်းမကိုယ်တစ်သျှူးတွေကို ခြောက်သွေ့ခြင်း၊ ပါးခြင်းနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေလျော့နည်းစေပြီး မိန်းမကိုယ်ဆီသွေးစီးဆင်းမှုကိုလည်းလျော့ကျစေပါတယ်။ ဒါကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်းနဲ့ လိင်ဆက်ဆံစဉ် နာကျင်ခြင်းတွေဖြစ်စေပါတယ်။

11. ပူလိုက်အေးလိုက်ဖြစ်ခြင်း

        ဒီလိုခံစားရတာကအဖြစ်များပေမယ့် အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူပါဘူး။ အချို့က သွေးဆုံးခါနီးအချိန်ကစပြီး ဆယ်စုနှစ်အတော်ကြာတဲ့အထိ တွေ့ကြုံရပါတယ်။ အီစထရိုဂျင်ဟော်မုန်းနည်းခြင်းက ခန္ဓာကိုယ်အပူချိန်ကိုထိန်းချုပ်တဲ့ ဂလင်းကိုထိခိုက်စေတဲ့အတွက် ပူလိုက်အေးလိုက်ဖြစ်တာကို နေ့ / ည (သို့) နေ့ရောညရောခံစားကြရပါတယ်။ ဒါက စက္ကန့်အနည်းငယ်ပဲကြာနိုင်သလို နာရီဝက်ကနေ နာရီအတော်ကြာနိုင်ပါတယ်။

12. ကိုယ်အလေးချိန်ပြောင်းလဲခြင်း

        သွေးဆုံးခါနီးအချိန်မှာ အမျိုးသမီးအများစုတွင် ဗိုက်အဆီစုလာလေ့ရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတစ်ဦးရဲ့ ကိုယ်အလေးချိန်က ဟော်မုန်း၊ အစားအစာ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှုနဲ့ မျိုးရိုးဗီဇ စတဲ့အချက် (5) ချက်အပေါ်မှာ မူတည်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိရင်၊ အသားဓာတ်မလုံလောက်ရင် တစ်နှစ်လျှင် 0.6% နဲ့အထက် ကြွက်သားပမာဏဆုံးရှုံးနိုင်ပါတယ်။

13. ရာသီမမှန်ခြင်း

        တစ်လမှာ နည်းနည်းနဲ့ရက်တိုတိုသွေးဆင်းပြီး နောက်လကျတော့ အများကြီးဆင်းခြင်းက သွေးဆုံးခါနီး အချိန်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုရာသီမမှန်တာတွေက ကိုယ်ဝန် ရနိုင်ချေများပါတယ်။ မရည်ရွယ်ထားတဲ့ ကိုယ်ဝန်ရရှိနိုင်ချေဒုတိယအမြင့်ဆုံးအချိန်ကတော့ အသက် 40 ဝန်းကျင်ဖြစ်ပြီး တစ်နှစ်ကျော်လောက် ရာသီပျောက်ခြင်းမဖြစ်မီအထိ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။

14. အရိုးသိပ်သည်းဆနည်းသွားခြင်း

        သားဥအိမ်က အီစထရိုဂျင်ထုတ်မှုနည်းလာလေလေ အရိုးဆုံးရှုံးမှုများလေလေပါပဲ။ ဒါကြောင့် အရိုးပွခြင်း၊ အရိုးပါးခြင်းတွေဖြစ်စေပြီး အရိုးကျိုးခြင်းဖြစ်နိုင်ချေများပါတယ်။

15. စိတ်ရှုပ်ထွေးခြင်း

        ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားမှုအပြောင်းအလဲ၊ အိပ်စက်ခြင်းပြဿနာတွေနဲ့အတူ ပိုပြီးမေ့တတ်လာစေပြီး အာရုံစူးစိုက်ရ ခက်ခဲလာစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပိုဖြစ်စေပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com