/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အာရုံစူးစိုက်မှုအားကောင်းစေသော-အစားအစာများ

အာရုံစူးစိုက်မှုအားကောင်းစေသော အစားအစာများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

     အသက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကလည်း လိုက်ပြီးအိုမင်းရင့်ရော်လာပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာနဲ့ ဖျော်ရည်တွေစားသောက်မယ်ဆိုရင် ဦးနှောက်စွမ်းရည်ကို ကောင်းမွန်အောင်ထိန်းသိမ်းထားနိုင်ပါတယ်။

1. ကဖင်းဓာတ်ကလူကို နိုးကြားစေပါတယ်

     ကဖင်းဓာတ်က အာရုံနိုးကြားစေပြီး စူးစိုက်မှုကိုပိုအားကောင်းစေပါတယ်။ ကော်ဖီ၊ ချောကလက်၊ အားဖြည့်အချိုရည်နဲ့ ဆေးအချို့မှာပါဝင်တဲ့ ကဖင်းဓာတ်က ခဏတာလန်းဆန်းမှုကိုပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်များသွားရင်တော့ ရင်တုန်ပြီးနေထိုင်ရတာ မသက်မသာဖြစ်စေနိုင်ပါတယ်။

2. သကြားဓာတ်ကလည်း လူကိုလန်းဆန်းနိုးကြားစေပါတယ်။

     သကြားဓာတ်ဆိုတာ ဦးနှောက်ကနှစ်သက်တဲ့ လောင်စာတစ်မျိုးဖြစ်ပါတယ်။ အပြင်မှာသုံးတဲ့သကြားကို မဆိုလိုပါဘူး။ စားလိုက်တဲ့သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်အဖြစ်ပြောင်းပစ်လိုက်တဲ့ သကြားဓာတ်ကိုပြောတာပါ။ ဒါကြောင့် အချိုရည်တွေသောက်လိုက်ရင် မှတ်ဉာဏ်၊ တွေးတောနိုင်စွမ်းနဲ့ စိတ်စွမ်းရည်တွေ ခဏတာအားပြည့်လာခြင်းဖြစ်ပါတယ်။ အလွန်အကျွံစားသုံးရင်တော့ အခြားကျန်းမာရေးပြဿနာတွေနဲ့အတူ မှတ်ဉာဏ်ကိုပါ ချို့ယွင်းစေပါတယ်။ ဒါကြောင့် မှတ်ဉာဏ်တိုးတက်ပြီး ကိုယ်အလေးချိန်မတက်လာအောင် သင့်တင့်တဲ့ပမာဏပဲ စားသုံးဖို့တော့လိုပါတယ်။

3. ဦးနှောက်အတွက်လောင်စာရရှိစေဖို့အတွက် မနက်စာစားသုံးပါ။

      လေ့လာမှုများအရ မနက်စာစားသုံးခြင်းက ခဏတာမှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို အားကောင်းစေ တယ်လို့ ဆိုပါတယ်။ မနက်စာစားတဲ့ကျောင်းသားတွေက မစားတဲ့သူတွေထက် ပိုပြီးစွမ်းဆောင် မှုကောင်းပါတယ်။ ဦးနှောက်အတွက်ကောင်းတဲ့ ထိပ်တန်းအစားအစာစာရင်းမှာပါဝင်တာတွေကတော့ အမျှင်ဓာတ်များသောကောက်ပဲသီးနှံများ၊ နို့ထွက်ပစ္စည်းများ၊ သစ်သီးများဖြစ်ကြပါတယ်။ ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ မနက်စာကတော့ အာရုံစူးစိုက်မှုကိုကျဆင်းစေလို့ အလွန်အကျွံတော့မစားပါနဲ့။

4. ငါးစားသုံးခြင်းဖြင့် ဦးနှောက်အားပြည့်စေနိုင်ပါတယ်။

        ဦးနှောက်ကျန်းမာရေးအတွက်သော့ချက်တစ်ခုကတော့ omega-3 fatty acid ကြွယ်ဝစွာပါဝင်တဲ့ ငါး ဖြစ်ပါတယ်။ ဒီကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီမှာ ဦးနှောက်စွမ်းရည်ကို အံ့အား သင့်လောက်အောင် ကောင်းစေပါတယ်။ omega-3 fatty acids ဓာတ်မြင့်မားတဲ့ အစားအစာတွေစားသုံးခြင်းဖြင့် သတိမေ့ခြင်း၊ လေဖြတ်ခြင်းနဲ့ မှတ်ဉာဏ်ယုတ်လျော့ခြင်းတွေကိုလျော့နည်းစေ တဲ့အပြင် မှတ်ဥာဏ်ကောင်းစေဖို့အတွက် (အထူးသဖြင့် လူကြီးများတွင်) အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဦးနှောက်နဲ့ နှလုံးကျန်းမာစေဖို့အတွက် ငါးကို တစ်ပတ်လျှင် 2 ကြိမ်စားသုံးပါ။

5. အခွံမာသီးနှင့် အစေ့အဆံများနေ့စဉ်စားသုံးပါ။

        အခွံမာသီးနဲ့ အစေ့အဆံတွေမှာ အင်တီအောက်ဆီးဒင့်၊ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပြီး အသက်ကြီးချိန်မှာဖြစ်တဲ့ မှတ်ဉာဏ်ကျဆင်းမှုကိုလျော့နည်းစေပါတယ်။ ချောကလက်အမဲမှာလည်း အာရုံနိုးကြားစေတဲ့ ကဖင်းဓာတ်နဲ့ စူးစိုက်မှုအားကောင်းစေတဲ့ ဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

6. ထောပတ်သီးနှင့် ကောက်ပဲသီးနှံများ

       ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတိုင်း အထူးသဖြင့် ဦးနှောက်နဲ့ နှလုံးတို့က သွေးစီးဆင်းမှုအပေါ်မှာ မူတည်နေပါတယ်။ ထောပတ်သီးနှင့် ကောက်ပဲသီးနှံတွေက နှလုံးရောဂါဖြစ်ပွားမှုနဲ့ မကောင်းတဲ့ ကိုလက်စရောဓာတ်တွေကို လျော့ကျစေပါတယ်။ ဒါကြောင့် သွေးထဲမှာအဆီများအနည်ကျခြင်း ကို လျော့နည်းစေတဲ့အပြင် သွေးစီးဆင်းမှုကောင်းမွန်စေခြင်းဖြင့် ဦးနှောက်ဆဲလ်တွေရဲ့အလုပ် လုပ်မှုကို ကောင်းမွန်စေပါတယ်။ ပေါက်ပေါက်နဲ့ ဂျုံကဲ့သို့သော ကောက်ပဲသီးနှံတွေကနေ အမျှင်ဓာတ်နဲ့ ဗီတာမင် E တွေရရှိစေပါတယ်။ ထောပတ်သီးမှာ အဆီဓာတ်ပါဝင်ပေမယ့် ဒီအဆီဓာတ်က သွေးစီးဆင်းမှုကိုကောင်းမွန်စေတဲ့ ကျန်းမာရေးနဲ့သင့်လျော်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။

7. ဘလူးဘယ်ရီတွေကတော့ အာဟာရနဲ့ပြည့်စုံတဲ့ ထိပ်တန်းအစားအစာဖြစ်ပါတယ်။

         တိရစ္ဆာန်တွေကို လေ့လာမှုပြုလုပ်တဲ့အခါမှာ ဘလူးဘယ်ရီက ဦးနှောက်ပျက်စီးမှုကိုကာကွယ်နိုင်ပြီး အသက်ကြီးလာရင်ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါနဲ့ သတိမေ့ခြင်းတွေကိုလျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့ကြွက်တွေမှာ လေ့လာ သင်ယူမှုနဲ့ ကြွက်သားလုပ်ဆောင်မှုတွေကို ကောင်း မွန်စေခြင်းဖြင့် ကြွက်ငယ်ငယ်လေးတွေလိုပဲ မှတ်ဉာဏ်ကိုရရှိစေပါတယ်။

ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာများ၏ အကျိုးကျေးဇူးများ

        ကျွန်ုပ်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပါဝင်ဘူးဆိုရင် အာရုံစူးစိုက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အလွန်အကျွံစားသုံးခြင်းနဲ့ အလွန်အကျွံလျှော့ချ စားသုံးခြင်းကလည်း မကောင်းပါဘူး။ အလွန်အကျွံစားသုံးခြင်းဖြင့် ပင်ပန်းနွမ်းနယ်စေသလို မစားမသောက်ဘဲနေခြင်းကြောင့်လည်း ဆာလောင်မှုကြောင့် ဗိုက်အောင့်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေပါဝင်ပြီး ညီညွတ်မျှတတဲ့အစားအစာတွေကို စားသုံးကြရပါမယ်။

အာရုံစူးစိုက်အားကောင်းအောင် အစားအသောက်တွေအပြင် တခြားဘာလုပ်သင့်သလဲ

         ဒီအစားအသောက်တွေစားသုံးခြင်းအပြင် ကျွမ်းကျင်သူတွေအကြံပြုထားတာကတော့ -

- ညဘက်အိပ်ရေးဝဝအိပ်ပါ။

- ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပါ။

- အတွေးတွေထက်မြက်စေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။

- အတွေးတွေကြည်လင်စေဖို့နဲ့ စိတ်သက်သာစေဖို့အတွက် တရားထိုင်ပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com