အသက်ကြီးလာတဲ့အခါ အမြင်အာရုံ အားနည်းလာခြင်းကို မလွဲမသွေ ကြုံတွေ့ကြရမှာလား?
တကယ်တော့ အသက်ကြီးတိုင်း အမြင်အာရုံ အားနည်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ် နေထိုင်မှုပုံစံတွေကတော့ မျက်လုံးကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ မျက်စိကျန်းမာရေး ကောင်းစေဖို့အတွက် လုပ်ဆောင်နိုင်တဲ့အချက်တွေ အများကြီး ရှိပါတယ်။ လေ့လာမှုအများအပြားအရ အသက် 60 အထက်လူတွေက မျက်စိအားကောင်းစေဖို့ အထောက်အပံ့ အထူးသဖြင့် အာဟာရဖြည့်စွက်စာတွေ ပိုပြီးလိုအပ်ပါတယ်။ ဒါ့အပြင် အောက်ပါလူတွေမှာလည်း မျက်စိအားကောင်းစေဖို့ ဖြည့်စွက်စာတွေ ပိုပြီးလိုအပ်ပါတယ်။
• ကွန်ပျူတာနဲ့ အမြဲအလုပ်လုပ်နေရသူတွေ
• ဆီးချိုရောဂါရှိသူများ
• အဝလွန်သူများ
• ဆေးလိပ်သောက်သူများ
ဒါကြောင့် အမြင်အာရုံစွမ်းအားကို ကာကွယ်ပေးနိုင်တဲ့ နည်းဗျူဟာအချို့ကို ပြန်လည်ဆန်းစစ်ထားပါတယ်။
>> အမြင်အာရုံကို ကာကွယ်ပေးနိုင်သော လူတိုင်းသိကြတဲ့ သဘာဝနည်းလမ်းများ
1. Aspartame ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ရှောင်ကြဉ်ပါ။
Aspartame ဓာတ်အဆိပ်သင့်ခြင်းက အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့အတွက် ဒါကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ Aspartame ဆိုတာက ဓာတုအချိုဓာတ်တစ်မျိုးဖြစ်ပြီး ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ အတွေ့များပါတယ်။
2. မပြည့်ဝဆီတစ်မျိုးဖြစ်တဲ့ Trans fat ကို ရှောင်ကြဉ်ပါ။
Trans fat ပါဝင်မှုများတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Omega-3 fat တွေကို အနှောင့်အယှက်ပေးပြီး အမြင်အာရုံပျက်စီးမှုကို ဖြစ်စေပါတယ်။ Trans fat ကို ထောပတ်ကဲ့သို့သော အစားအစာနဲ့ ဖုတ်ထားသောအစားအစာများ၊ ကြက်ကြော်၊ အာလူးကြော်ကဲ့သို့သော အကြော်များ၊ ဒိုးနတ်၊ ကွတ်ကီးနဲ့ ခရက်ကာတွေထဲမှာ တွေ့ရပါတယ်။
3. Omega-3 အဆီများများ စားပါ။
Omega-3 fatty acid က အမြင်အာရုံကို ကာကွယ်ပေးနိုင်ပါတယ်။ စိတ်မကောင်းစရာ တစ်ချက်ကတော့ ကမ္ဘာကြီး ညစ်ညမ်းလာမှုကြောင့် ငါးတွေက Omega-3 ပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေ မဟုတ်တော့ပါဘူး။
4. အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် များများစားပါ။ (အထူးသဖြင့် ကိုက်လန်)
အစိမ်းရင့်ရောင်အရွက်တွေမှာ lutein, zeaxantin ဓာတ် မြင့်မားစွာပါဝင်တဲ့အပြင် carotenoid ဓာတ်လည်း ကြွယ်ဝတဲ့အတွက် အမြင်အာရုံ အားကောင်းစေပါတယ်။
5. သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင်ထိန်းပါ။
သွေးတွင်းသကြားဓာတ် များခြင်းက မျက်လုံးရဲ့ မှန်ဘီလူးတွေထဲက အရည်တွေကို ဆွဲပြီး မျက်လုံးစူးစိုက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးစီးဆင်းမှုကို ပိတ်ဆို့ခြင်းအားဖြင့် မြင်လွှာအတွင်းရှိ သွေးကြောတွေကို ပိတ်ဆို့ထားပါတယ်။
6. နှလုံးသွေးကြောစနစ်ကို သေချာဂရုစိုက်ပါ။
သွေးတိုးခြင်းက မြင်လွှာမှာရှိတဲ့ သွေးကြောသေးသေးလေးတွေကို ပျက်စီးစေပါတယ်။ ဒါက သွေးစီးဆင်းမှုကိုလည်း ပိတ်ဆို့နိုင်ပါတယ်။ သွေးဖိအား ပုံမှန်အတိုင်း ထိန်းထားဖို့ အကောင်းဆုံးနည်းကတော့ fructose ဆိုတဲ့ သကြားတစ်မျိုးကို ရှောင်ရပါမယ်။ fructose တစ်နေ့လျှင် 74 g စားသုံးပါက သွေးဖိအား 160/100 အထိ တက်နိုင်ခြေ 77% ရှိပါတယ်။
7. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက အမြင်အာရုံအပြင် ခန္ဓာကိုယ်ကျန်းမာရေးကို နည်းလမ်းမျိုးစုံနဲ့ ထိခိုက်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)