/
news/ဆရာဝန်ကြီးများ-၏-ဆောင်းပါးများ/ခြေစွယ်ငုပ်ခြင်း

ခြေစွယ်ငုပ်ခြင်း

Category
ဆရာဝန်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြင့်သန်းထွန်း

        ခြေစွယ်ငုပ်ခြင်းသည် မည်သူမဆိုဖြစ်နိုင်ပါသည်။ သက်ကြီးရွယ်အိုများတွင် ပိုပြီးဖြစ်လွယ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ခြေသည်းများပိုထူလာခြင်းနှင့် ခြေသည်းများ၏အကွေးအချဲ့ပြောင်း လဲခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းများသည် ကွေးဝိုက်ပြီး ရှည်ထွက်လာခြင်း သို့မဟုတ် ခြေသည်း၏ အလယ်နေရာထက် အစွန်းသည် ပို၍ မြန်မြန်ရှည်ထွက်ခြင်း၊ ခြေသည်းညှပ်ပုံ နည်းစနစ်မမှန်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ မျိုးရိုးဗီဇလိုက်ခြင်းနှင့် အလွန်အမင်းကျပ်တည်းသောရှူးဖိနပ်စီးခြင်း စသည်တို့ကြောင့်လည်း ဖြစ်တတ်ပါသည်။

1. ခြေစွယ်ငုပ်ခြင်းလက္ခဏာများ

        ခြေစွယ်ငုပ်ခြင်းသည် ခြေမတွင်အများဆုံးဖြစ်တတ်ပါသည်။ ခြေသည်း၏ ထောင့်စွန်းသည် ခြေသည်းဘေး မှနူးညံ့သော အသားထဲသို့ စိုက်ဝင်ရှည်ထွက်လာပြီး ခြေစွယ်ငုပ်ခြင်းဖြစ်လာ တတ်ပါသည်။ ခြေစွယ်ငုပ်ခြင်း လက္ခဏာများမှာ ခြေသည်း၏ ဘေးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် အထိမခံနိုင်အောင် နာကျင်လာခြင်း၊ ခြေသည်းတစ်ဝိုက်နီရဲခြင်း ရောင်ရမ်းလာခြင်းနှင့် ခြေသည်း အနီးတွင်ရှိသော တစ်သျှူးထဲသို့ ရောဂါပိုးကူးစက်ခြင်းတို့ဖြစ်ပါတယ်။

2. ခြေစွယ်ငုပ်ခြင်း နောက်ဆက်တွဲပြဿနာ

          ဆီးချိုသွေးချိုရောဂါရှိသူများတွင် ခြေစွယ်ငုပ်နေပါက မပေါ့ဆသင့်ပါ။ ဆီးချိုသွေးချိုရောဂါကြောင့် ခြေထောက်တွင် သွေးလှည့်ပတ်မှုနှင့် အာရုံကြောထောက်ပံ့မှု မကောင်းနိုင်ပါ။ ခြေစွယ်ငုပ် ပါက ပြင်းထန်သောနောက်ဆက်တွဲ ပြဿနာများဖြစ်စေနိုင်ပါသည်။ အနာမကျက်ခြင်းမှ တစ်ဆင့် သွေးလှည့်ပတ်မှု မရှိခြင်းကြောင့် ခြေထောက်အသားများ ပုပ်ပွပျက်စီးခြင်းများဖြစ်ပြီး ခြေထောက်ဖြတ်ပစ် ရသောအခြေအနေအထိဖြစ်နိုင် ပါသည်။

          ခြေစွယ်ငုပ်ခြင်းကို ဂရုစိုက်ရပါမည်။ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသရပါမည်။ စနစ်တကျ မကုသဘဲထားပါက ရောဂါပိုးများဝင်ရောက်ပြီး အရိုးကိုထိခိုက်နိုင်ပါသည်။

3. ခြေစွယ်ငုပ်ခြင်းကို အိမ်တွင်းကုသခြင်း

        ခြေစွယ်ငုပ်ခြင်းကို သိရှိပါက ချက်ချင်းကုသရပါမည်။ မိမိ၏ခြေထောက်များကို ရေနွေးနွေးလေးထဲတွင် နေ့စဉ် 3 ကြိမ်မှ 4 ကြိမ်ထိ စိမ်ထားရပါမည်။ အခြားအချိန်များတွင် ခြေထောက်ကိုခြောက်သွေ့အောင် ထားရပါမည်။ နာကျင်မှုသက်သာစေရန် ပါရာစီတမောလ်ဆေးပြားကလေးကို တစ်နေ့ 3 ကြိမ်ခန့်သောက်နိုင်ပါသည်။

          ခြေစွယ်ငုပ်နေချိန်တွင် ညှပ်ဖိနပ်ကို စီးသင့်ပါသည်။ ခြေစွယ်ငုပ်ခြင်းသည် ခြေသည်း၏အသားထဲ နစ်ဝင်နေပါက ခြေသည်းအစွန်းကို ညင်သာစွာမ,ယူရပါမည်။ ထို့နောက် ခြေသည်းနှင့်အရေပြားကြားတွင် ပိုးသတ်ထားသော ဂွမ်းစအနည်းငယ် ထည့်ထားနိုင်ပါသည်။

4. ဆေးရုံ၊ ဆေးခန်းပြသခြင်း

        အိမ်တွင်းကုသမှု 2 ရက်မှ 3 ရက်ကြာသည့်အချိန်ထိ မသက်သာပါက ဆေးရုံ၊ ဆေးခန်းသို့ ပြသရပါ မည်။ ခြေစွယ်ငုပ်သောနေရာတွင် ပြည်တည်နေခြင်း၊ နီရဲနေခြင်း၊ ဆိုးရွားစွာ နာကျင်ခြင်းဖြစ်ပါကလည်း မပေါ့ဆဘဲ ဆရာဝန်နှင့်ပြသပရပါမည်။ ဆီးချိုသွေးချိုရောဂါရှိပြီး ခြေစွယ်ငုပ်နေပါက ဆရာဝန်ထံစောစီးစွာပြသ ရပါမည်။

5. ကာကွယ်ခြင်းနှင့် အကြံပြုချက်

        ခြေသည်းညှပ်ရာတွင် ၀ိုက်မညှပ်ဘဲ ကန့်လန့်ဖြတ်တည့်တည့်ညှပ်ရပါမည်။ နီးကပ်စွာလည်း မညှပ်ရပါ။ ခြေသည်းအစွန်းကို တံစဉ်းနှင့် ညှပ်ပေးရပါမည်။ ခြေသည်းများထူနေခြင်း သို့မဟုတ် လွန်စွာခြောက်သွေ့နေပါက တံစဉ်းနှင့် တိုက်ရပါမည်။ ရှူးဖိနပ်များစီးပါက ခြေချောင်းများ ကျပ်ညပ်မနေစေရန် သက်သောင့်သက်သာရှိသော ရှူးဖိနပ်မျိုးကို စီးရပါမည်။ မိမိကိုမကြာခဏဒုက္ခပေးတတ်သော ခြေစွယ်ငုပ်ခြင်းကို မဖြစ်စေရန် နည်းစနစ်မှန်မှန်နှင့် ခြေသည်းညှပ်ရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

 

 

 

Credit: ဒေါက်တာမြင့်သန်းထွန်း

Health Digest Journal

Vol: 13, No: 50, 21 - 9 - 2016