/
news/ဆရာဝန်ကြီးများ-၏-ဆောင်းပါးများ/ကျန်းမာစေတယ်ထင်ပေမဲ့-မကျန်းမာစေတဲ့-အရာတွေ

ကျန်းမာစေတယ်ထင်ပေမဲ့ မကျန်းမာစေတဲ့ အရာတွေ

Category
ဆရာဝန်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးလွင်သန့် (ဆေး - ၂)

        ကျန်းမာစေတယ်လို့ လူအများကယူဆနေပေမဲ့ တကယ်တမ်းမှာ မကျန်းမာတဲ့အရာတွေရှိတယ်။ အဲဒါတွေကတော့ -

1. ဗက်တီးရီးယားကာကွယ်ရေး ဆပ်ပြာနဲ့လက်သန့်ဆေးရည်

          ဗက်တီးရီးယားကာကွယ်ရေး ဆပ်ပြာသုံးရင် မဖျားမနာတော့ဘူးရယ်လို့ လူအများကတလွဲ မှတ်ယူထားတတ်တယ်။ ယင်းဆပ်ပြာတို့ဟာ ဗက်တီးရီးယားများနဲ့ အခြားပိုးမွှားများကို တိုက်ဖျက်နိုင်တာမှန်ပေမဲ့ လူကိုဖျားနာစေတဲ့ ဗိုင်းရပ်စ်ပိုးများကို ဘာမှမလုပ်နိုင်ပါ။ ဗက်တီးရီးယား ကာကွယ်ရေးဆပ်ပြာသုံးခြင်းက ဖျားနာရောဂါကူးစက်မခံရနိုင်ဆိုတဲ့ ယုံကြည်ချက်က “ဗိုင်းရပ်စ်” အတွက်မှားနေပါတယ်။

2.  ချွေးနံ့ပျောက်ဆေး

          ချွေးနံ့ပျောက်လိမ်းဆေးတွေဟာ ချွေးမထွက်အောင် ဖန်တီးပေးတယ်။ ချွေးမထွက်ရင် ချွေးနံ့နံစော်ခြင်း ကင်းတယ်။ ပြဿနာက ချွေးနံ့ပျောက်လိမ်းဆေးဟာ ခန္ဓာကိုယ်ရဲ့မရှိမဖြစ်လုပ်ငန်းစဉ်ဖြစ်တဲ့ ချွေးထွက်ခြင်း ကိုပြောင်းလဲစေတယ်။  ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်များစွန့်ထုတ်ပေးခြင်းဖြစ်ရာ ချွေးမထွက်ရင် ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်များနေမယ်။ ချွေးထွက်တာဟာ လိုအပ်လို့ထွက်တာပါ။ ချွေးနံ့ပျောက်လိမ်းဆေးမှာပါတဲ့ ဓာတုပစ္စည်းများက ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ လူကိုအဆိပ်သင့်နိုင်စွမ်းရှိတယ်။

          ဓာတုပစ္စည်းများအနက် “အလူမီနစ်” ဟာ သွေးကတစ်ဆင့် ဦးနှောက်ထိရောက်နိုင်တယ်။ အလူမီနစ်ဓာတ်ဟာ အယ်ဇိုင်းမားရောဂါဖြစ်စေတဲ့ အကြောင်းရင်းများအနက် တစ်ခုဖြစ်တယ်။

3.  ထိုင်ခုံ

          လူကိုမကျန်းမာစေတဲ့ပစ္စည်းများထဲမှာ ထိုင်ခုံကိုထည့်ထားတဲ့အတွက် ရယ်ချင်သူများရှိနေနိုင်ပါတယ်။ ထိုင်ခုံမှာ အချိန်ကြာကြာထိုင်ခြင်းက ကျန်းမာရေးဆိုးကျိုးဖြစ်စေတယ်။ လေ့လာမှုစစ်တမ်းပေါင်းများစွာအရ အချိန်ကြာကြာ ထိုင်ခြင်းဟာ ဆီးချို၊ နှလုံး၊ အူမကြီး၊ ရင်သားကင်ဆာများဖြစ်နိုင်တယ်။ တစ်နေ့ 3 နာရီထက်ပိုမထိုင်သင့်ပါ။ အထိုင်များတဲ့ ရုံးအလုပ်ဆိုရင် မိနစ် 20 ထိုင်ပြီး တစ်မိနစ် လမ်းလျှောက်သင့်တယ်။ မတ်တတ်ရပ်စားပွဲမျိုးနဲ့ အလုပ်လုပ်ရင် ပိုကောင်းတယ်။ ရုံးမှာမကြာမကြာ လမ်းလျှောက်ပေးသင့်တယ်။ ရေများများသောက်ရမယ်။ ဒါဆိုရင် မကြာခဏဆီးသွားချင်ခြင်းဖြင့် သန့်စင်ခန်းမကြာခဏ ထသွားခြင်းနဲ့ လမ်းလျှောက်ပြီးသားဖြစ်သွားမယ်။ လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ညီဖို့အနည်းဆုံး တစ်နေ့ခြေလှမ်းတစ်သောင်းလောက် လျှောက်သင့်တယ်လို့ ကျန်းမာရေးသုတေသီတို့ကဆိုတယ်။

4.  သပွတ်အူ၊ ရေချိုးရေမြှုပ်လုံး

          ရေချိုးရင် သပွတ်အူ၊ ရေချိုးရေမြှုပ်လုံးနဲ့ ပွတ်တိုက်လိုက်မှ သန့်စင်သွားတယ်လို့ခံစားရတယ်။ ယင်းသပွတ်အူနဲ့ ရေမြှုပ်လုံးတို့ဟာ ရေချိုးခန်းထဲမှာ အမြဲစိုထိုင်းထိုင်းရှိနေတာဖြစ်လို့ မှိုများ၊ ဗက်တီးရီးယားများ ပေါက်ဖွားဖို့အကောင်းဆုံးအိမ် ဖြစ်နေတတ်တယ်။ ပွန်းရှနာများရှိနေရင် မှိုတွေ၊ ဗက်တီးရီးယးတွေ ခန္ဓာကိုယ်ထဲဝင်သွားနိုင်တယ်။

          ရေချိုးပြီးတိုင်း သပွတ်အူ၊ ရေချိုး ရေမြှုပ်လုံးတွေကိုနေရောင်မှာ ခြောက်သွေ့အောင်ထားရမယ်။

5.  ဖျော်စက်

          ဖျော်စက်ထဲ အသီးတွေထည့်ပြီး အသီးဖျော်ရည်လုပ်သောက်ရတာလောက် ဇိမ်ကျတာမရှိပါ။ အသီးစစ်စစ်နဲ့ ဖျော်သောက်ခြင်းက ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ဖျော်စက်ဟာ ရောဂါပိုးမွှား တင်စေတဲ့အကြောင်းရင်ခံဖြစ်နေတတ်တယ်။ ဖျော်ပြီးရင် ရေနဲ့သေချာမဆေးရင် ဖျော်စက်ထဲက အကြွင်းအကျန်တွေက ဗက်တီးရီးယားနဲ့ မှိုများဖြစ်ထွန်းတတ်တယ်။ သေချာဆေးတယ်ဆိုသူများ ပင် ဖျော်စက်အောက်ခြေ အထက်အောက်က ရော်ဘာအဆို့နေရာကို သေချာစင်ကြယ်အောင် မဆေးဖြစ်တာများတယ်။ ယင်းနေရာဟာ စားစရာကြွင်းကျန်များ အများဆုံးကပ်နေကာ၊ ဗက်တီးရီးယားပိုအောင်းနေတတ်တယ်။ အသီးဖျော်သောက်ပြီးတိုင်း ယင်းဖျော်စက်ကို အထက်အောက်ရာဘာကွင်းပါမကျန် စနစ်တကျသန့်ရှင်းဆေးကြောပေးရမယ်။

6.  နားသန့်ဂွမ်း

          နားသန့်ဂွမ်းတံလေးနဲ့ တို့တို့ပြီး နားထဲမွှေလိုက်ရတာလောက် စိတ်ကျေနပ်စရာကောင်းတာမရှိပါ။ ထိုးမွှေပြီးသွားရင် ကိုယ့်နားသန့်သွားပြီဆိုကာ ပီတိဖြစ်ရတယ်။ တစ်ခုသတိထားရမှာက လူတို့ခန္ဓာကိုယ်ဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းများနဲ့သာ ဖွဲ့စည်းထားတယ်ဆိုတဲ့အချက်ဖြစ်တယ်။

          နားဖာချေးထွက်ခြင်းဟာ လိုအပ်လို့ထွက်ခြင်းဖြစ်တယ်။ နားဖာချေးဟာနားထဲက ဗက်တီးရီးယားနဲ့ ဖုန်မှုန့်များမ၀င်နိုင်ဖို့ ကာကွယ်ပေးတယ်။ ယင်းနားဖာချေးဟာ နားလမ်းကြောင်းအပြင်ပိုင်း သုံးပုံတစ်ပုံစာနေရာမှာသာ တည်ရှိတယ်။ သဘာဝအားဖြင့် အတွင်းပိုင်းမှာမနေပါ။

          တကယ်လို့ကိုယ်က နားသန့်ဂွမ်းထုပ်သုံးလိုတယ်ဆိုရင် နားအပြင်ပိုင်းလောက်ကို ဖွဖွပွတ်တိုက်သန့်စင်သင့်တယ်။

7.  သစ်သီးဖျော်ရည်ဘူးများ

          အသင့်သောက်နိုင်အောင် စီမံထားတဲ့ သစ်သီးဖျော်ရည်ဘူးတွေဟာ အလွန်အကျွံသောက်ရင် မှန်းချက်နဲ့ နှမ်းထွက်လွဲနိုင်တယ်။ သစ်သီးဖျော်ရည်အတော်များများဟာ သကြားဓာတ်အလွန်ပါဝင်နေတယ်။ တာရှည်ခံဖို့အတွက် အပူဓာတ်မြင့်မြင့်ပေးကာ ပြုပြင်ထားခြင်းဖြစ်တာကြောင့် သစ်သီးတွေထဲမှာ မူရင်းပါတဲ့ အင်ဇိုင်းအများအပြား သေဆုံးပျက်စီးသွားပြီဖြစ်တယ်။ အသင့်သောက် သစ်သီးဖျော်ရည်သောက်ရင် ကျန်းမာစေတယ်ဆိုတဲ့ အလွန်အမင်းအားကိုးပုံစံမျိုး မလုပ်မိဖို့လိုပါတယ်။ အချိုရည်ဘူးမှာ မူရင်းအချိုအပြင် ပါဝါသကြားအသုံးပြုတတ်လို့ ဆီးချိုနဲ့ အ၀လွန်ရောဂါဖြစ်စေတယ်။

8.  အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ

          နေ့စဉ်အိမ်သုံးနေတဲ့ သန့်ရှင်းရေးဆေးရည်အမျိုးမျိုးထဲမှာ အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်နေတယ်။ မီးဖိုခန်း၊ ရေချိုးခန်း၊ ကြွေပြားချေးချွတ်ဆေးရည်မျိုး၊ အိမ်သာသန့်ရှင်းရေးဆေးရည်မျိုးထဲမှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ အမိုးနီးယား၊ မီသိုဆိုဆိုင်ချာ၊ ဆာလ်ျူရစ်အက်စစ်၊ ပိုတက်စီယမ်ဟိုက်ဒြောက်ဆိုဒ်၊ ဖော်မယ်ဒီဟိုက်၊ ဘန်ဇင်း၊ ခလိုရိုဖောင်း (Benzine, Chloroform) စတာတွေပါဝင်နေတယ်။ အမျိုးအစားရာထောင်ချီပါတယ်။

          လူအများစုက သန့်ရှင်းရေးသုံးပစ္စည်းသုံးလိုက်ရင် အိမ်အတွင်းအပြင် သန့်ရှင်းစင်ကြယ်သွားတယ်လို့ ထင်တတ်ကြတယ်။ တကယ်တမ်း ယင်းပစ္စည်းများမှ မမြင်သာတဲ့ညစ်ညမ်းဓာတုပစ္စည်းပေါင်းများစွာထွက်လာတာ သတိထာမိသူနည်းလှပါတယ်။

9.  အသင့်အမြန်စားစနစ် (Snacks) များ

          အသင့်အမြန်စားစနစ် ပီကေ၊ ဆင်းဒ၀စ်၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်တို့ဟာ အကြောခံဆီ၊ ဆီအုန်း၊ ၀က်ဆီ၊ တိရစ္ဆာန်အဆီ၊ ပြန်ကြော်ဆီများနဲ့ စီမံထားတဲ့အတွက် ကိုလက်စထရောလ်မြင့်မားစွာ ပါဝင်တယ်။ ရောဂါကင်းရှင်းတယ်ထင်တဲ့သူတွေ အသင့်အမြန်စား အစာများစားသုံးလို့ကြာလာရင် သွေးအတွင်း ကိုလက်စထရောလ် မြင့်မားခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ခြင်းနှင့်နောက်ဆက်တွဲပြဿနာများဖြစ်ပွား တတ်လို့ ရှောင်ရှားသင့်ပါတယ်။

 

 

Credit: ဒေါက်တာလွင်သန့်

Health Digest Journal

Vol: 13, No: 49, 14 - 9 - 2016