/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/မြန်မာနိုင်ငံဆရာဝန်အသင်း၊-သားဖွားနှင့်မီးယပ်ပညာအဖွဲ့

မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့ (ObGyn Society/MMA) နှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း (MNMA) တို့ သားဖွားပညာမြှင့်တင်ရေးအတွက်လက်မှတ်ရေးထိုး

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

     သားဖွားပညာမြှင့်တင်ရေး ရည်မှန်းချက်ပန်းတိုင်သို့ လှမ်းချီနိုင်ရေးအတွက် ပိုမိုထိရောက်သော ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့ (ObGyn Society/ MMA) နှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (MNMA) တို့သည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာပူးတွဲကြေညာချက်ကို နိုဝင်ဘာ 11 ရက်နေ့က ဆီဒိုးနားဟိုတယ်၊ ရန်ကုန်၌ လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ဆေးတက္ကသိုလ် များမှ သားဖွားနှင့်မီးယပ်ပါမောက္ခများ၊ USAID Mission Director Ms. Teresa McGhie၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့မှ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ MCSP Chief of Party နှင့်အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၊ INGOs များနှင့် ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြသည်။

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက အဖွင့်မိန့်ခွန်းစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်သော သားဖွားဆရာမများအတွက် စဉ်ဆက်မပြတ်ပညာရေးနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့နှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းတို့သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေကြောင်း အလေးပေးပြောကြားသွားသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသီတာက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ မိခင်နှင့်ကလေးသေဆုံးနှုန်းကို လျှော့ချရာတွင် သားဖွားဝန်ဆောင်မှုများသည် အရေးအကြီးဆုံးအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ 2014 ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ မိခင်နှင့်မွေးကင်းစကလေး သေနှုန်း သည် မြင့်နေသေးကြောင်း၊ မိခင်နှင့်မွေးကင်းစကလေးကျန်းမာရေးကို ပိုမိုတိုးတတ်ကောင်းမွန်စေရေးမှာ ဆက်လက်အားစိုက်လုပ်ဆောင်ရမည့်အရာဖြစ်ပါကြောင်းနှင့် 2030 ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်မှု ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရန် ယခုကတည်းက အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန်လိုမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားသည်။

     မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့ကို 1964 ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် တည်ထောင်ခဲ့သည်။ ယခုအခါအဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ 350 အထိရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ NGOs၊ INGOs၊ ကုလသမဂ္ဂအေဂျင်စီများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (MNMA)အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲပြီး မြန်မာနိုင်ငံတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် သားဖွားစောင့်ရှောက်မှုဆိုင်ရာ ကဏ္ဍမျိုးစုံတွင်ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါ်ရင်မြက အမှာစကားပြောကြားရာတွင် အစိုးရနှင့် အစိုးရမဟုတ်သောအေဂျင်စီများကို အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သားဖွားပညာရပ်ဖွံ့ဖြိုးတိုးတတ်ရေး အပြင် ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်သော မည်သည်အရေးပေါ်အခြေအနေများတွင်မဆို အသင်းအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

      မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း (MNMA) သည် မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သည့် ပြည်တွင်းအဖွဲ့တစ်ခုဖြစ်ပြီး မိခင်နှင့်ကလေးကျန်းမာရေးစီမံချက်၊ မွေးကင်းစနှင့် ကလေးငယ်အာဟာရစီမံချက်၊ အစားအစာဖူလုံမှုဆိုင်ရာစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ သားဖွားသင်တန်းကျောင်းများမှ သင်တန်သားများကိုလည်း မိခင်နှင့်မွေးကင်းစကလေးဆိုင်ရာ လက်တွေ့သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိသည်။

      မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့ (ObGyn Society/MMA) နှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း (MNMA) တို့ သားဖွားပညာမြှင့်တင်ရာတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၏ Maternal and Child Survival Program (MCSP) က လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပံ့ပိုးပေးခဲ့သည်။ ဤပူးတွဲကြေညာချက်၏ အဓိကရည်ရွယ်ချက်မှာ အရည်အသွေးပြည့်မီသော မိခင်နှင့်ကလေး ဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစံနှုန်းများရရှိစေရန်ရည်ရွယ်၍ သားဖွားဆရာမများ၏ အရည်အသွေးကိုမြှင့်တင်ပေးရန် ပညာရှင်အဖွဲ့အစည်းနှစ်ခုမှ အသင်းဝင်များအချင်းချင်း အတူတကွလက်တွဲပူးပေါင်းသွားရေး အတွက် သန္ဓိဋ္ဌာန်တစ်ရပ်အနေဖြင့် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်စေရန်ဖြစ်ကြောင်းသိရသည်။

 

May Su Hlaing

www.drmyanmar.com