/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသံတိတ်လူသတ်သမား

အသံတိတ်လူသတ်သမား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတိုးရောဂါဟာ တကယ်ကို အသံတိတ်လူသတ်သမား ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ သွေးပေါင်ချိန် ၁၃၀/ ၈၀ နဲ့ အထက်ဆိုရင် သွေးတိုးစတင်နေပြီလို့ သတ်မှတ်ပါတယ်။ အသက် ၂၀ နဲ့အထက်ဆိုရင် ပုံမှန်သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ နဲ့ အောက်မှာပဲ ရှိရပါမယ်။
သွေးတိုးရောဂါရှိတဲ့လူ တော်တော်များများဟာ လက္ခဏာမပြတတ်တာကြောင့် ရောဂါရှိနေမှန်းတောင် မသိတတ်ကြပါဘူး။ ဒါကြောင့် ဆရာဝန်၊ ဆေးဆိုင်တွေမှာ ပုံမှန်သွေးပေါင်ချိန်ကြည့်သင့်ပါတယ်။

>>  ပြီးတော့ သွေးမတိုးအောင် ကာကွယ်ဖို့ ဒီလိုတွေ နေထိုင်စားသောက်ပါ။
●  ကျန်းမာရေးနဲ့ညီညွတ်အောင် စားပါ။
●  ဆား လျှော့စားပြီး ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားတာက သွေးပေါင်ချိန်ကို ကျစေပါတယ်။
●  ကိုယ်အလေးချိန်ကို ထိန်းပါ။
●  အဝလွန်တာက သွေးပေါင်ချိန်ကို တက်စေပါတယ်။

●  ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် သွေးပေါင်ချိန်ကိုပါ ကျစေပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ လိုမျိုးပေါ့။

●  ဆေးလိပ်မသောက်ပါနဲ့။
သွေးပေါင်ချိန်ကို တက်စေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာတွေကိုလည်း ဖြစ်စေပါတယ်။

●  အရက်ကို လျှော့သောက်ပါ။
အရက် အများကြီးသောက်တာကလည်း သွေးပေါင်ကို တက်စေပါတယ်။ ယောက်ျားလေးဆို တစ်နေ့ ၂ ခွက်၊ မိန်းကလေးဆို တစ်နေ့ ၁ ခွက်ထက် ပိုမသောက်သင့်ပါဘူး။

●  ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာပါ။
သင့်မှာ သွေးတိုးရောဂါ ရှိနေပြီဆိုရင် ဆရာဝန်က ဆေးပေးမယ်၊ နေထိုင်စားသောက်ပုံတွေကို ပြင်ခိုင်းပါလိမ့်မယ်။ ဆေးကိုလည်း ဆရာဝန်က မရပ်ခိုင်းဘဲနဲ့ ကိုယ့်သဘောနဲ့ကို မရပ်လိုက်ပါနဲ့။

●  စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
စိတ်ဖိစီးရင်ထွက်တဲ့ ဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးတိုးစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးရင် အစား အလွန်အကျွံစားတာ၊ အိပ်မပျော်တာ၊ အရက်တွေ၊ ဆေးတွေ သုံးမိတာလည်း ဖြစ်စေပါတယ်။

●  သွေးပေါင်ချိန်တွေကို သိထားပါ။
ပုံမှန်က ၁၂၀/ ၈၀ ရဲ့အောက်မှာ ရှိရပါမယ်။
၁၃၀/၈၀ လောက်ရှိပြီ ဆိုရင်တော့ သွေးတိုးရောဂါ အဆင့်-၁ လို့ သတ်မှတ်ပြီး နေထိုင်စားသောက်ပုံတွေကို အရင်ပြင်ခိုင်းပါလိမ့်မယ်။
၁၄၀/ ၉၀ က စပြီး အဆင့်-၂ ဖြစ်သွားပါပြီ။ ဒီအဆင့်မှာတော့ ဆေးစသောက်ဖို့ လိုပါပြီ။
၁၈၀/ ၁၂၀ ကို ကျော်နေရင်တော့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြပါ။ သွေးပေါင်ချိန်လည်း တက်နေတဲ့အပြင် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ၊ အမြင်တွေ မှုန်ဝါးတာ၊ စကားပြောရခက်တာ ဒါတွေပါရှိလာရင်တော့ ဆေးရုံကားခေါ်ပြီး ဆေးရုံ အမြန်သွားဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)