/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းရောင်ရောဂါများအကြောင်း-သိကောင်းစရာ

အသည်းရောင်ရောဂါများအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့အဖြစ် သတ်မှတ်ထားပြီး အဲ့ဒီ့နေ့ရောက်ရင် တစ်ကမ္ဘာလုံးမှာ အသည်းရောင်ရောဂါကို သတိပြုမိစေဖို့ နိုင်ငံတကာအစီအစဉ်တွေ ပြုလုပ်ကျင်းပလေ့ ရှိကြပါတယ်။

>>  အသည်းရောင်ရောဂါဆိုတာ ဘာလဲ?
အသည်းရောင်ရောဂါဆိုတာကတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ အရက်ကြောင့်၊ တချို့သောဆေးဝါးတွေကြောင့်၊ တချို့သောရောဂါတွေကြောင့် အသည်းရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အများစုကတော့ ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်းကို ဖြစ်စေပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါ အမျိုးအစား (၅) မျိုး ရှိပါတယ်။ အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ပဲ ဖြစ်ပါတယ်။

**  အသည်းရောင်အသားဝါ အေ
အသည်းရောင်အသားဝါ အေ ရောဂါဟာ ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့လို့ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ အညစ်အကြေးများနှင့် ယင်ကောင်ကြောင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ထိတွေ့မိသော ရေ၊ အစားအစာတို့ကနေ တစ်ဆင့်ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
●  ဖျားနာခြင်း
●  ဆီးအရောင်ရင့်ခြင်း
●  ဝမ်းအရောင်ဖျော့ခြင်း
●  မျက်လုံး၊ အသားဝါခြင်း
အစားအစာသန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးများကို ဂရုစိုက်ခြင်းဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သလို ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ပါတယ်။

**  အသည်းရောင်အသားဝါ ဘီ
အသည်းရောင်အသားဝါ ဘီ ရောဂါသည် ခန္ဓာကိုယ်မှထွက်သော အရည်၊ ဆီး၊ သုတ်ရည် စတာတွေမှတစ်ဆင့် ကူးစက်နိုင်တဲ့အပြင် မိခင်ကနေကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
●  ဗိုက်အောင့်ခြင်း
●  မျက်လုံး၊ အသားဝါခြင်း
●  ပျို့ခြင်း
●  အန်ခြင်း
●  ဖျားနာခြင်း
●  အရိုးအဆစ်များနာခြင်း
အသည်းရောင်အသားဝါ ဘီရောဂါ ရှိ၊ မရှိကို သွေးစစ်ကြည့်ပြီး သိနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ကတော့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်းသုံးတာ၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရတ်ဓား စတာတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊ တက်တူးထိုးရာတွင်လည်း တစ်ခါသုံးအပ်များသာ အသုံးပြုခြင်းများ ပြုလုပ်နိုင်သလို ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

**  အသည်းရောင်အသားဝါ စီ
အသည်းရောင်အသားဝါ စီ ရောဂါကလည်း အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ရောဂါပိုးပါတဲ့သွေး သွင်းမိတာ၊ အပ်ကို မျှဝေသုံးစွဲတာ စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အသည်းရောင်အသားဝါ ဘီ ရောဂါနဲ့တူပြီး အသည်းရောင်အသားဝါ ဘီ ရောဂါရော အသည်းရောင်အသားဝါ စီ ရောဂါကပါ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင်အသားဝါ စီ အတွက် ကာကွယ်ဆေး မရှိပေမယ့် ကုသနိုင်တဲ့ဆေးတွေတော့ ရှိနေပြီဖြစ်ပါတယ်။

**  အသည်းရောင်အသားဝါ ဒီ
တခြားသော အသည်းရောင်ရောဂါတွေနဲ့ မတူပါဘူး။ အသည်းရောင်အသားဝါ ဒီ ရောဂါဟာ အသည်းရောင်အသားဝါ ဘီ ရောဂါရှိပြီးသားလူတွေမှာသာ ဖြစ်နိုင်ပါတယ်။ ကူးစက်ပုံနဲ့ ရောဂါလက္ခဏာတွေကလည်း အသည်းရောင်အသားဝါ ဘီ ရောဂါနဲ့ တူတူပဲဖြစ်ပါတယ်။

**  အသည်းရောင်အသားဝါ အီး
အသည်းရောင်အသားဝါ အီး ရောဂါဟာ မသန့်ရှင်းတဲ့ရေ၊ အစားအစာတွေကနေတစ်ဆင့် ကူးစက်နိုင်ပြီး သူ့ဘာသူပဲ ပြန်ပျောက်ကင်းသွားတတ်တဲ့ရောဂါမျိုး ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်တွေမှာတော့ ဂရုစိုက်ဖို့ လိုပါတယ်။

>>  အသည်းရောင်ရောဂါတွေကို ကာကွယ်ခြင်း
အသည်းရောင်ရောဂါတွေကို ကာကွယ်ဖို့ကတော့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်းသုံးတာ၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရတ်ဓား စတာတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊ တက်တူးထိုးရာတွင်လည်း တစ်ခါသုံးအပ်များသာ အသုံးပြုခြင်းများ ပြုလုပ်နိုင်သလို ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ သွေးပေနေသောအရာများကို ထိတွေ့ရမည်ဆိုပါက သတိထားပြီး ကိုင်တွယ်ရန်နှင့် အပေါ်မှာ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် သွားရောက်ပြသရန် လိုပါတယ်။

>>  အသည်းရောင်ရောဂါနဲ့ ပတ်သက်လို့ လိုက်နာသင့်တဲ့အချက်များ
●  အစာအုပ်စု သုံးခုစလုံး မျှတစွာ စားသုံးပါ။
●  အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားသောက်တွေကို များများစားပါ။
●  အသားစားခြင်းကို လျှော့ချပါ။
●  ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းထားပါ။
●  ရေများများသောက်ပါ။
●  မပြည့်ဝဆီပါဝင်သော အစားအစာ များများစားပါ။
●  အသည်းရောင်ရောဂါ ဝေဒနာရှင်များအတွက် အကျိုးရှိမယ့် အစားအစာတွေကတော့ အစေ့အဆံများ၊ ငါးအမျိုးမျိုး၊ တို့ဖူး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ ချိစ် များစတဲ့ အစားအသောက်တွေဖြစ်ပါတယ်။

>>  အသည်းရောင်ရောဂါနဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်များ
●  အသည်းရောင်ရောဂါလက္ခဏာတွေဟာ ရိုးရိုးဖျားနာခြင်းနဲ့ ဆင်တူတဲ့အတွက် အသည်းရောင်ရောဂါရှိမှန်းကို စောစီးစွာ မသိတတ်ကြပါဘူး။
●  အသည်းရောင်အသားဝါ အေ နဲ့ အီး ဟာ မသန့်ရှင်းတဲ့ရေ၊ အစားသောက်တွေကနေ အဓိက ကူးစက်နိုင်ပါတယ်။
●  တချို့သော အသည်းရောင်ရောဂါတွေဟာ နာတာရှည်ဖြစ်ပြီး ဆေးမကုဘဲထားရင် အသည်းခြောက်တာ၊ အသည်းကင်ဆာ စတာတွေထိ ဖြစ်နိုင်ပါတယ်။
●  အရက်သောက်ခြင်းဟာ အသည်းရောင်ရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။
●  ကိုယ်ဝန်ဆောင်တွေမှာ အသည်းရောင်အသားဝါ ဘီပိုး ရှိ၊ မရှိ စစ်ကြည့်သင့်ပါတယ်။ မိခင်ကနေ ကလေးဆီကို ရောဂါပိုး ကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)