/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်ကြောင့်-မှတ်ဉာဏ်တွေ-ဆုံးရှုံးစေနိုင်ပါတယ်

အရက်ကြောင့် မှတ်ဉာဏ်တွေ ဆုံးရှုံးစေနိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရက်ဆိုတာက မကောင်းဘူး။ အထူးသဖြင့် အရက်ကို အလွန်အကျွံသောက်ရင် ကျန်းမာရေး၊ လူမှုရေးဆိုးကျိုးတွေ အများကြီးရှိတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ကျန်းမာရေးအရဆိုရင် အရက်က အသည်းကို ထိတယ်ဆိုတာကိုတော့ သိတာများပေမယ့် ဦးနှောက်လုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိတယ်ဆိုတာကို သိကြပါသလား။ အရက်ကြောင့် မှတ်ဉာဏ်တွေကိုရော ဆုံးရှုံးစေနိုင်သလား။

» အရက်နဲ့ မှတ်ဉာဏ်ဆုံးရှုံးတာအကြား ဘယ်လိုတွေ ဆက်စပ်မှုရှိနေလဲ ကြည့်ကြရအောင်။

» အရက်နဲ့ ရေတိုမှတ်ဉာဏ်ဆုံးရှုံးမှု
ယေဘူယျအနေနဲ့ ပြောရမယ်ဆိုရင်တော့ အရက်ကြောင့် မှတ်ဉာဏ်ဆုံးရှုံးနိုင်သလားဆိုရင် ဆုံးရှုံးနိုင်ပါတယ်။ ရေတိုအနေနဲ့ ပြောရမယ်ဆိုရင် အရက်အလွန်အကျွံသောက်တာရဲ့ အဖြစ်များတဲ့ ဆိုးကျိုးနှစ်ခုကတော့ မှတ်ဉာဏ်ဆုံးရှုံးတာနဲ့ အတိတ်မေ့တာ ဖြစ်ပါတယ်။ အရက်တွေ အများကြီးသောက်လိုက်တဲ့အခါမှာ ဘာမှမသိဘဲ ဖြစ်သွားပြီးတော့ နောက်နေ့ နိုးလာရင် ပထမနေ့က ဘာဖြစ်ခဲ့မှန်းကို မသိတော့ဘူး ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို နည်းနည်းပဲသောက်ပြီးရင်တောင်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတာ ဖြစ်နိုင်ပါသေးတယ်။

ဒီလိုမှတ်ဉာဏ် လုံးဝပျောက်သွားတာ ၂ မျိုး ရှိပါတယ်တဲ့။ ပထမတစ်မျိုးကတော့ အရက်နည်းနည်းပဲသောက်ပြီးတော့ အရင်က လွယ်လွယ်မှတ်မိနေတဲ့ လူနာမည်လိုမျိုးဟာလေးတွေကိုတောင်မှ မမှတ်မိတာပါ။ နောက်တစ်မျိုးကတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းက အရာအားလုံးကို လုံးဝ မမှတ်မိတော့တာမျိုးပါ။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်ဉာဏ်တွေနဲ့ မှတ်နိုင်စွမ်းတွေကိုလည်း ထိခိုက်စေပါတယ်။

အရက်အများကြီးသောက်ရင် ဘာလို့ ရေတိုမှတ်ဉာဏ်တွေ ဆုံးရှုံးပြီးတော့ လုံးဝမေ့သွားတာမျိုးတွေ ဖြစ်ရတာလဲဆိုရင်တော့ သွေးထဲက အရက်ပမာဏ မြန်မြန်ကြီး မြင့်တက်သွားလို့ပါ။ သွေးထဲမှာ အရက်ပမာဏ ဘယ်လောက်ဖြစ်သွားရင် ဘာကိုမှ သတိမရဘဲ မေ့သွားမှာလဲဆိုရင်တော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်အလေးချိန်၊ အရက်မသောက်ခင်မှာ တစ်ခုခုစားထားလား၊ ဘယ်လောက်သောက်လိုက်လဲ စတဲ့ အချက်တွေပေါ်မှာ မူတည်ပါတယ်။

အရက်ကြောင့် မှတ်ဉာဏ်ပြဿနာတွေ ဖြစ်ရတာကလည်း အရက်မှာပါတဲ့ အီသနော (ethanol) ရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုကြောင့်ပါ။ အရက်တွေ အရမ်းသောက်ပြီးတော့ မှတ်ဉာဏ်လုံးဝပျောက်ဆုံးသွားတဲ့အခါမှာ အကြမ်းဖက်မှုတွေ၊ မတော်တဆဖြစ်တာတွေနဲ့ ရန်ဖြစ်တာတွေမှာ ပါဝင်ပတ်သက်သွားနိုင်လို့ အန္တရာယ်များပါတယ်။

» ရေရှည်မှတ်ဉာဏ်အပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလဲ ?
အရက်ကို နှစ်အတော်ကြာ စွဲသောက်နေတဲ့သူမှာ အဖြစ်များဆုံး ဆိုးကျိုးကတော့ Wernicke-Korsakoff Syndrome လို့ခေါ်ပြီးတော့ ဒါက မှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီအခြေအနေက ဗီတာမင် B1 ချို့တဲ့မှုကြောင့် ဦးနှောက်ကို သွားပြီးတော့ ထိခိုက်တာပါ။ B1 ချို့တဲ့တာက အရက်ကို ရေရှည်စွဲသောက်တဲ့သူတွေမှာ အဖြစ်များပြီးတော့ ဒါက ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါက တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် အရက်သမားတွေမှာတော့ အဖြစ်များဆုံးပါပဲ။ အရက်သောက်တဲ့အခါမှာ အစာစားတာက ကျန်းမာရေးနဲ့ မညီတော့တာတွေနဲ့ အရက်ကြောင့် ဗီတာမင် B1 စုပ်ယူမှုတွေကို ဟန့်တားတာတွေကြောင့်ပါ။

ဒီ Wernicke-Korsakoff Syndrome မဖြစ်ဘူးဆိုရင်တောင်မှဘဲ အရက်အလွန်အကျွံသောက်တဲ့သူတွေမှာ မှတ်ဉာဏ်ပြဿနာတွေကတော့ မကြာခဏ ကြုံရမှာပါပဲ။ အရက်က ဦးနှောက်ရဲ့ နေရာမျိုးစုံကို သွားထိပြီးတော့ ရေတိုရေရှည် မှတ်ဉာဏ်ဆုံးရှုံးမှုတွေကို ဖြစ်စေတာပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)