/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အန္တရာယ်ဖြစ်စေနိုင်သော-ဗီတာမင်-b12-ချို့တဲ့မှု

အန္တရာယ်ဖြစ်စေနိုင်သော ဗီတာမင် B12 ချို့တဲ့မှု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

B12 ချို့တဲ့နေခြင်းက ဘယ်လိုအန္တရာယ်တွေကို ဖြစ်စေနိုင်သလဲ။ ဥပမာတစ်ခု ပြောပြပါမယ်နော်။ အသက် ၆၂ နှစ်အရွယ် လူကြီးတစ်ယောက်က နှစ်လကျော်ကြာ သူ့ရဲ့လက်တွေမှာ အပ်နဲ့ထိုးသလို စူးတဲ့ခံစားချက်ရနေပြီး ထုံကျဉ်နေပါတယ်။
လမ်းလျှောက်ဖို့လည်း ခက်နေပြီး အဆစ်အမြစ်တွေ အရမ်းနာကာ အသားအရောင်ကလည်း တဖြည်းဖြည်း အဝါရောင် သမ်းလာပါတယ်။ ပြီးတော့ အသက်ရှူရတာပါ ဆိုးဆိုးဝါးဝါး ခက်လာပါသတဲ့။ ဒီလိုဖြစ်ရတာဟာ B12 ချို့တဲ့တာကြောင့် တွေ့ရတဲ့လက္ခဏာတွေ ဖြစ်ပါတယ်လို့ မန်ဆာချုးဆက်ပြည်နယ်ထုတ် ဆေးဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ B12 အလွန်အမင်းချို့တဲ့ခြင်းက စိတ်ကျတာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ မှတ်ဉာဏ်ဆုံးရှုံးတာ၊ ဆီးဝမ်းမထိန်းနိုင်တာ၊ အာရုံခံနိုင်စွမ်းပျောက်ဆုံးတာတွေအပြင် အခြားအရာတွေလည်း ဖြစ်စေနိုင်ပါတယ်။

>>  ဘာလို့ B12 က အရေးကြီးတာလဲ?
လူခန္ဓာကိုယ်ဟာ သွေးနီဥတွေ၊ အာရုံကြောတွေ၊ ဒီအန်အေနဲ့ အခြားအရာတွေ ထုတ်လုပ်ဖွဲ့စည်းဖို့အတွက် B12ကို လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို B12 ၂.၄ မီလီဂရမ် စားသင့်ပါတယ်။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်လို့ ပြင်ပအစားအစာတွေကပဲ B12 ကို ရရှိနိုင်ပါတယ်။ ပြဿနာက အချို့သူတွေဟာ B12 လုံလုံလောက်လောက် မစားတာ၊ အချို့ကတော့ စားပေမယ့် သူတို့ရဲ့အူလမ်းကြောင်းက မစုပ်ယူနိုင်တာ စတာတွေကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ အတွေ့များပါတယ်။ စစ်တမ်းတစ်ခုက ခန့်မှန်းထားတာတော့ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၃.၂ ရာခိုင်နှုန်းက အလွန်အမင်း B12 ဓာတ် ချို့တဲ့နေပြီး ၂၀ ရာခိုင်နှုန်းထိက B12 ဓာတ် ချို့တဲ့နိုင်ခြေရှိနေပါတယ်။

>>  သင်ဟာ B12 ဓာတ်ချို့တဲ့နိုင်ခြေရှိလား။
B12 ဓာတ် ချို့တဲ့စေတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ အံအားသင့်စရာကောင်းတာက ကျန်းမာရေးကို အထောက်အကူပြုတဲ့ နည်းနှစ်ခုဖြစ်တဲ့ သက်သတ်လွတ်စားတာနဲ့ ကိုယ်အလေးချိန်လျှော့ ခွဲစိတ်တာတွေက B12 ဓာတ်ကို ချို့တဲ့စေပါတယ်။
အပင်တွေက B12ကို မထုတ်လုပ်နိုင်ဘဲ အသားတွေ၊ ကြက်ဥ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကပဲ ရရှိစေပါတယ်။ အသီးအရွက်စားသူတွေနဲ့ လုံးဝသက်သတ်လွတ်စားတဲ့သူတွေက B12 ဓာတ် ချို့တဲ့နိုင်ခြေအရှိဆုံးပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှု ပြုလုပ်သူတွေမှာလည်း ခွဲစိတ်တာလိုက်ခြင်းကြောင့် ခန္ဓာကိုယ်က B12 စုပ်ယူဖို့ မတတ်နိုင်တော့ဘဲ ချို့တဲ့နိုင်ပါတယ်။ အချို့သော အူလမ်းကြောင်းရောဂါတွေကလည်း B12 ဓာတ်ကို ချို့တဲ့စေပါတယ်။ အသုံးများတဲ့ အချို့အစာအိမ်အချဉ်ပေါက်တာ သက်သာတဲ့ဆေးတွေကလည်း အက်စစ်ထွက်တာကို ဟန့်တားတာကြောင့် B12 စုပ်ယူတာကို နည်းပါးစေပါတယ်။ ဒီလိုဖြစ်တာကလည်း သက်ကြီးရွယ်အိုတွေမှာ အတွေ့များပါတယ်။

>>  ဗီတာမင် B12 ချို့တဲ့ခြင်း လက္ခဏာများ
B12 ချို့တဲ့ခြင်းက ဖြစ်ဖို့ အချိန်အတော်ကြာပြီး လက္ခဏာတွေကို အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပေါ်လာစေတတ်ပါတယ်။ B12 ဓာတ် ချို့တဲ့ခြင်း လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့ ဆင်တူပြီး မှားယွင်းနိုင်ပါတယ်။
●  လက်တွေ၊ ခြေတွေမှာ ထုံကျဉ်ခြင်း၊ ယားယံသလိုဖြစ်ခြင်း
●  လမ်းလျှောက်ရတာ ခက်ခဲခြင်း
●  သွေးအားနည်းခြင်း
●  လျှာမှာ ထူပြီးရောင်ရမ်းနေခြင်း
●  ကျိုးကြောင်းဆီလျော်စွာ မစဉ်းစားနိုင်ခြင်း (သို့) မှတ်ဉာဏ်ဆုံးရှုံးခြင်း
●  အားနည်းခြင်း
●  ညောင်းညာခြင်း တို့ ဖြစ်စေတတ်ပါတယ်။
ကျွမ်းကျင်တဲ့သမားတော်တစ်ယောက်နဲ့ပြပြီး လက္ခဏာတွေကို မေးမြန်းကာ သေချာစမ်းသပ်စစ်ဆေးပြီး B12 ဓာတ် ချို့တဲ့တာ သေချာအောင် သွေးဖောက်စစ်ဆေးဖို့ လိုအပ်ပါတယ်။
အကယ်၍ သက်သတ်လွတ်စားသူဖြစ်နေမယ် ဒါမှမဟုတ် ကိုယ်အလေးချိန်လျှော့တဲ့ ခွဲစိတ်မှုတစ်ခု လုပ်ထားမယ်ဆိုရင်တော့ ဆရာဝန်ကို သွေးတွင်း B12 ဓာတ် စစ်ဆေးဖို့ တောင်းဆိုတာက သင့်လျော်ဆုံးပါပဲ။
မြန်မြန်သိပြီး ကုသတာ အကောင်းဆုံးဖြစ်ပြီး မကုသဘဲနေရင်တော့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေနဲ့ သွေးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

>>  သင့်ရဲ့ B12 ဓာတ်ကို မြှင့်တင်ခြင်း
B12 ဓာတ် ချို့တဲ့ခြင်းကို နည်းလမ်းနှစ်ခုနဲ့ပြုပြင်နိုင်ပါတယ်။ အပတ်စဉ် B12 သောက်သုံးတာနဲ့ နေ့စဉ်ပမာဏများသော B12 ဆေးများ သောက်သုံးတာပဲ ဖြစ်ပါတယ်။ အနည်းအကျဉ်းလောက်ပဲ B12 ချို့တဲ့တာကိုတော့ ဗီတာမင်မျိုးစုံပါတဲ့ အားဆေးသောက်ခြင်းနဲ့ ကုသနိုင်ပါတယ်။
B12 မချို့တဲ့ရအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူ ဖြစ်နေမယ်ဆိုရင် ပေါင်မုန့်တွေ၊ ဂျုံတွေ၊ B12 ပါအောင် ပြုလုပ်ထားတဲ့အစာတွေကို စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံပါဝင်တဲ့ အားဆေးမှာတော့ B12 ၆ မိုက်ခရိုဂရမ်ဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်ချက်ကို ကောင်းကောင်းလုံလောက်စေပါတယ်။ အသက် ၅၀ ကျော်သူတွေမှာ အူတွေက ကောင်းကောင်း မစုပ်ယူနိုင်တော့တာမို့ B12 ကို ဖြည့်စွက်စားသုံးသင့်တယ်လို့ အကြံပေးထားပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)