/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစားအစာတွေနဲ့ပတ်သက်လို့-လုပ်မိလေ့ရှိတဲ့-အမှားများ

အစားအစာတွေနဲ့ပတ်သက်လို့ လုပ်မိလေ့ရှိတဲ့ အမှားများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစားအစာတွေနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ အန္တရာယ်ကင်းအောင် ပြုလုပ်ရာမှာ ရက်လွန်နေတဲ့ အစားအစာတွေကို လွှွှင့်ပစ်တာ၊ အသီးတွေ၊ အရွက်တွေကို ရေစင်စင်ဆေးတာ စတာတွေလောက်နဲ့တင် မလုံလောက်ပါဘူး။ အစားအသောက်နဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်တာ၊ တခြားသော နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် သတိထားပြီး လိုက်နာရမှာတွေ အများကြီး ရှိနေပါတယ်။ တကယ်လို့ ဒါတွေကိုမသိဘဲ မလိုက်နာမိခဲ့ရင်တော့ စားသောက်မှုပုံစံတွေကို ထိခိုက်နိုင်တဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုရင် ဆေးခန်းပြတာမျိုး၊ အလုပ်က ခွင့်ယူပြီး နားရတာမျိုး၊ ဆေးတွေသောက်တာမျိုး စတာတွေ လုပ်ရမှာဖြစ်ပြီး အချိန်ကုန်၊ လူပန်းဖြစ်ပြီး စိတ်လည်း ညစ်ရနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေနဲ့ပတ်သက်လို့ အန္တရာယ်ကင်းကင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနိုင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒီလိုနားလည်ဖို့ ပထမဆုံး အဆင့်အနေနဲ့ ဘာတွေကို မလုပ်သင့်တာလဲဆိုတာသိဖို့ လိုပါမယ်။ ဒါကြောင့် အစားအစာတွေနဲ့ပတ်သက်လို့ လုပ်မိလေ့ရှိတဲ့ အပြုအမူ အမှားတွေကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

● စားစရာတစ်ခုခုကို သိုးနေပြီလားဆိုပြီး မြည်းကြည့်တာ
ဒီအပြုအမူကတော့ တကယ့်ကို မှားယွင်းတဲ့ အပြုအမူမျိုးပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆို သိုးနေလားမသေချာတဲ့ စားစရာတစ်ခုမှာ သင်မြည်းကြည့်ရုံနဲ့ မသိနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်လို့ ဖြစ်ပါတယ်။ ဒီ ဘက်တီးရီးယားပိုးတွေက အစာအဆိပ်သင့်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောတာ စတာတွေကို ဖြစ်စေနိုင်တဲ့အတွက် ရက်လွန်နေတဲ့၊ သိုးနေပြီထင်တဲ့ အစားအစာတွေကို မြည်းမကြည့်ဘဲ လွှင့်ပစ်လိုက်တာက ပိုပြီးတော့ စိတ်ချရပါတယ်။

● အသားစိမ်း၊ ငါးစိမ်းတွေနဲ့ အသင့်စား စားစရာတွေ၊ ချက်ပြီးသား စားစရာတွေကို ရောထားခြင်း
အသားစိမ်း၊ ငါးစိမ်းတွေနဲ့ အသင့်စား စားစရာတွေ၊ ချက်ပြီးသား စားစရာတွေကို ပန်းကန်တစ်ခုတည်း၊ ခြင်းတောင်းတစ်ခုတည်းမှာ ရောထားတာမျိုးကလည်း မှားယွင်းတဲ့ အပြုအမူတစ်ခုပါပဲ။ ဒီလိုထားခြင်းဟာ အသား၊ ငါး အစိမ်းတွေမှာရှိတဲ့ ရောဂါပိုးတွေကို ချက်ပြီးသား အစားအသောက်တွေဆီ အလွယ်တကူပဲ ရောက်သွားစေနိုင်ပြီး အစာအဆိပ်သင့်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောတာ စတာတွေကို ဖြစ်စေနိုင်တဲ့အတွက် အိုးခွက်ပန်းကန်တွေ၊ စဉ့်တီတုံးတွေကို သပ်သပ်စီခွဲတာ အကောင်းဆုံးပါပဲ။

● စားစရာတွေကို အခန်းအပူချိန်မှာပဲ အကြာကြီး ထားထားခြင်း
စားစရာတွေကို အပူချိန်များတဲ့ နေရာမှာထားရင် ရောဂါပိုးတွေ ပေါက်ပွားဖို့ လွယ်ပါတယ်။ အပူချိန် ၄ ဒီဂရီဆဲစီးရပ်စ်ကနေ ၆၀ ဒီဂရီဆဲစီးရပ်စ် အတွင်းမှာဆိုရင် ရောဂါပိုးတွေ အများဆုံး ပေါက်ပွားနိုင်ပါတယ်။ ဒါကြောင့် စားစရာတွေကို သိမ်းထားမယ်ဆိုရင် ရေခဲသေတ္တာထဲဖြစ်ဖြစ်၊ မိုက်ခရိုဝေ့ဖ်နဲ့ဖြစ်ဖြစ် သိမ်းဆည်းကြပါ။

● ရေခဲသေတ္တာထဲမထည့်ခင် စားစရာတွေကို အပြင်မှာ အေးသွားအောင်ထားခြင်း
အစားအသောက်တွေကို သိမ်းဆည်းမယ်ဆိုရင် ရေခဲသေတ္တာထဲမထည့်ဘဲ အပြင်မှာပဲ ၁ နာရီ၊ ၂ နာရီ လောက်ထားရင်တောင် ကျန်းမာရေးအတွက် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စားစရာတွေကို ရေခဲသေတ္တာထဲကို အချိန်မီထည့်ပြီး သိမ်းဆည်းရပါမယ်။

● ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ ဥများကို အစိမ်းစားခြင်း
ဥအမျိုးမျိုးကို အစိမ်းစားတာက မလုပ်သင့်တဲ့ အပြုအမူ ဖြစ်ပါတယ်။ Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေအပြင် တခြားသော အန္တရာယ်များတဲ့ ဘက်တီးရီးယားပိုးတွေ ပါလာနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဂျုံ၊ မုန့်နှစ် စတာတွေကို အစိမ်းစားတာကလည်း E.coli လို့ခေါ်တဲ့ဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

● မကျက်တကျက် ချက်စားခြင်း
ဘယ်လိုအစားအသောက်ပဲဖြစ်ဖြစ်၊ လုံလောက်တဲ့ အပူချိန်တစ်ခုမှာ လုံလောက်တဲ့ ကြာချိန်ထိ သေချာကျက်အောင် ချက်စားခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအချက်ကို မှတ်ထားပါ။ ဒီတိုင်းပဲ ကျင့်သုံးပါ။

● လက် မဆေးခြင်း
ကျွနု်ပ်တို့ရဲ့လက်ဟာ အိမ်သာတစ်ခုထက် ပိုညစ်ပတ်ပါသတဲ့။ ဒါကြောင့် လက်ကို မကြာခဏ ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကြာအောင် သေချာစွာ ဆေးကြောပေးပါ။

● ပန်းကန်ခွက်ယောက်၊ ဇွန်း၊ ခက်ရင်းများကို စင်ကြယ်အောင် မဆေးခြင်း
ပန်းကန်ခွက်ယောက်များကို အသုံးပြီးတိုင်း စင်ကြယ်အောင် သေချာစွာ ဆေးကြောသန့်စင်ရပါမယ်။ ဒီလို မဆေးကြောပါက ဒီပစ္စည်းတွေကနေ ရောဂါပိုးတွေဟာ စားသုံးသူတွေဆီကို တိုက်ရိုက် ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ပန်းကန်ခွက်ယောက်တွေကို သုံးပြီးတိုင်း ဆေးကြောဖို့ လိုပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ အစားအစာတွေနဲ့ပတ်သက်ပြီး လူအများစု သတိမထားမိဘဲ လုပ်လေ့ရှိတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ ဒီလိုအမှားတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဒေါက်တာအောင် (www.drmyanmar.com)