/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သတိထားစောင့်ကြည့်သင့်တဲ့-လည်ချောင်းကင်ဆာ-လက္ခဏာများ

သတိထားစောင့်ကြည့်သင့်တဲ့ လည်ချောင်းကင်ဆာ လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လည်ချောင်းကင်ဆာဆိုတာကတော့ လည်ချောင်း၊ အသံအိုးနဲ့ အာသီး စတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိတဲ့သူမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို သူ့ရဲ့နားထဲမှာ ခံစားရတတ်ပါတယ်။ ဘယ်လိုလက္ခဏာမျိုးပါလိမ့်၊ ဆက်လက်ဖော်ပြပေးပါမယ်။
လည်ချောင်းကင်ဆာဟာ တခြားကင်ဆာနဲ့ယှဉ်ရင် ဖြစ်နှုန်းနည်းပေမယ့် ကင်ဆာဖြစ်ကြောင်း သိရှိခဲ့ပြီဆိုရင်လည်း ရောဂါပြင်းထန်နေတဲ့အဆင့်ရောက်မှသာ သိကြတာများပါတယ်။ လည်ချောင်းကင်ဆာဟာ တစ်ခါတလေမှာ အသံအိုး၊ အာသီးစတဲ့နေရာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

>>  လည်ချောင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ -
●  ချောင်းဆိုးခြင်း
●  အသံပြောင်းသွားခြင်း (အသံသြသွားခြင်း၊ အသံမထွက်တော့ခြင်း)
●  အစာမျိုချလို့မရခြင်း
●  လည်ပင်းနာခြင်း
●  လည်ပင်းတစ်ဝိုက်မှာ အလုံးပေါ်ခြင်း
●  ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နားအတွင်းမှာ ခံစားရတဲ့ရောဂါလက္ခဏာတွေလည်း ရှိပါသေးတယ်။ လူတစ်ယောက်ဟာ အကြားအာရုံ တဖြည်းဖြည်း ချို့ယွင်းလာတာ၊ အချိန်အကြာကြီး နားကိုက်နေတာ၊ လည်ပင်းတစ်ဝိုက်မှာ အကျိတ်တွေ ထွက်လာတာ စတာတွေကို ခံစားနေရပြီဆိုရင် လည်ချောင်းကင်ဆာ ဖြစ်နေနိုင်တဲ့အတွက် သတိထားရပါမယ်။ ဒီရောဂါလက္ခဏာတွေက နားနှစ်ဖက်လုံး (သို့မဟုတ်) နားတစ်ဖက်တည်းမှာ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် နားတစ်ဖက်တည်းမှာသာ ခံစားရလေ့ရှိပါတယ်။ နားကိုက်ခြင်းဟာ ဆက်တိုက်ဖြစ်နိုင်သလို ကိုက်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေကို နှစ်ပတ်ကျော်တဲ့အထိ ခံစားနေရပြီဆိုရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဘာ့ကြောင့်ဆို လည်ချောင်းကင်ဆာဟာ လျှာ၊ အာသီး စတာတွေနဲ့ ကွယ်နေတတ်ပြီး ပုံမှန်စမ်းသပ်စစ်ဆေးမှု လုပ်တဲ့အခါ မတွေ့တာလည်း ဖြစ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ လည်ချောင်းထဲက နာကျင်မှုဟာ တစ်ခါတစ်ရံ နားကိုက်တာနဲ့ ရောနေတတ်ပါသေးတယ်။ ဒါ့ကြောင့် အထူးကုနဲ့ ပြသသင့်တာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေ၊ ကြွက်နို့ပိုး ကူးစက်ခံထားရသူတွေ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ လုံလောက်အောင် မစားသူတွေ စတဲ့သူတွေမှာ လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေပိုများတဲ့အတွက် ပိုသတိထားသင့်ပါတယ်။
လည်ချောင်းကင်ဆာကို ကာကွယ်ဖို့ တိကျတဲ့နည်းလမ်းတော့မရှိသေးပါဘူး။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို သတိထားပြီး ပြုပြင်မယ်ဆိုရင်တော့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အဓိက သတိပြုရမှာကတော့ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကို သတိပြုရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနေတဲ့သူတွေအတွက်လည်း အကူအညီတွေတောင်းခံဖို့ ဝန်မလေးဘဲ ဆေးလိပ်ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)