/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်-သတိမထားဘဲ-လျစ်လျူရှုမိနိုင်တဲ့-ကင်ဆာလက္ခဏာ-၁၀-မျိုး

သင် သတိမထားဘဲ လျစ်လျူရှုမိနိုင်တဲ့ ကင်ဆာလက္ခဏာ (၁၀) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကင်ဆာရောဂါဆိုတာသေစေနိုင်တဲ့ ရောဂါများတွင် ရှေ့ဆုံးကပါဝင်နေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုသော ကင်ဆာရောဂါတွေဟာ စောစီးစွာ သိရှိပြီး ကုသမှုခံယူနိုင်ပါက ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ ဒါကြောင့်မို့ ကင်ဆာရောဂါရဲ့ ကနဦးလက္ခဏာတွေကို သိရှိထားဖို့ အရေးကြီးလှပါတယ်။ ဒီလက္ခဏာတွေက ဘာတွေဖြစ်မလဲ။

(၁)  ရက်ဆက်ဆိုသလို ပင်ပန်းနွမ်းနယ်နေုခြင်း
လူကီးမီးယား၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများတွင် တွေ့ရသောလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကင်ဆာကြောင့်ဖြစ်သော ပင်ပန်းခြင်းဟာ အိပ်ရေး၀၀ အိပ်လိုက်တာတောင်မှ သက်သာခြင်းမရှိဘဲ ပင်ပန်းနုံးချိနေတတ်ပါတယ်။

(၂)  အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း
ကင်ဆာဖြစ်နေသူတိုင်းဟာ တစ်ချိန်ချိန်မှာတော့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ အစာရှောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့်မဟုတ်ဘဲ သူ့အလိုလို ပိန်သွားတာမျိုးက စိုးရိမ်ဖွယ်ရာ ရှိပါတယ်။ သူ့အလိုလို ၁၀ ပေါင်ခန့် ပိန်ကျသွားတာမျိုးက ကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်မလားဆိုတာ သတိထားဖို့ လိုပါတယ်။

(၃)  အရေပြားထူလာခြင်းသ ို့မဟုတ် အလုံးအကျိတ်ဖြစ်ပေါ်ခြင်း
သင့်ကိုယ်ပေါ်ရှိ အရေပြားမှာ ထူလာခြင်း သို့မဟုတ် အလုံးတစ်ခုခု စမ်းမိခြင်းမျိုးရှိပါက မပေါ့ဆဘဲ ဆရာဝန်ထံ ပြသသင့်ပါတယ်။

(၄)  ရက်ဆက်ကိုက်ခဲနာကျင်ခြင်း
နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပေမယ့်လည်း ကင်ဆာကလည်း တစ်ခုအပါအဝင်မို့ အကြောင်းရင်းမရှိဘဲ နာကျင်ခြင်း၊ ဆေးသောက်တာတောင် မသက်သာခြင်းမျိုး ကြုံတွေ့ပြီဆိုပါက မပေါ့ဆသင့်ပါဘူး။

(၅)  မကြာခဏဖျားခြင်း
ကင်ဆာရောဂါက ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီဆိုတာနှင့် ဖျားနာခြင်းကို စတင်ခံစားကြရပါတယ်။ ဖျားနာခြင်းဟာ ကင်ဆာရဲ့ နောက်ဆုံးအခြေအနေရောက်မှသာ တွေ့ကြုံနိုင်ပေမယ့် လူကီးမီးယားနှင့် အကျိတ်ကင်ဆာများတွင်တော့ အစောပိုင်းလက္ခဏာအဖြစ် တွေ့ရတတ်ပါတယ်။

(၆)  အရေပြားပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း
သင့်ကိုယ်ပေါ်ရှိ မှဲ့ခြောက်၊ မှဲ့များ အရောင်ပြောင်းခြင်း၊ ပိုမိုကြီးလာခြင်း၊ အရေပြားယားခြင်း၊ နီရဲခြင်းနှင့် သွေးထွက်ခြင်းများ ဖြစ်ပေါ်ပါက အရေပြားနှင့် ပတ်သက်သော ကင်ဆာရောဂါများကို စစ်ဆေးသင့်ပါတယ်။

(၇)  ဝမ်းနှင့် ဆီးသွားခြင်းဆိုင်ရာ ပြောင်းလဲမှုများ
နာတာရှည်ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း၊ မစင်အရွယ်အစား ပြောင်းလဲခြင်းများနှင့် ကြုံတွေ့ပါက အူမကြီးကင်ဆာ ရှိ၊ မရှိ သိရဖို့ ဆရာဝန်ထံ ပြသသင့်ပါပြီ။
ဆီးသွားရင် နာကျင်ခြင်း၊ သွေးပါခြင်းနှင့် အခြားပြောင်းလဲမှုများရှိပါကလည်း ဆီးအိမ်နှင့် ဆီးကျိတ်ကင်ဆာများကို စစ်ဆေး အဖြေရှာသင့်ပါတယ်။

(၈)  နာတာရှည် ချောင်းဆိုးခြင်းနှင့် အသံသြလာခြင်း
ရက်ဆက်ခြောင်းဆိုးနေခြင်း၊ ရင်ဘတ်နှင့် ကျောဘတ်အောင့်ခြင်းတို့ ဖြစ်ပေါ်ပါက မပေါ့ဆသင့်တဲ့လက္ခဏာပဲ ဖြစ်ပါတယ်။

(၉)  ပုံမှန်မဟုတ်သေ ာသွေးယိုခြင်းများ
ချောင်းဆိုးစဉ် သွေးပါခြင်း၊ သွေးဝမ်းသွားခြင်း၊ မိန်းမကိုယ်မှ သွေးဆင်းခြင်းစတဲ့ ပုံမှန်မဟုတ်သော သွေးယိုခြင်းတိုင်းဟာ စစ်ဆေးကြည့်ရှုရမယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁၀)  အစာမကြေခြင်း၊ အစာမျိုရ ခက်ခဲခြင်း
နာတာရှည် အစာမကြေခြင်းဟာ အစာရေမျို၊ အစာအိမ်နှင့် လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
သင့်တွင် အထက်ပါလက္ခဏာများ ဖြစ်ပေါ်နေပြီဆိုတာနှင့် မပေါ့ဆဘဲ ဆရာဝန်ထံ ပြသဖို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)